သြင်္ကန်မိုးဇာတ်ကောင်ကိုငြိမ်းမောင်ရဲ့သရုပ်မှန်စန္ဒရားသိမ်းမောင်

သြင်္ကန်မိုးဇာတ်ကောင်ကိုငြိမ်းမောင်ရဲ့သရုပ်မှန်စန္ဒရားသိမ်းမောင်

၂၀၁၈ ဧပြီလထုတ် မော်ကွန်းမဂ္ဂဇင်းအမှတ် (၅၅) မှ Profile ဆောင်းပါးဖြစ်ပါသည်။

သက်ဦးမွန်ရေးသည်။

သြင်္ကန်နီးလာပြီဆိုရင် ရုပ်သံလိုင်းတွေမှာ နှစ်စဉ်နီးပါးပြသတဲ့ ဇာတ်ကားတစ်ကားရှိပါတယ်။ ပရိသတ်တွေကလည်း  နှစ်စဉ် ပြသနေတဲ့ အဲဒီဇာတ်ကားကို တခုတ်တရ စောင့်မျှော်ကြည့်ရှုကြတယ်။

မန္တလေးသြင်္ကန်ကာလကို နောက်ခံထားပြီး သြင်္ကန်အကအလှတွေ၊  တေးသွားတွေနဲ့ လှလှပပ မြိုင်မြိုင်ဆိုင်ဆိုင် ပုံဖော်ထားတဲ့ ဇာတ်ကားတစ်ကားပါ။  ရုပ်ရှင်လောကမှာလည်း ဂန္ထဝင်မြောက်တဲ့ အနုပညာဖန်တီးမှုအဖြစ် အနုပညာရှင်တွေက သတ်မှတ်ထားကြတယ်။

သရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်ပိုင်နိုင်မှု ၊ အပြင်အဆင်၊ မန္တလေးသြင်္ကန် အကအလှ၊ ဒီကနေ့ခေတ်တိုင်အောင် ကျော်ကြားနေတဲ့ သီချင်းတွေနဲ့ ဒီရုပ်ရှင်ဟာ နှစ်ပေါင်းသုံးဆယ်ကျော်အထိ ပရိသတ်တွေကို ဆွဲဆောင်နေနိုင်တုန်းပဲ။

အဆိုပါဇာတ်ကားကတော့ စန္ဒရားဆရာကြီး ကိုငြိမ်းမောင်အဖြစ် မင်းသားနေအောင်က သရုပ်ဆောင်ထားတဲ့ ‘သြင်္ကန်မိုး’ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်။ ဒါရိုက်တာ မောင်တင်ဦး ရိုက်ကူးခဲ့တာဖြစ်ပြီး မင်းသားနေအောင်၊ ဇော်ဝမ်း၊ ဇင်ဝိုင်းနဲ့ မင်းသမီး ခင်သန်းနုနဲ့ မေသန်းနုတို့က အဓိကပါဝင် သရုပ်ဆောင်ထားကြပါတယ်။

 

စန္ဒရားသိမ်းမောင် (Photo: Thet Oo Mon)

စန္ဒရားသိမ်းမောင် (Photo: Thet Oo Mon)

ဒီဇာတ်လမ်းကို ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဒါရိုက်တာ မောင်တင်ဦးက ဒီဇာတ်လမ်းထဲက အဓိကဇာတ်ဆောင် စန္ဒရား ကိုငြိမ်းမောင်ဟာ အပြင်မှာ တကယ်ရှိတဲ့ မန္တလေးမြို့မဂီတအသင်းကြီးက စန္ဒရားဆရာတစ်ယောက်ရဲ့ ဇာတ်လမ်းကို အမှီပြုပြီး ရိုက်ကူးခဲ့တာလို့ လွန်ခဲ့တဲ့ ၁ဝ နှစ်ကျော်က ပြုလုပ်ခဲ့တဲ့ တေးဂီတမိတ်ဆက်ပွဲတစ်ခုမှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အဲဒီပွဲမှာ အဆိုပါ စန္ဒရားဆရာကြီးလည်း ရှိနေခဲ့ပါတယ်။

သူက ဒါရိုက်တာမောင်တင်ဦးရဲ့ ငယ်သူငယ်ချင်းလည်း ဖြစ်ပါတယ်။ ဒီစန္ဒရားဆရာကြီးရဲ့ ဇာတ်လမ်းကို အစအဆုံး သိနေတဲ့ ကဗျာဆရာဦးတင်မိုး(ကိုဘဂျမ်း)က ဒါရိုက်တာမောင်တင်ဦးကို ပြောပြခဲ့ရာကနေ အစပြုလာခဲ့တဲ့ ဇာတ်ကားတစ်ခုလည်း ဖြစ်ပါတယ်။

သူကတော့ ဦးသိမ်းမောင်ပဲ ဖြစ်ပါတယ်။ သူနဲ့ ပြီးခဲ့တဲ့နှစ် ဇွန်လက တွေ့ဆုံမေးမြန်းခွင့်ရခဲ့ပါတယ်။ သူ့တပည့်တစ်ဦး ဖွင့်လှစ်ထားတဲ့ စန္ဒရားသင်တန်းကို အကြံပေးရင်း သင်တန်းပိတ်ရက်တွေဆို စန္ဒရား လာရောက်တီးခတ်နေချိန်တုန်းကပါ။

အသက် ၇ဝ ကျော်အရွယ် သူ့ပုံစံက အသားလတ်လတ်၊ ပိန်ပိန်ပါးပါး၊ အရပ်က ၅ ပေနဲ့ ၃ လက်မ။ စကားပြောရင် ခပ်မြန်မြန်။ ဆေးလိပ်ကို ကြိုက်နှစ်သက်ပြီး စကားပြောရင်း ဆေးလိပ်ကလေးသောက်ရင်းနဲ့ သူ့ဘဝအကြောင်းကို ပြန်ပြောပြပါတယ်။ သူ့ဇာတ်ကြောင်းကို သိရတဲ့အခါမှာတော့ သြင်္ကန်မိုး ရုပ်ရှင်ထဲမှာ ပုံဖော်ထားတဲ့ ကိုငြိမ်းမောင်ထက် စိတ်ဝင်စားဖို့ ကောင်းတာကို သိခွင့်ခဲ့ရပါတယ်။

အနုပညာ အသိုင်းအဝိုင်း

သူ့ဇာတိက ရေစကြိုမြို့နယ်က ဖြစ်ပါတယ်။ သူ့မွေးနေ့ကို မေးကြည့်တော့ အတိအကျမသိဘူး။ မှတ်မိသလောက် ဒုတိယ ကမ္ဘာစစ်ပြီးခါစ ၁၉၄၅ လောက် ဖြစ်မယ်လို့ ခန့်မှန်းပြောပြတယ်။ စစ်ဘေးစစ်ဒဏ်က သူတို့မြို့နယ်သာမက ရွာတွေ၊ အိမ်တွေထဲထိ ရောက်ရှိနေချိန်ပါ။ သူ့ရဲ့မွေးဇာတာက စစ်ဒဏ်ကြောင့် အိမ်မီးလောင်တဲ့အထဲ ပါသွားတယ်လို့ ဆိုပါတယ်။

သူ့အသက် သုံးနှစ်အရွယ်မှာ အဖေဖြစ်သူက ဆုံးပါးသွားခဲ့ပါတယ်။ အမေဖြစ်သူက တစ်ပင်လဲမူ တစ်ပင်ထူဆိုတဲ့အတိုင်း နောက်အိမ်ထောင်ပြုလိုက်ပါတယ်။ သူ့ကိုတော့  သူ့ဦးကြီးတွေက မန္တလေးကို ခေါ်လာခဲ့တယ်။ မောင်နှမတွေကတော့ ရေစကြိုမှာ ကျန်ခဲ့တယ်လို့ သူကဆိုတယ်။

အဲဒီအချိန် လမ်းပန်းဆက်သွယ်ရေးကလည်း မကောင်းသေးချိန်။ ရေစကြိုကနေ မြင်းခြံ၊ မြင်းခြံကနေ မန္တလေးကို သင်္ဘောစီးပြီး လာခဲ့ရတယ်လို့ ဦးသိမ်းမောင်က ပြန်ပြောပြတယ်။ မန္တလေးရောက်တဲ့အခါ ဦးလေးဖြစ်သူက သူ့ကို ၂၈ လမ်းနဲ့ လမ်း ၈ဝ ထောင့်၊ ရှေ့တော်ပြေးဝင်းမြောက်ပေါက်က ခေါက်ဆွဲရောင်းတဲ့ တရုတ်မကြီးဆီ မွေးစားဖို့ ပို့ခဲ့ပါတယ်။

