စည်သူ
ရန်ကုန် – ၂၀၂၀ ဩဂုတ် ၂၅ (မော်ကွန်း)
သံလွင်မြစ်ရေကြီးတာကြောင့် ကရင်ပြည်နယ်ထဲက မြို့နယ်လေးခုမှာ လူလေးထောင်နီးပါး(၃,၉၂၀) ရေဘေးသင့်နေတယ်လို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက မော်ကွန်းကိုပြောပါတယ်။
လှိုင်းဘွဲ့ မြို့နယ်မှာ လူဦးရေ ၂,၄၀၀ကျော်၊ ဘားအံမြို့မှာ ၁,၂၀၀ကျော်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ၈၀ ကျော်နဲ့ ကောကရိတ်မြို့နယ်မှာ ၃၀ ကျော် ရေဘေးသင့်နေတယ်လို့ ဒေါ်ဖြူလဲ့လဲ့ထွန်းက ပြောပါတယ်။
သြဂုတ် ၂၃ ရက်က စပြီး သံလွင်မြစ်ရေဟာ ဘားအံမြို့မှာ စိုးရိမ်ရေမှတ် ၇၅၀ စင်တီမီတာကို ကျော်လွန်ခဲ့တာကြောင့် မြို့ပေါ်က အိမ်ထောင်စု ၂၆၆ စုကို ကယ်ဆယ်ရေးစခန်းငါးခုဖွင့်ပြီး ရွှေ့ပြောင်းထားရတယ်လို့ ဘားအံမဲဆန္ဒနယ်အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်က မော်ကွန်းကိုပြောပါတယ်။
“အကုန်လုံး မမြုပ်တဲ့ အိမ်တွေကတော့ မရွှေ့ ပြောင်းကြပါဘူး ၊ ကိုဗစ်ကာလဆိုတော့ စုပေါင်းနေလို့မရဘဲ အခက်အခဲဖြစ်တဲ့ အိမ်တွေလောက်ကို ငါးနေရာလောက်ခွဲပြီးတော့ စခန်းဖွင့်ထားတာပေါ့ ။ ကျွန်တော်တို့က social distancing ထားရတာတစ်ခုပဲ၊ ကျန်တာကတော့ ခါတိုင်းလုပ်ပေးသလို အကုန်လုပ်ပေးတာပဲ ၊။ စခန်းထဲကို လူတွေ ဘယ်လိုထားရမယ်ဆိုတာကိုပဲ စီစဉ်နေရတာ နည်းနည်းအလုပ်ရှုပ်နေတာ”လို့ သူက ပြောပါတယ်။
မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနကလည်း ဘားအံမြို့မှာ သံလွင်မြစ်ရေဟာ စိုးရိမ်ရေမှတ် ၇၅၀ စင်တီမီတာကို ကျော်လွန်ပြီး နောက်၂၄ နာရီအတွင်း ၈၉၀ စင်တီမီတာကို ရောက်ရှိမယ်လို့ ဒီနေ့ နေ့လည်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
တစ်နိုင်ငံလုံးအနေနဲ့ တိုင်းနဲ့ ပြည်နယ်နဲ့ ခုနှစ်ခုမှာ ရေဘေးရှောင်စုစုပေါင်း ၂၁,၀၀၀ကျော်ရှိပြီး မကွေးတိုင်းဒေသကြီးမှာ ရေဘေးရှောင်ဦးရေအများဆုံး ရှိနေတာလို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနရဲ့ စာရင်းတွေမှာ ဖော်ပြတယ်။
ဓါတ်ပုံ – အောင်ကျော်လတ်
ယမန်နေ့ ညနေပိုင်းက ဘားအံမြို့ မြင်ကွင်း။
#Dailynews