ရန်ကုန် – ၂၀၂၀ မတ် ၂၄ (မော်ကွန်း)
မြန်မာနိုင်ငံရှိ အကျဉ်းထောင်များတွင် COVID-19 ကူးစက်မှုကာကွယ်ရေးအတွက် ရံပုံငွေထားရှိဆောင်ရွက်နေသည်ဟု နေပြည်တော်၊ အကျဉ်းဦးစီးဌာနရုံးက ဒုတိယညွှန်ကြားရေးမှူး ဦးရဲရင့်နိုင်ကပြောသည်။
ထိုသို့ ရံပုံငွေထားရှိရာတွင် တစ်လလျင် ဗဟိုအဆင့် အကျဉ်းထောင်များအတွက် ကျပ်သိန်း ၅၀ နှင့် (က) အဆင့် အကျဉ်းထောင်များအတွက် ကျပ်သိန်း ၂၀ သတ်မှတ်ထားပြီး ယင်းရံပုံငွေထဲမှ လိုအပ်သည့် ဆေးဝါးများ၊ နှာခေါင်းစီးများ၊ ပိုးသတ်ဆေးများကို ဝယ်ယူအသုံးပြုနေသည်ဟု ၎င်းက ဆိုသည်။
“ စလုပ်တာ နှစ်လလောက်ရှိနေပြီ။ လစဉ်စာရင်းစစ်လို့ သတ်မှတ်ရံပုံငွေပမာဏထက် လျော့နည်းသွားပြီဆိုတာနဲ့ ပြည့်အောင် ပြန်ဖြည့်ပေးနေပါတယ်။ လိုအပ်လာရင်လည်း ကျန်းမာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး ဒီထက်မက တိုးချဲ့ ဆောင်ရွက်သွားမှာပါ” ဟု ဦးရဲရင့်နိုင်ကပြောသည်။
လက်တလောတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နဲ့အညီ တရားရုံးထုတ်လာသူများနှင့် ထောင်ဝင်စာလာတွေ့သူများကို အပူချိန်စစ်ဆေးခြင်း၊ ထောင်ဝင်စာတွေ့သည့် နေရာများကို ပိုးသတ်ဆေးဖြန်းခြင်း ၊ အကျဉ်းသားများထဲမှ သံသယလူနာများကို ကျန်းမာရေးဦးစီးဌာနထံသို့ ချက်ချင်းလွှဲပြောင်းပေးနိုင်ရေး စသည်များကို စီစဉ်ထားသည်ဟုလည်း ၎င်းက ဆက်ပြောသည်။
အင်းစိန် ဗဟိုအကျဉ်းထောင်တွင် ထောင်ဝင်စာတွေ့နေသည့် ဦးအေးလွင်က ယခုရက်ပိုင်းအတွင်း လက်ဆေးခြင်း၊ ကိုယ်အပူချိန်စစ်ဆေးခြင်း လုပ်ကြရပြီး ထောင်ဝင်စာတွေ့ခြင်းကိုလည်း တစ်ပတ်လျှင် တစ်ရက်သာ လာရောက် တွေ့ဆုံ ကြရန် ထောင်အာဏာပိုင်များက မေတ္တာရပ်ခံသည်ကို ကြုံရသည်ဟု မော်ကွန်းကို ပြောသည်။
“ရောဂါမကူးစက်ရေးအတွက် ရံပုံငွေသိန်း ၅၀ ထားရှိတယ်ဆိုတာ ပြီးခဲ့တဲ့လက ကြေညာလို့ သိလိုက်ရတယ်။ ထောင်ထဲ မှာ ဘယ်လိုဖြန့်ဖြူးနေတယ်ဆိုတာတော့ အသေးစိတ်မေးမကြည့်ရသေးဘူး။ လက်ဆေးဘေစင်တွေ၊ ဆပ်ပြာတွေလုပ်ထားတယ်လို့တော့ သိရတယ်။” ဟု ၎င်းက ပြောသည်။
ထို့အပြင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ရောဂါကြိုတင်ကာကွယ်ရေးအဖြစ် လူတစ်ဦးနှင့်တစ်ဦး သုံးပေ အကွာတွင် နေရန်ညွှန်ကြားသော်လည်း အကျဉ်းထောင်အတွင်းတွင် အကျဉ်းသားများအနေဖြင့် တစ်ပေခန့်အကွာသာ ခြားနေရသည်ဟု သိရသဖြင့် ညွှန်ကြားချက်အတိုင်း သုံးပေအကွာအထိ ခြားထားပေးရန် အကျဉ်းဦးစီးဌာနကို ပြီးခဲ့သည့် တစ်ပတ်က အကြံပြုစာပေးခဲ့ကြောင်း ဦးအေးလွင်က ပြောပြသည်။
အင်းစိန်ဗဟိုအကျဉ်းထောင်၏ အများဆုံးလက်ခံနိုင်သော အကျဉ်းသားအရေအတွက်မှာ ၇,၀၀၀ ကျော်မှ ၈,၀၀၀ အထိ သာ ဖြစ်သော် လည်း အမှန်တကယ်ရှိနေသော အကျဉ်းသားအရေအတွက်မှာ ခန့်မှန်းချေ ၁၀,၀၀၀ ကျော်ရှိနေသောကြောင့် အကျဉ်း ထောင်များတွင် ဝင်ဆံ့သည့် အကျဉ်းသားပမာဏထက် များပြားမှုလည်းရှိနေသည်ဟု အကျဉ်းဦးစီးဌာနရုံးချုပ်၏ ဒုတိယ ညွှန်ကြားရေးမှူး ဦးရဲရင့်နိုင်က ပြောသည်။
မြန်မာနိုင်ငံတွင် အင်းစိန်၊ မန္တလေး၊ သာယာဝတီ စသည့် ဗဟိုအကျဉ်းထောင် သုံးခုနှင့် ပြည်နယ်နှင့်တိုင်း ၁၄ ခုတွင် (က) အဆင့်အကျဉ်းထောင် ၃၂ ခုရှိသည်ဟု မြန်မာနိုင်ငံအကျဉ်းဦးစီးဌာန၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
ပုံစာ- အင်းစိန်အကျဉ်းထောင်
ဓါတ်ပုံ- အောင်ပိုင်
#Dailynews