အဲဒီမှာ ကြီးပြင်းရခြင်းက ဦးသိမ်းမောင်တစ်ယောက် ဂီတလမ်းပေါ်ကို စလျှောက်ဖို့ အကြောင်းဖန်ခဲ့ခြင်းပါပဲ။ ဘာလို့လဲဆိုတော့ အဲဒီနေရာက မန္တလေးမြို့မဂီတအသင်းကြီးကို တည်ထောင်ခဲ့သူ ဂီတပညာရှင်ကြီး ဆရာမြို့မငြိမ်း အိမ်နဲ့ ဓားလွယ်ခုတ်မှာ ရှိနေပါတယ်။

နိုင်ငံကျော်တေးပြုပုဂ္ဂိုလ် အလင်္ကာကျော်စွာမြို့မငြိမ်းကို တစ်ခေတ်မှာ တစ်ယောက်ပေါ်ထွန်းခဲတဲ့ ဂီတပညာရှင်အဖြစ်  သတ်မှတ်ထားကြပါတယ်။ ဆရာက မြန်မာ့ဂီတရဲ့ ပင်ကိုမူလ၊ ယဉ်ကျေးမှုအမွေအနှစ်တွေကို အခြေခံပြီး ခေတ်ပေါ်တူရိယာတွေ၊ ထိုတူရိယာတွေကို တီးမှုတ်သီဆိုမှုစနစ်ဖြစ်တဲ့ သင်္ကေတစနစ်ကို ငယ်စဉ်ကတည်းက အထူးလိုက်စားခဲ့တဲ့သူတစ်ဦး ဖြစ်ပါတယ်။

ဆရာမြို့မငြိမ်းနေတဲ့အိမ်နဲ့ မလှမ်းမကမ်းမှာရှိတဲ့ ရှေ့တော်ပြေးဝင်းထဲမှာ နာမည်ကျော် ပန်းချီဆရာကြီး ဦးဘသက်လည်း နေထိုင်ပါတယ်။ ပန်းချီပညာရှင်ပေါင်းများစွာကို မွေးထုတ်ပေးခဲ့တဲ့ ပန်းချီဆရာကြီးတစ်ဦးပါ။ ထိုထဲက ပန်းချီဆရာကြီး ပေါ်ဦးသက်၊ ပန်းချီဆရာ ရုပ်ရှင်ဒါရိုက်တာ ဦးဝင်းဖေတို့မှာ ထင်ရှားလှပါတယ်။ သူတို့က ဦးသိမ်းမောင်နဲ့ ငယ်သူငယ်ချင်းလည်း ဖြစ်ပါတယ်။

မောင်သိမ်းမောင် မွေးစားအမေဆိုင်မှာ ဆရာမြို့မငြိမ်းနဲ့ အတူ ရှေးမြို့မအသိုင်းအဝိုင်းက လူကြီးတွေ၊ ဂီတပညာရှင်တွေက  ညစဉ်လိုလို ခေါက်ဆွဲလာစား၊ ထမင်းလာစားကြရင်း စကားတွေ ဝိုင်းဖွဲ့ကြ၊ ဂီတအကြောင်းတွေ ဆွေးနွေးကြပါတယ်။ အဲဒီအချိန် ကလေးသာသာအရွယ် မောင်သိမ်းမောင်က လူကြီးတွေ ခိုင်းတာကို လက်တိုလက်တောင်း လုပ်ပေးရပါတယ်။

”တံငါနားနီးတံငါ မုဆိုးနားနီး မုဆိုးဆိုသလိုပဲ ဘကြီးသက်တို့ အနုပညာအသိုင်းအဝိုင်းမှာ အနုပညာပိုးက စဝင်နေပြီ”လို့ သူက ဆိုတယ်။

မန္တလေးမှာ အဲဒီအချိန်က လျှပ်စစ်မီးလည်း မရှိသေးဘူး။ လမ်းတွေကလည်း ”မြေလမ်းတွေ၊ တကယ့်တောလမ်းကြီးတွေတချို့မှန်အိမ်လေးတွေနဲ့၊ ဆိုင်တွေဆိုရင်တော့ အောက်လင်းဓာတ်မီးကြီးတွေသုံးတာပေါ့”လို့ မန္တလေးမြို့ရဲ့ အခြေအနေကို ဦးသိမ်းမောင်က ပြန်ပြောပြတယ်။

ပန်တျာကျောင်းသား

ဒီလိုနေလာရင်း အသက် ၁ဝ နှစ်ကျော်လာတဲ့အချိန် စန္ဒရားသင်ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ သူ့မှာ နဂိုကတည်းက  စန္ဒရားတီးချင်တဲ့ အာသီသကလည်း ရှိနေခဲ့တယ်။ စန္ဒရားပြင်တဲ့ ဆိုင်တွေ၊ သင်တဲ့နေရာတွေတွေ့တိုင်း အဲဒီစန္ဒရားကြီးတွေကို တီးချင်နေခဲ့တာလို့ ဦးသိမ်းမောင်က ဆိုပါတယ်။

၁၉၅၃  မန္တလေးမှာ ပန်တျာကျောင်း လာဖွင့်ပါတယ်။ သူက စန္ဒရားသင်ဖို့ ပန်တျာကျောင်းမှာ စာရင်းသွင်းလိုက်တယ်။ အသက်က ၁ဝ နှစ်သာသာပဲရှိသေးတယ်။  ဒါပေမဲ့ ကျောင်းအပ်တော့ ၁၄ နှစ်ကျော်ဆိုပြီး အပ်လိုက်ပါတယ်။ ကျောင်းအပ်ပေးတဲ့သူက ဆရာမြို့မငြိမ်းရဲ့ဇနီး ဖြစ်ပါတယ်။ အမေတစ်ယောက်လိုပဲ သူ့ကိုဂရုတစိုက် စောင့်ရှောက်ခဲ့သူတစ်ဦးလို့ ဦးသိမ်းမောင်က ပြန်ပြောပြတယ်။

ကျောင်းတက်ခွင့်ရတာဟာ ”မီးခြစ်နဲ့ လောင်စာကလေးနဲ့ ဆတ်ခနဲသွားထိလိုက်တာပဲ”လို့ သူက ခိုင်းနှိုင်းပြောပြပါတယ်။

ကျောင်းစစတက်ချင်း စန္ဒရားမတီးရသေးပါဘူး။ ပတ္တလားကို တစ်နှစ်လောက် အတီးသင်ရပါတယ်။ ပြီးတော့မှ စန္ဒရား သင်ရပါတယ်။ လက်ဦးဆရာက အလင်္ကာကျော်စွာ ဦးဘကလေး ဖြစ်ပါတယ်။ ဒီလို ကျောင်းမှာသင်နေရင်း မြို့မတူရိယာ အသင်းကြီးမှာလည်း သင်္ကေတနဲ့ အနောက်တိုင်း စန္ဒရားတီးနည်းတွေကို လေ့လာပြီး အတီးလေ့ကျင့်ပါတယ်။ ပန်တျာကျောင်းက သုံးနှစ် တက်ရပါတယ်။

ကျောင်းပြီးတော့ မြို့မမှာ စန္ဒရားဆရာကလေးဖြစ်နေပါပြီ။ အဲဒီအချိန် ဆရာမြို့မငြိမ်းကတော့ ဆုံးပါးသွားခဲ့ပါပြီ။ ဆရာမြို့မငြိမ်းဆီက ဂီတပညာသင်ယူဖို့ စိုင်းပြင်နေတုန်းမှာပဲ ဆရာဟာ လူ့လောကထဲက ထွက်ခွာသွားခဲ့တာလို့ ဦးသိမ်းမောင်က ဆိုပါတယ်။

သူ ပညာထပ်ဆည်းပူးရတဲ့သူက ဒါးတန်းဦးသန့်လို့ခေါ်တဲ့ ဂီတပညာရှင်ကြီးပါ။ မန္တလေးမြို့ ၈၄ လမ်း ဈေးချိုမြောက်ဘက် မှာရှိတဲ့ ဒါးတန်းအရပ်မှာ နေတဲ့အတွက် ဒါးတန်းဦးသန့်လို့ ခေါ် ကြတာပါ။ ဒါရိုက်တာကြီး ဦးသုခ ရိုက်ကူးခဲ့တဲ့ ‘ဘဝသံသရာ’ဆိုတဲ့ ရုပ်ရှင်ကို ရိုက်ကူးထုတ်လုပ်ခဲ့တဲ့ မန္တလေးရုပ်ရှင်ကို တည်ထောင်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

ဒါးတန်းဦးသန့်ဟာ အစဉ်အလာအရ သီချင်းတွေ ၊ အကြားအာရုံတွေနဲ့ သင်ကြားတီးမှုတ်လာကြတဲ့ မြန်မာဂီတကို အနောက်တိုင်းက ဂီတသင်္ကေတတွေနဲ့ စနစ်တကျ မှတ်တမ်းတင် တီထွင်ဆန်းသစ်ခဲ့တဲ့ ဂီတပညာရှင်ကြီးတစ်ဦးဖြစ်ပြီး မြန်မာဂီတကိုသာမကမ္ဘာ့ဂီတကိုပါ ကျွမ်းကျင်နှံ့စပ်ကာ ဆရာမြို့မငြိမ်းနဲ့အတူ အတွဲညီညီ အနုပညာတွေကို ဖန်တီးခဲ့သူတစ်ဦးပါ။

အဲဒီခေတ်ကာလတုန်းက ပတ္တလားတီးကွက်ကို စန္ဒရားသံနဲ့ လက်ဆိုရင်လည်း ဘယ်လက် ညာလက် တွဲတီးနေချိန်မှာ ဆရာမြို့မငြိမ်းနဲ့ ဦးသန့်တို့က အနောက်တိုင်းဟန်တွေ စနစ်တွေနဲ့ ဘယ်လက် ညာလက် တစ်မျိုးစီ တီးကွက်တွေကို စတင်တီထွင်ခဲ့သူလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ တီထွင်တီးခတ်သလို အခြားသူတွေ မတီးတတ်ကြဘူးလို့ ဦးသိမ်းမောင်က ပြန်ပြောပြ ပါတယ်။

ထိုပုဂ္ဂိုလ်များဟာ မြန်မာဂီတလို့ဆိုလျှင် ယနေ့အထိ တေးသီချင်းတွေလို့သာ ထင်မြင်နေကြတဲ့ မြန်မာပြည်မှာ ဂီတဆိုတာဟာ စာသားလုံးဝမပါဘဲ တူရိယာတွေရဲ့ အသံတွေပေါင်းစပ်ဖွဲ့စည်းမှု အသံအတိုးအကျယ် အလေးအပေါ့ အနှေးအမြန်တွေနဲ့ သရုပ်ဖော်ပြီး ခံစားတီးခတ်ရကြောင်းကို သိရှိနားလည် ဆောင်ရွက်ခဲ့ကြတဲ့ ဂီတပညာရှင်တွေလို့ သူက ဆိုပါတယ်။

ထိုသဘောတရားတွေကို နားလည်တတ်ကျွမ်းပြီး တီထွင်ခဲ့ကြပေမယ့် အားဖြည့်တီးခတ်ပေးမယ့်သူ၊ တီးတတ်တဲ့သူတွေ မရှိတဲ့အခါမှာတော့ စိတ်ဓာတ်တွေကျလာပြီး ဆရာမြို့မငြိမ်းဆိုလျှင် လူ့လောကကို စွန့်ခွာသည်အထိ ထိခိုက်ခံစားခဲ့ရတယ်လို့ ဦးသိမ်းမောင်က ပြောပြပါတယ်။

”ဗမာပြည်မှာ ကမ္ဘာ့သင်္ကေတနုတ်တွေ မသုံးသလောက်ဘဲ၊ မတတ်သလောက်ဘဲလို့ ပြောလို့ရတယ်။ အဲဒီတော့ တေးသွားတွေက အမှားမှားအယွင်းယွင်းတွေ ဖြစ်တယ်။ ခေတ်မီနည်းတွေနဲ့ မြန်မာ့ရိုးရာယဉ်ကျေးမှု တေးဂီတတွေကို ကမ္ဘာ့သုံး သင်္ကေတတွေနဲ့ ထိန်းသိမ်းသင့်တယ်”လို့ ဦးသိမ်းမောင်က ဆိုပါတယ်။

ကံကောင်းမှုအဖြစ် ဒါးတန်းဦးသန့်ဆီကနေ စန္ဒရားပညာ၊ ဂီတပညာ အမွေရလိုက်ပါတယ်။ အလွတ်မှတ် တီးဖို့ထက် ဂီတတွေကို ဘယ်လိုဖန်တီးရမယ်ဆိုတဲ့ အတွေးအခေါ်ပိုင်းတွေကို ဒါးတန်းဦးသန့်ဆီက သင်ယူခဲ့ရပြီး ကျေးဇူးရှင်ဆရာအဖြစ် သူက သတ်မှတ်ထားပါတယ်။

”ဒါးတန်းဦးသန့်က တီးတာထက် ခံယူချက်နဲ့ တွေးတာကို သင်ပေးတာ”လို့ သူက ဆိုပါတယ်။

ဒါ့အပြင် ဒါးတန်းဦးသန့်က စန္ဒရားပညာကို မန္တလေးတက္ကသိုလ်ဝင်းအတွင်းမှာရှိတဲ့ အမေရိကန်စန္ဒရားဆရာမကြီး မြူရီရယ်ဝီလီယမ်ဆင်ထံ သူ့ကိုအပ်ပေးပြီး သင်ကြားစေပါတယ်။

သူကြိုက်နှစ်သက်တဲ့ အနောက်တိုင်းက ဂီတပညာရှင် တွေကတော့ ကမ္ဘာကျော် ဂီတပညာရှင် ဂျာမန်လူမျိုး ဘီသိုဗင် (Beethoven)၊ ရုရှားစန္ဒရားပညာရှင် ရက်ချမဲန်နီနော့ဖ် (Rachmaninoff) တို့ ဖြစ်ပြီး သူတို့ရဲ့ တီးကွက်များကို နားထောင်လေ့ကျင့် သုတေသနပြု တီးခတ်ပါတယ်။

”ဒီကလူတွေက သီချင်းပါမှဆိုပြီး သီချင်းစာသားလေးနဲ့ သွားနေတာ။ ဂီတဆိုတာ အဆို မပါဘူး။ အသံတွေကနေပြီးတော့ ခေါ်သွားတာပေါ့”လို့ ဦးသိမ်းမောင်က ဆိုပါတယ်။

”အသံတွေမှာ အလေးရှိတယ်၊ အပေါ့ရှိတယ်၊ အပြတ် ရှိတယ်၊ အဖွရှိတယ်၊ အရှည်ရှိတယ်၊ အတိုရှိတယ်။ မီးရထားကြီး တစ်စင်းမောင်းတယ်မို့လား။ ဒါတွေက အသံရဲ့ ရသခေါ်တာပေါ့”

ဂီတဆိုတာဟာ လူတွေအတွက် စိတ်အာဟာရဖြစ်စေတဲ့အရာလို့ သူက အဓိပ္ပာယ်ဖွင့်ဆိုပါတယ်။

စန္ဒရားသိမ်းမောင် (Photo: Thet Oo Mon)

မြို့မက စန္ဒရားဆရာကလေး

ဆရာမြို့မငြိမ်း ကွယ်လွန်ပြီးနောက်ပိုင်း မောင်သိမ်းမောင်တို့အဖွဲ့က မြို့မလူသစ်တန်းတွေ ဖြစ်လာပါတယ်။ အဖွဲ့မှာ အနယ်နယ်အရပ်ရပ်က ပွဲတွေဖိတ်တဲ့အခါ လှည့်လည်ပြီးတီးပေးရပါတယ်။ သြင်္ကန်ဆိုရင်လည်းထုံးစံမပျက် မန္တလေးမှာ သီချင်းတိုက်၊ အကတိုက်၊ တီးဝိုင်းတိုက်နဲ့ ပွဲတွေ ဆက်တိုက်ဆိုသလိုပါပဲ။

သူ့အနေနဲ့ ဆရာဖြစ်သူ ဒါးတန်းဦးသန့်ဆီမှာ ဂီတသဘောတရားတွေ၊ စန္ဒရားပညာတွေသင်ရင်း၊ ပွဲတွေ တီးရင်းနဲ့ အဲဒီအချိန်တုန်းက တစ်နေ့ကို စန္ဒရားချည်း ငါးနာရီ၊ ခြောက်နာရီ လောက်ကို လေးငါးနှစ်ဆက်တိုက် လေ့ကျင့်တီးခတ်ခဲ့ရတယ်လို့ ဆိုပါတယ်။

ထိုသို့ ဖြေဖျော်ပွဲတင်မကဘဲ ရုပ်ရှင်တွေရဲ့ တေးဂီတပိုင်းတွေမှာပါ မြို့မအသင်းအနေနဲ့ တီးမှုတ်ရပါတယ်။ ဆရာမြို့မငြိမ်းတို့ ရှိစဉ်ကတည်းပါ ။

၁၉၅၈ လောက်မှာတော့ ကိုသိမ်းမောင်တစ်ယောက် ရန်ကုန်ကို စန္ဒရားတီးဖို့ ရောက်ခဲ့ပါတယ်။ ဇမ္ဗူအေးရုပ်ရှင်က မင်းသားကြီးနေဝင်း ခေါင်းဆောင်ရိုက်ကူးမယ့် ‘ကောလိပ်ဂျင်’ဇာတ်ကားအတွက် မြို့မအဖွဲ့က တေးဂီတပိုင်းဆိုင်ရာ တာဝန်ယူပေးဖို့ပါ။

ထိုဇာတ်ကားက ကောလိပ်ဂျင်နေဝင်းဆိုပြီး နာမည်တစ်လုံးထွက်ခဲ့သည်အထိ ထင်ရှားခဲ့ပါတယ်။  ၁၉၅၈-၅၉ ဝန်းကျင်မှာတော့ မန္တလေးနဲ့ ရန်ကုန် စုန်ချည်ဆန်ချည် သွားလာနေရပြီး ရုပ်ရှင်ဇာတ်ကားတွေအတွက် တီးပေးနေရချိန်ဖြစ်ပါတယ်။

၁၉၆၂ ကျော်မှာတော့ ကိုသိမ်းမောင်တစ်ယောက် မြို့မအသင်းနဲ့ ခေတ္တခွဲခွာဖို့ ကြုံလာပါတယ်။ ထိုအချိန်က မြို့မကို ဦးဆောင်နေသူနဲ့ ပုဂ္ဂိုလ်ရေး အဆင်မပြေမှုကြောင့် ဖြစ်တယ်လို့ သူကဆိုတယ်။ မြို့မကနေ ထွက်ပြီး မန္တလေးတစ်လှည့်နေ ရန်ကုန်မှာ တစ်လှည့်နေပြီး အနုပညာမိတ်ဆွေတွေနဲ့ ကျင်လည်နေခဲ့ပါတယ်။

အဲဒီအချိန်တုန်းက မှတ်မှတ်ရရ အဖြစ်အပျက်တစ်ခုကို ပြန်ပြောပါတယ်။ သူ စန္ဒရားတီးပြရတဲ့ ပုဂ္ဂိုလ်တစ်ဦးအကြောင်းပါ။ ထိုပုဂ္ဂိုလ်က မြန်မာနိုင်ငံရဲ့ ဝန်ကြီးချုပ်ဟောင်း ဦးနုပါပဲ။ ဦးနုက သူ့ရဲ့အကြောင်းကြားသိပြီး သူ့ရဲ့စန္ဒရားလက်သံကို နားထောင်ချင်တာကြောင့် သွားရောက်တီးပြခဲ့ရပါတယ်။ သူ့လက်သံနဲ့ စန္ဒရားစွမ်းရည်ကို ဦးနုက ချီးမွမ်းခဲ့တယ်လို့ ဦးသိမ်းမောင်က ပြန်ပြောပြပါတယ်။

အဲဒီအချိန်မှာ အထက်တန်းကျောင်းတစ်ခုမှာ ကျောင်းတက်လိုက်ပါသေးတယ်။ မန္တလေးမှာ ညကျောင်းတက်ခဲ့ပြီး နောက် ကျောင်းပညာကို ပြန်လည်သင်ယူတာပါ။ ဒါပေမဲ့ အထက်တန်းမပြီးခဲ့ပါဘူး။ ကျောင်းစာထက် အပြင်စာပေဗဟုသုတပညာတွေကို သူက ပိုလေ့လာလိုက်စားဖြစ်တယ်လို့ ဆိုပါတယ်။

”ကျွန်တော်က စာကောင်းကောင်းမသင်ခဲ့ရဘူး။ ဒါပေမဲ့ စာသိပ်ဖတ်တာ”လို့ သူက ဆိုတယ်။

ငယ်စဉ်ကတည်းက သူနေထိုင်တဲ့ မန္တလေးရှိ အိမ်အနီးက စာကြည့်တိုက်တစ်ခုမှာ အသင်းဝင်ပြီး ပြင်ပစာပေတွေကို တော်တော်များများ ဖတ်ခဲ့လေ့လာခဲ့ပါတယ်။

၁၉၆၄ နောက်ပိုင်းမှာတော့ မြို့မအသင်းကို ပြန်လည်ဝင်ရောက်ပါတယ်။ ယခင် မြို့မလူဟောင်းတွေနဲ့ သင်းလုံးကျွတ် အစည်းအဝေး ပြုလုပ်ပြီး လက်ရှိ မြို့မအသင်းကို ဆရာမြို့မငြိမ်းကွယ်လွန်ပြီးနောက် လူတစ်ဦးတစ်ယောက်လက်ထဲမှာ ရှိနေတာဟာ မသင့်တော်တာကြောင့် အဖွဲ့ကို အများပိုင်၊ မြို့ပိုင်အဖြစ် ပြန်လည်ထားရှိဖို့ ဆောင်ရွက်ခဲ့ကြပါတယ်။

အသင်းနေရာကိုလည်း မူလတည်ရှိရာ ဒါးတန်းရပ်ကို ပြန်လည်ရွှေ့ပြောင်းကြပြီး လူသစ်လူဟောင်းတွေနဲ့ မြို့မကို ပြန်လည် အသက်သွင်းခဲ့ကြပါတယ်။

အဲဒီအချိန် မြို့မနဲ့ ပူးပေါင်းလာသူက နိုင်ငံကျော်အဆိုတော် ရုပ်ရှင်မင်းသားကြီး ဝင်းဦးဖြစ်ပြီး ဆရာမြို့မငြိမ်း ဖန်တီးခဲ့တဲ့ သီချင်းတွေကို မန္တလေးသြင်္ကန်ညတွေမှာ စန္ဒရားကိုသိမ်းမောင်နဲ့အတူ မြို့မတူရိယာအဖွဲ့ကတီး၊ မင်းသားကြီးဝင်းဦးက သီဆိုခဲ့တာဟာ နိုင်ငံတစ်ဝန်း ဟိုးလေးတကျော်ကျော် အောင်မြင်ခဲ့ကြပါတယ်။

သြင်္ကန်မိုး အစပြုရာ

အဲဒီနှစ်ကာလတွေမှာပဲ နာမည်ကျော် သြင်္ကန်မိုးဇာတ်လမ်းအစပြုရာ စန္ဒရားဆရာ ကိုသိမ်းမောင်ရဲ့ နှလုံးသားဇာတ်လမ်းတစ်ခုလည်း မွေးဖွားခဲ့ပါတယ်။ သူ စန္ဒရားသင်ပေးရတဲ့ တပည့်မကလေးပဲလို့ ဦးသိမ်းမောင်က ပြန်ပြောပြတယ်။

”ဆရာငြိမ်းအိမ်မှာတွေ့တယ်။ စန္ဒရားသင်ပေးခဲ့တဲ့ တပည့်ပါပဲ”လို့ သူက ဆိုပါတယ်။

”ဘဝကနေ ဖန်တီးလိုက်တဲ့ကိစ္စ သြင်္ကန်မိုး ဖြစ်ခဲ့တယ်”လို့ဆိုကာ အဲဒီဇာတ်ကြောင်းကိုတော့ ”ငါ သိပ်မပြောချင်ဘူး”လို့ စန္ဒရားဆရာကြီးက ခပ်ပြတ်ပြတ် ဆိုပါတယ်။

သြင်္ကန်မိုးဇာတ်လမ်းထဲက ကိုငြိမ်းမောင်လိုတော့ အိမ်ထောင်မပြုခဲ့ပါဘူး။ ယနေ့အထိပါပဲ။  အဆိုပါ အမျိုးသမီးကတော့ အိမ်ထောင်ပြုသွားပြီး ယနေ့တိုင် ရှိနေပါသေးတယ်။

ကွဲကွာသွားပြီးနောက် သတိရသေးလားလို့ သူ့ကို မေးကြည့်တော့ ”လူတစ်ယောက်က လူတစ်ယောက်ကို မိတ်ဆွေ သတိရသလိုပါပဲ”လို့ ဆိုပါတယ်။

သူ့ရဲ့မျက်နှာကတော့ ဘာမှခံစားရပုံမပေါ်ဘူး။ သာမန်စကားပြောသလိုပဲ သူက နှလုံးသားဇာတ်လမ်းကို ဖွင့်လှစ်ပြောပြတယ်။

သူ့ရဲ့ ပထမအသည်းကွဲဇာတ်လမ်း တစ်ခန်းရပ်ပြီး နောက်ပိုင်းမှာလည်း ဘဝမှာ ရင်ခုန်စရာကလေးတွေ ထပ်မံ ကြုံခဲ့ ဆုံခဲ့သေးတယ်လို့ လူပျိုကြီး ဦးသိမ်းမောင်က ဆိုတယ်။

အဲဒီလိုကြုံလာတိုင်း ဒဏ်ရာဟောင်းက မှေးမှိန်သွားတတ်ကာ ”ကိုယ့်အတွက် တစ္ဆေတစ်ကောင် တိုးလာသလို ဖြစ်သွားတာပေါ့”လို့ ကဗျာဆန်ဆန် သူက ဆိုပါတယ်။

ပန်တျာနည်းပြ

၁၉၆၉ မှာတော့ သူ စန္ဒရားဆရာအဖြစ် သန္ဓေတည်ခဲ့တဲ့ မြို့မတည်းဟူသော အသိုက်အဝန်း၊ မန္တလေးဆိုတဲ့ အရပ်ကနေ ပြောင်းရွှေ့ဖို့ ဖြစ်လာခဲ့တယ်။ သူက ရန်ကုန်မှာ အခြေချချင်တဲ့အတွက် ဆရာမြို့မငြိမ်းကတော် သူ့ရဲ့ မွေးစားအမေ ဒေါ်ဒေါ်သန်းကို တိုင်ပင်ခဲ့ပါတယ်။

ဆရာမြို့မငြိမ်းကတော်ကတော့ စားဝတ်နေရေးအတွက် ဆိုပါက မသွားဘဲ ဘဝရှေ့ရေးအတွက်ဆိုရင်တော့ သွားဖို့ ခွင့်ပြုတယ်လို့ ဦးသိမ်းမောင်က ပြန်ပြောပြပါတယ်။

၁၉၆၉ ကုန်ခါနီးမှာတော့ ရန်ကုန်ကို အပြီးတိုင် ပြောင်းရွှေ့ခဲ့ပြီး သူ့သူငယ်ချင်း ကဗျာဆရာတင်မိုးဆီမှာ ခေတ္တနေထိုင်ပါတယ်။ သူ့ရဲ့ ဘဝအခြေအနေတွေ တစ်ဆစ်ချိုး ပြောင်းလဲတဲ့ နှစ်ကာလတွေပါပဲ။

အဲဒီအချိန်မှာ သူ အလုပ်အကိုင်တစ်ခုလည်း လက်ခံရခဲ့ပါတယ်။ အဲဒီအလုပ်ကလည်း မြို့မက စန္ဒရားဆရာအဖြစ် လူသိများထင်ရှားနေချိန် စာရေးဆရာ မောင်သာရက စန္ဒရားပညာပေါ် အခြေခံပြီး သူ့အကြောင်းကို ‘ရွှေစော်နံရင် ပြန်လိုက်ဦး’ဆိုတဲ့ စာအုပ်ထဲ ထည့်သွင်းရေးသားခဲ့ရာကနေ ဖြစ်ပေါ်လာတဲ့ အကျိုးဆက်လည်း ဖြစ်ပါတယ်။

အဲဒီစာအုပ်က ရုပ်ရှင်အနုပညာရပ်ဝန်းနဲ့ ပတ်သက်ပြီး ရေးသားထားတဲ့စာအုပ် ဖြစ်ပါတယ်။

အဆိုပါစာအုပ်ကို အဲဒီအချိန်က ယဉ်ကျေးမှုဝန်ကြီး ဗိုလ်မှူးချုပ်သောင်းဒန်က ဖတ်မိတဲ့အခါ သူ့ကို ခေါ်ယူတွေ့ဆုံခဲ့ပြီး စန္ဒရားလက်သံကို နားဆင်ပါတယ်။ ပြီးနောက် ရန်ကုန်မှာ ရှိတဲ့ ပန်တျာကျောင်းမှာ လစ်လပ်နေတဲ့ လက်ထောက် စန္ဒရားနည်းပြ ဆရာအဖြစ် ခန့်အပ်လိုက်ပါတယ်။

အဲဒီမှာ အစိုးရဝန်ထမ်းအဖြစ် လုပ်ကိုင်နေရင်း အရှေ့ဂျာမနီနိုင်ငံမှာရှိတဲ့ လိုက်ပဇစ်ဂီတအနုပညာတက္ကသိုလ်ကို ဂီတပညာလေ့လာဖို့ ပညာတော်သင်သွားရပါတယ်။

အဆိုပါ တက္ကသိုလ်မှာ အခြေခံဂီတပညာမိတ်ဆက်၊ အခြေခံတူရိယာသင်တန်း၊ ဂီတသီအိုရီများ၊ နိုင်ငံတကာ အနုပညာ သမိုင်းစသဖြင့် ဘာသာရပ်ခွဲမျိုးစုံကို နှစ်နှစ်ကျော် သင်ကြားခွင့်ရခဲ့ပါတယ်။

အဲဒီမှာ ”အတွေးအခေါ်ပိုင်းတွေ သင်ပေးတာ။ ဂီတပညာကို ဘယ်လို ဖန်တီးမလဲဆိုတာ သင်ပေးတာ။ ဘယ်လိုတီးမလဲဆိုတာ မဟုတ်တော့ဘူး” လို့ သူက ဆိုတယ်။

အဲဒီကနေ ဘွဲ့လွန်သင်တန်းတက်ရတော့မယ့် အချိန်မှာပဲ ကျောင်းပိတ်ရက်အချို့မှာ ကျောင်းသားတွေကို ဂျာမနီနယ်စပ်နားမှာရှိတဲ့ ဂီတသမိုင်းပြတိုက်ကို လေ့လာရေးခရီးစဉ် ပို့ပေးခဲ့ပါတယ်။

အဲဒီပြတိုက်မှာ ဂီတအနုပညာနဲ့ ပတ်သက်တဲ့ အကြောင်းအရာမှန်သမျှကို သမိုင်းကြောင်းတစ်လျှောက် ခုနစ်တွေအလိုက် အစုံအလင် ခင်းကျင်းပြသထားတာကို သူတွေ့ခဲ့ရပါတယ်။ တူရိယာပစ္စည်းဆိုရင်လည်း ရှေးခေတ်ကနေ ခေတ်ပေါ် တူရိယာတွေ အထိ အမျိုးစုံပြသထားပါတယ်။ အဲဒီထဲမှာ မြန်မာနိုင်ငံက နန်းတွင်းမှာ တီးခတ်ခဲ့ကြတဲ့ ဆိုင်းဝိုင်းကြီးတစ်ခုကိုလည်း တွေ့လိုက်ရပါတယ်။

အဲဒီမြင်ကွင်းတွေကို မြင်လိုက်ရတဲ့အခါ အနောက်တိုင်းက အနုပညာပစ္စည်းတွေကို တန်ဖိုးထားထိန်းသိမ်း သုတေသနပြု လုပ်ထားမှုတွေကို အံ့သြဘနန်း ဖြစ်ခဲ့ရသလို မြန်မာနိုင်ငံအနေနဲ့ သူတို့ကို ဘယ်လိုမှ လိုက်မီမှာမဟုတ်တော့ဘူးလု့ိ ခံစားမိလိုက်ပြီး အဲဒီလေ့လာရေးကနေ အပြန်မှာပဲ တက္ကသိုလ်ဆက်မတက်ဘဲ မြန်မာပြည် ပြန်လာခဲ့ပါတယ်။

သူက ပန်တျာကျောင်းမှာ လက်ထောက်နည်းပြကနေ သင်္ကေတနည်းပြဆရာအထိ ၁၉၇ဝ ကနေ ၁၉၈ဝ အထိ ဆယ်နှစ် လုပ်ကိုင်ခဲ့ပါတယ်။ ရာထူးတက်ခါနီးမှာပဲ ထွက်စာတင်ခဲ့တာပါ။ ရာထူးတိုးဖို့ သူ့ကို အဆိုပြုလွှာတင်ခိုင်းပါတယ်။ သူက ရာထူးအတွက် မတင်ချင်တဲ့အပြင် ဂီတသဘောတရားကို နားလည်တဲ့ လုပ်ဖော်ကိုင်ဖက်တွေလည်း ထွက်ကုန်ကြတဲ့အခါ အဲဒီအလုပ်ကနေ နားဖို့ ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။

”ရှင်းရှင်းပြောရရင် ယဉ်ကျေးမှုဌာနကို မယဉ်ကျေးတဲ့သူတွေ ရောက်လာလို့ ထွက်လိုက်တာ”လို့ သူကဆိုတယ်။

ရေစက်မဆုံခဲ့တဲ့ သြင်္ကန်မိုးရုပ်ရှင်

၁၉၈ဝ မှာ ဘန်ကောက်ကို ထွက်လာခဲ့ပါတယ်။ ဘန်ကောက်ကနေ ပီနန်၊ စင်ကာပူ ၊ မလေးရှား ပြောင်းရွှေ့နေထိုင်ပြီး  ၁၉၈၅ ကနေ ၁၉၉၅ အထိ ဆယ်နှစ်ကျော် ဂီတလောကနဲ့ အဆက်ဖြတ်ခဲ့ပါတယ်။ အဲဒီအချိန်မှာ စီးကရက်မှောင်ခိုလုပ်ငန်း လုပ်ကိုင်ဖြစ်ခဲ့တယ်လို့ ဦးသိမ်းမောင်က ပြန်ပြောပြပါတယ်။

စင်ကာပူမှာနေတုန်းက အမှတ်တရ အဖြစ်အပျက်တစ်ခုကိုလည်း ပြန်ပြောပြတယ်။ အဲဒီအချိန်တုန်းက ဘုန်းကြီးကျောင်းတစ်ခုမှာ နေထိုင်တုန်းကဖြစ်ပါတယ်။ ထိုအရပ်မှာ နေထိုင်ကြတဲ့ မြန်မာများက နှစ်စဉ်ရာသီပွဲတော်များ ကျင်းပကြပါတယ်။ သြင်္ကန်ပွဲတော်ရောက်တဲ့အခါ ဘုန်းကြီးကျောင်းမှာ ကျင်းပပါတယ်။

နေ့လယ်ခင်းရောက်တဲ့အခါ ဘုန်းကြီးကျောင်း ဝေယျာဝစ္စတွေ ပြုလုပ်နေချိန်မှာ ကျောင်းရှေ့က ဗီဒီယိုပြနေတဲ့ အသံတွေ ကြားရပါတယ်။ ဇာတ်ကားထဲက သီချင်းတွေက မန္တလေးမြို့မသြင်္ကန်သီချင်းတွေဖြစ်တဲ့အတွက် သူက အလုပ်လုပ်နေရင်း မကြာခဏနားစွင့်နေပါတယ်။

မိတ်ဆွေတွေကတော့ ‘သြင်္ကန်မိုး’ဆိုတဲ့ ရုပ်ရှင်ဇာတ်ကား လာနေတာဖြစ်ပြီး ဇာတ်လမ်းကောင်းဖြစ်တာကြောင့် လာကြည့်ဖို့ သူ့ကိုခေါ်ပါသေးတယ်။ ဒါပေမဲ့ အလုပ်မအားတာကြောင့် မကြည့်ဖြစ်လိုက်ပါဘူး။ ထိုဇာတ်ကားက သူ့အကြောင်းကို ကျောရိုးတည် ရိုက်ကူးထားတာကိုလည်း သူမသိခဲ့ပါဘူး။ မြန်မာပြည် ပြန်ရောက်တဲ့အခါမှသာ အထက်မှာ ဖော်ပြခဲ့သလို တေးဂီတ မိတ်ဆက်ပွဲတစ်ခုရောက်မှ သိခဲ့ရခြင်းပဲ ဖြစ်ပါတယ်။

တိုက်တိုက်ဆိုင်ဆိုင် ဆိုသလိုပဲ ‘သြင်္ကန်မိုး’ ဆိုတဲ့ သီချင်းကို သူ စန္ဒရားသင်ပေးခဲ့တဲ့ တပည့်တစ်ဦးဖြစ်သူ အဉ္စလီမောင်မောင်က ရေးဖွဲ့ခဲ့တာပါ။ ဒါတွေက သူ မြန်မာပြည်ပြန်ရောက်မှ သိခဲ့ရတာပါ။ သို့ပေမဲ့ ဦးသိမ်းမောင်က အဉ္စလီမောင်မောင်ရဲ့ ဆရာအဖြစ် မခံယူဘဲ သူသည် ဂီတအခြေခံ သဘောတရားများကို သင်ကြားပေးခဲ့သူဖြစ်ပြီး သူ့ အရည်အချင်း ပါရမီနှင့်သာ ထူးချွန်ခဲ့တာ ဖြစ်တယ်လို့ ဦးသိမ်းမောင်က ဆိုပါတယ်။

”သူ့ကို မြေပုံတစ်ခုနဲ့ ယာဉ်တစ်စီးပေးလိုက်တာ သူ့အရည်အချင်းနဲ့ သူရောက်သွားတာ”လို့ ဦးသိမ်းမောင်က ဆိုပါတယ်။

Photo: Thet Oo Mon

တစ်ကျော့ပြန် စန္ဒရားဆရာကြီး

၁၉၉၃ မှာတော့ ၁၄ နှစ်ကြာ ပြန်မရောက်ဖြစ်တဲ့ မြန်မာနိုင်ငံကို ခေတ္တပြန်လာခဲ့ပါတယ်။ အဲဒီအချိန် သူ့ရဲ့ ဆရာသမားတွေနဲ့ မိတ်ဆွေအချို့ မရှိတော့ပါဘူး။ သူ့အပေါ် မျှော်လင့်ချက်ထားပြီး စောင့်ကြည့်နေတဲ့ သူ့ဆရာဖြစ်သူ ဒါးတန်းဦးသန့်လည်း ကွယ်လွန်ခဲ့ပါပြီ။

သူလည်း ဂီတလောကကို ကျောခိုင်းနေခဲ့ကာ မြန်မာပြည်မှာ ခေတ္တနေလိုက် နိုင်ငံခြားပြန်ထွက်လိုက်နဲ့ စီးကရက်မှောင်ခိုလုပ်ငန်းကိုပဲ ဇောက်ချ လုပ်ကိုင်နေခဲ့ပါတယ်။ ၁၉၉၆ မှာတော့ မြန်မာပြည်မှာ အပြီးနေထိုင်ပါတယ်။ အဲဒီအချိန်မှာပဲ ဂီတလောကကို တစ်ကျော့ ပြန်လည်ဝင်ရောက်ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။

သူငယ်ချင်းဖြစ်သူ ကဗျာဆရာ (ဦး)တင်မိုး(ကိုဘဂျမ်း) ကောင်းမှုကြောင့်ပဲ ဖြစ်ပါတယ်။ ဆရာ(ဦး)တင်မိုးက သူ့ကို အကူအညီတစ်ခု တောင်းပါတယ်။ ကလေးတွေအတွက် သီချင်းခွေတစ်ခု စီစဉ်မယ့်အကြောင်း တေးဂီတပိုင်းကို ကူညီပေးဖို့ပါ။

ဂီတလောကနဲ့ ဆယ်နှစ်ကျော် ကင်းကွာနေတဲ့ သူ့အတွက် ဒီလမ်းပေါ် ပြန်လျှောက်ရပြန်ပါပြီ။ အဲဒီသီချင်းခွေကိစ္စပြီးတဲ့ အခါမှာ နောက်ထပ် သူလုပ်ဖြစ်တဲ့ကိစ္စက ကာတွန်းဆရာကြီး ဦးဘကြည် ရေးဆွဲထားတဲ့ မဟာဗုဒ္ဓဝင် ပန်းချီကားတွေကို နောက်ခံတေးဂီတများ ထည့်သွင်းပြီး ကွန်ပျူတာနည်းပညာဖြင့် သက်ဝင်လှုပ်ရှားစေရန် ဖန်တီးရခြင်းဖြစ်ပါတယ်။

ထိုသို့လုပ်ဆောင်ရတာ လေးနှစ်ကြာပါတယ်။ ကမ္ဘာအေး ဘုရားဝင်းအတွင်းက ဝိသာခါဆောင်မှာ နေထိုင်ပြီး ဖန်တီးရပါတယ်။ ဆရာမြို့မငြိမ်း အိပ်မက်မက်ခဲ့တဲ့ သံစုံတီးဝိုင်းအသံမျိုးကို တီးတဲ့သူတွေ မပါဝင်ဘဲ ကွန်ပျူတာနည်းပညာနဲ့ ဖန်တီးခဲ့ပါတယ်။

ထိုအချိန်က အမှတ်တရ ပုဂ္ဂိုလ်တစ်ဦးနှင့် ဆုံခဲ့ရပါသေးတယ်။ ထိုသူက ဗိုလ်ချုပ်ကြီး(ဟောင်း)ဦးခင်ညွန့်ပဲ ဖြစ်ပါတယ်။ ဦးသိမ်းမောင် ဖန်တီးထားမှုတွေကို ကြိုက်နှစ်သက်တာကြောင့် တေးဂီတနဲ့ပတ်သက်ပြီး သူဖန်တီးခဲ့တဲ့ ဂီတသီအိုရီအခွေကို အနုပညာကျောင်းတွေမှာ သင်ရိုးညွှန်းတမ်းအဖြစ် ပြဋ္ဌာန်းဖို့အထိ စီစဉ်နေတုန်းမှာပဲ ရာထူးက ကျသွားတဲ့အခါ အဲဒီအစီအစဉ်တွေ ရေစုန်မျောခဲ့ပါတယ်။

သူကတော့ ဦးခင်ညွန့်ရဲ့ ကျန်တဲ့အစိတ်အပိုင်းတွေကို မသိဘဲ သူနဲ့တွေ့ဆုံစဉ်တုန်းက ဂီတအပေါ် သက်ဝင်ခံစားမှုရှိပြီး”အရမ်းတက်ကြွတဲ့သူ”လို့ မှတ်ချက်ပြုပါတယ်။

ကလေးတစ်ယောက်အဖေ လူပျိုကြီး

အဲဒီ မဟာဗုဒ္ဓဝင်လုပ်ရင်း တစ်ကိုယ်တည်းနေတဲ့ သူ့ဘဝထဲကို သံယောဇဉ်အသစ်တစ်ခု ထပ်တိုးလာပါတယ်။ သူက ငှက်ကလေးတွေကို ချစ်တဲ့အတွက် စပါးတွဲတွေ အမြဲတမ်းဝယ်ပြီး ကျွေးလေ့ရှိပါတယ်။ စပါးတွဲရောင်းတာက သားအမိနှစ်ယောက်ပါ။

စပါးတွဲဝယ်ရင်း ကလေးလေးကိုလည်း မုန့်ကျွေးရင်း သံယောဇဉ်ဖြစ်သွားပါတယ်။ ကံဆိုးစွာနဲ့ အဲဒီကလေးလေး အမေက ကင်ဆာရောဂါဖြစ်ပြီး ဆုံးပါးသွားခဲ့ပါတယ်။ ရောဂါဖြစ်တုန်းက ဦးသိမ်းမောင်တို့ ဆေးကုပါသေးတယ်။ ဒါပေမဲ့ ရောဂါရင့်နေပြီ ဖြစ်တဲ့အတွက် ဆေးကုပေမယ့် အသက်ကို မကယ်တင်နိုင်လိုက်ပါဘူး။

ကျန်ခဲ့တဲ့ကလေးက ”အဖေကလည်း မရှိ၊ အမျိုးလည်းမရှိတာနဲ့ဆိုတော့ မထူးဘူးဆိုပြီး မွေးစားလိုက်တယ်”လို့ သူကဆိုတယ်။

အဲဒီအချိန်က သူ့ကိုလက်ဆောင်ပေးထားတဲ့ စန္ဒရားအသစ်ကြီးကို ရောင်းချခဲ့ပြီး ကလေးအမေ ဆေးကုသစရိတ်နဲ့ ကလေးမွေးဖို့ ကုန်ကျစရိတ်တွေအတွက် အသုံးချခဲ့ရပါတယ်။ သူမြတ်နိုးတဲ့ စန္ဒရားကြီးကိုရောင်းပြီး ဒီကလေးကို ပြုစုပျိုးထောင်ဖြစ်ခဲ့တာကို သူက ယခုလိုဆိုပါတယ်။

”ကလေးနဲ့ ဒီစန္ဒရား၊ သက်ရှိနဲ့ သက်မဲ့ ဘယ်သူ့ရွေးမလဲ။  ဒီကလေးတော့ ငါလက်မလွှတ်နိုင်ဘူး”လို့ သူက ဆိုပါတယ်။

ကလေးက လေးနှစ်သာသာပဲ ရှိသေးပြီး မည်းမည်းလုံးလုံးကလေး။ စကားကလည်း မပြောတတ်သေးချိန်။ သူက ကလေး မွေးဖို့ မဆိုထားနှင့်၊ အိမ်ထောင်တောင် မပြုဖူးတဲ့ လူပျိုကြီးတစ်ယောက်အနေနဲ့ ဒုက္ခအတော်ရောက်ခဲ့ပါတယ်။

”အခင်းကြီးကအစ ဒုက္ခတွေ့တာ၊ ငါက ဒါတောင် တော်တော် ဇီဇာကြောင်တာနော်။ ဒါပေမဲ့ ဒါကအလုပ်ပဲ။ အလုပ်ဆိုတာက လူမှုရေး စိတ်ဓာတ်အလုပ်။ သူများပေးတဲ့ တာဝန်မဟုတ်ဘူး။ ကိုယ့်ဘာသာကိုယ်ယူတဲ့တာဝန်”လို့ သူက ခံယူပြီး ကလေးကို ပြုစုပျိုးထောင်ခဲ့တယ်လို့ သူက ဆိုပါတယ်။

အနေကြာလာတာနဲ့အမျှ ကလေးကို သံယောဇဉ်လည်းတွယ်လာပြီး သားတစ်ယောက်လို ဖြစ်လာတယ်လို့ ဦးသိမ်းမောင်က ဆိုပါတယ်။ ကလေးအကြောင်းပြောနေရင်းလည်း တစ်ချက်တစ်ချက် သူကရယ်ပါတယ်။

ဒီလို မွေးစားရတာကြောင့်လည်း သူ့မှာ ”အနစ်နာခံလိုက်ရတာတွေ အများကြီးပေါ့။ ဒီလို ဒုက္ခရောက်တာ ဒီကောင်ကြောင့်လို့ ဘယ်တော့မှမပြောဘူး”လို့ သူက ဆိုပါတယ်။

ယခုဆို ကလေးငယ်က ကိုးတန်းတောင် ရောက်နေပါပြီ။ ငယ်ငယ်တုန်းကတော့ ပတ္တလားနဲ့ စန္ဒရားသင်ပေးထားပြီး နောက်တော့ ကြီးပွားမယ့်အလုပ် မဟုတ်ဘူးဆိုကာ မသင်ပေးတော့ပါဘူး။ သူ ဘာကို ဝါသနာပါလဲဆိုတာကိုတော့ စောင့်ကြည့်နေပြီး နောက်နှစ်လောက်ဆို အင်္ဂလိပ်စာနဲ့ ကွန်ပျုတာသင်တန်းတက်ခိုင်းမယ်လို့ ဆိုပါတယ်။

သြင်္ကန်မိုးဇာတ်ကားထဲကလို အချစ်ရှုံး၊ အရက်သမားဖြစ်ကာ ကလေးတစ်ယောက် အဖတ်တင်ခဲ့တဲ့ စန္ဒရားဆရာကြီးကိုငြိမ်းမောင်လို မဟုတ်ပေမယ့် လူပျိုကြီးကလေးတစ်ယောက်အဖေတော့  ဖြစ်ခဲ့ရပါတယ်။

အနုပညာနဲ့ စာပေအသိုင်းအဝိုင်းမှာ သူ့ကိုခင်မင်ကြတဲ့ လူငယ်တွေက လေးလေးသိမ်းလို့ ခေါ်ကြပါတယ်။ ငယ်စဉ်ကတော့ ဂျီကျတဲ့အတွက် ဆရာတွေက သူ့ကို ဂျီသိမ်းလို့လည်း ခေါ် ကြတယ်။ အနုပညာသမားဖြစ်ပေမယ့် စိတ်က ပြတ်သားပါတယ်။ ပျော့ညံ့ရင် သူကမကြိုက်ပါဘူး။ သူ့အနုပညာကို ထိပါးလာတယ်လို့ ယူဆရင်လည်း သူက ဘယ်သူ့မျက်နှာမှမထောက်ဘဲ ခပ်ပြတ်ပြတ် ဆိုတတ်ပါတယ်။

ဒါကြောင့် သူ့ဆရာဖြစ်သူ ဒါးတန်းဦးသန့်က သူ့ရဲ့ လေ့လာအားထုတ်မှုက ပါရမီရှင်ဖြစ်နိုင်ပြီး စိတ်ကိုထိန်းဖို့ အမြဲသွန်သင်ပါတယ်။ ပြီးတော့ တရားစာအုပ်တစ်အုပ်နဲ့ ပုတီးတစ်ကုံးကိုလည်း ဆောင်ထားဖို့ ပေးခဲ့ပါတယ်။

ယနေ့ဂီတလောကမှာတော့ ဦးသိမ်းမောင်ကို ကမ္ဘာ့ဂန္ထဝင်ဂီတဆရာကြီး ဘီသိုဗင်နှင့် မြန်မာ့ဂန္ထဝင်ဂီတဆရာကြီး မြဝတီမင်းကြီး ဦးစတို့ရဲ့ ဂီတဖန်တီးမှုတွေကို နှိုင်းယှဉ် လေ့လာသုတေ သနပြုနိုင်စွမ်းရှိသူ၊ ပြောင်မြောက်သော စန္ဒရားတီးကွက်များကြောင့် ဆရာပါရဂူ၊ ဆရာဒဂုန်တာရာ၊ ဒေါက်တာသန်းထွန်းစသည့် ဆရာကြီးများ၏ ချီးမွမ်းခြင်းကိုခံခဲ့ရသူ မဟာဂန္ထဝင် စန္ဒရားဆရာကြီးအဖြစ် သတ်မှတ်ထားကြပါတယ်။

လိပ်ပြာသန့်ချင်တဲ့သူ

သူက လက်ရှိအချိန်မှာ မွေးစားသားကလေးနဲ့ ဒေါပုံမြို့နယ်မှာ နေထိုင်လျက်ရှိပြီး သူတတ်ထားတဲ့ စန္ဒရားပညာကို ပြန်လည် မျှဝေလျက်ရှိပါတယ်။ အနုပညာလုပ်ငန်းတွေကိုလည်း တတ်စွမ်းသမျှ ဆောင်ရွက်နေပါတယ်။ အဲဒီလို လုပ်ကိုင်နေပေမယ့်လည်း သူက ငွေရေးကြေးရေးနဲ့ ပတ်သက်ပြီး စကားမပြောချင်ဘူးလို့ ဆိုပါတယ်။ အဲဒီအတွက် ဘဝမှာလည်း အခက်အခဲတွေ ခဏ ခဏ ကြုံတွေ့ရတယ်လို့ ဦးသိမ်းမောင်က ဆိုပါတယ်။

ဂီတကို အကြောင်းပြုပြီးလည်း ငွေရှာဖို့လည်း သူက စိတ်မဝင်စားပါဘူး။ ပိုက်ဆံပေးပြီး ခေါ်တီးခိုင်းလည်း သူက တီးတဲ့သူ မဟုတ်ပါဘူး။ သူတတ်ကျွမ်းထားတဲ့ အနုပညာကို ချပြတဲ့အခါ လူတွေ ခံစားနားလည်ဖို့ပဲ ရည်ရွယ်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာတော့ ဂီတကိုအကြောင်းပြု လုပ်စားနေတဲ့သူတွေပဲ များပြီး တကယ်နားလည်တတ်ကျွမ်းတဲ့ ပညာရှင်တွေ ရှားပါးတယ်လို့ သူက ဆိုပါတယ်။

”ယဉ်ကျေးမှုဝန်ကြီးဌာနပဲ အပြစ်ပုံချရမှာပဲ။ မကောင်းကျောင်းပို့ဆိုပြီး ဘာမှနားမလည်ဘဲ ရောက်လာကြတာ။ ယဉ်ကျေးမှုဆိုတာ သူတို့က ဇာတ်ကတယ်ပဲထင်တာ။ ယဉ်ကျေးမှုဆိုတာ ပန်းချီ၊ ဂီတ၊ စာပေ၊ ပန်းပု အများကြီးရှိတယ်” လို့ သူက ဝေဖန်ပါတယ်။

နိုင်ငံတိုင်းမှာ အနုပညာနဲ့ ဂီတဆိုင်ရာတွေကို မှတ်တမ်းမှတ်ရာနဲ့ သုတေသနပြုလုပ်မှုတွေ ရှိပေမယ့် မြန်မာနိုင်ငံမှာ မှတ်တမ်းတင်သုတေသနပြုမှုတွေ အားနည်းတယ်လို့ သူကဆိုတယ်။

သူ့ခံယူချက်ကတော့ ပြတ်သားပါတယ်။ သူတတ်နိုင်သလောက် ဂီတအနုပညာအလုပ်တွေကို ဆက်ပြီးလုပ်ကိုင်နေမှာ ဖြစ်ပြီး သူ့ဘဝအတွက် ငွေရေးကြေးရေး ပူပန်တာတွေ၊ ချမ်းသာ ချင်တာတွေ မရှိဘူးလို့ ဆိုပါတယ်။

”ကျပ်တည်းတယ်၊ ချောင်လည်တယ် စိတ်ထဲသိပ်မထားဘူး။ အဲဒါတွေထားလိုက်ရင် လောဘတက်လာမယ်။ လောဘရဲ့နောက်မှာ ဒေါသပါလာမယ်။ ဒေါသသိပ်ကြီးလွန်းရင် ဒီပရက်ရှင်(စိတ်ကျရောဂါ) ဝင်လာမယ်”လို့ ဦးသိမ်းမောင်က ဆိုပါတယ်။

လူရယ်လို့ဖြစ်လာလျှင် လူ့လောကမှာ ချမ်းသာခြင်း၊ ဆင်းရဲခြင်းဆိုတာတွေ ကြုံတွေ့ရမှာဖြစ်ပြီး သူ့ဘဝတစ်လျှောက်လုံးလည်း နာမည်ကြီးပုဂ္ဂိုလ်တွေ၊ အာဏာရှိသူတွေနဲ့ ကြုံဆုံခဲ့ ပေမယ့် ထိုသူတွေကို ကပ်ရပ်ပြီး အခွင့်အရေးမယူခဲ့ဘူးလို့ စန္ဒရားဆရာကြီးက ဆိုပါတယ်။

သူက လိပ်ပြာမလုံဘဲ ချမ်းသာတာထက် စိတ်ချမ်းချမ်းသာသာနဲ့ပဲဘဝကို သိက္ခာရှိရှိ ဖြတ်သန်းသွားချင်တယ်လို့ ယခုလို ဆိုပါတယ်။

”ကောင်းကောင်းလေး နေချင်တာပေါ့ကွာ။ ဒါပေမဲ့ လိပ်ပြာလုံချင်တယ်”

အမျိုးအစား - ပုံရိပ်လွှာ

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."