ရန်ကုန် – ၂၀၂၄ မေ ၁၄ (မော်ကွန်း)
ရခိုင်တောင်ပိုင်း သံတွဲမြို့အနီးမှာ တိုက်ပွဲတွေ ယခင်ကထက် ပိုပြီးခပ်စိပ်စိပ်ဖြစ်လာကာ စစ်ကောင်စီတပ်ကလည်း နေ့စဉ် လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ သံတွဲဒေသခံတချို့က ပြောပါတယ်။
ဒီနေ့ မနက်ပိုင်းမှာလည်း သံတွဲမြို့အနီး ပင်လယ်ပြင်မှာရှိနေတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်သင်္ဘောတွေကနေ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်ခဲ့တယ်လို့ သံတွဲမြို့နယ် ဂျိတ်တောကျေးရွာမှာ နေထိုင်တဲ့ ဒေသခံတစ်ဦးက မော်ကွန်းကို ပြောပါတယ်။
“ဒီနေ့တော့ နှစ်ချက်၊ အနီးဆုံးကြားရတယ်။ နေဗီဘက်က ပစ်လိုက်တာကြားရတယ်။ ကျွန်တော်တို့နဲ့ ခပ်ဝေးဝေးနေရာကတော့ သုံးလေးချက်ကြားလိုက်ရတယ်။ လက်ရှိ သံတွဲ ငပလီမြို့ဘက်တော့ တိုက်ပွဲဖြစ်တာမရှိပါဘူး။ အခုဖြစ်နေတာ သံတွဲနဲ့ ၁၀ မိုင်လောက်တော့ ဝေးတယ်” လို့ အဲဒီ ဒေသခံက ပြောပါတယ်။
သံတွဲမြို့နယ်မှာ ယခုနှစ်ဧပြီ သင်္ကြန်မတိုင်မီကာလမှာ အာရက္ခတပ်တော် (AA) အဖွဲ့နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲတွေ စတင်ဖြစ်ပွားလာတာပါ။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကစပြီး ရခိုင်မြောက်ပိုင်းကနေ စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်ပြီး ရခိုင်ပြည်နယ်က မြို့တွေကို ဆက်တိုက် သိမ်းပိုက်လာနိုင်တဲ့ အာရက္ခတပ်တော် (AA) ဟာ တောင်ပိုင်းဒေသတွေကိုပါ တပ်ဖြန့်ကျက်လာတာပါ။
လက်ရှိမှာ ရခိုင်တောင်ပိုင်း သံတွဲနဲ့ မြောက်ပိုင်းကို ဆက်သွယ်ထားတဲ့ သံတွဲ-တောင်ကုတ် ကားလမ်းကိုလည်း စစ်ကောင်စီတပ်က ပြီးခဲ့တဲ့လပိုင်းမှာ ပိတ်ထားလိုက်ပြီး မြောက်ပိုင်းဒေသခံတွေဟာ တောင်ပိုင်းကို ဆင်းလာလို့မရဖြစ်နေတယ်လို့ သံတွဲမြို့ခံတချို့က ပြောပါတယ်။
အဲဒီလို လမ်းပိတ်ထားတာကြောင့် ဒေသတွင်း ကုန်စည်စီးဆင်းမှုတွေလည်း ရပ်တန့်နေပြီး ဒေသခံတွေအတွက် အခြေခံစားသောက်ကုန်၊ ဆေးဝါးတို့ဟာလည်း ဈေးနှုန်းမြင့်တက်နေတယ်လို့ သံတွဲမြို့ခံတစ်ဦးက ပြောပါတယ်။
“အဲဒီဘက်က သံတွဲဘက်ကို အသွားအလာပိတ်ထားတယ်။ ဟိုဘက်က ဒေသခံတွေတော့ ဒီဘက်ကို လာလို့မရဘူး သံတွဲ-တောင်ကုတ် လမ်းကို အဓိကပိတ်ထားတာပေါ့၊ ဒီဘက် ဂွဘက်ဆင်းတဲ့ဘက်တော့ အခုထိတော့ ရသေးတယ်” လို့ ၎င်းဒေသခံက ပြောပါတယ်။
ယခုရက်ပိုင်း တိုက်ပွဲဖြစ်နေတဲ့ နေရာဟာ သံတွဲ-တောင်ကုတ် ကားလမ်းအနီး သံတွဲမြို့နဲ့ ၁၀ မိုင်ဝန်းကျင်ခန့် ဝေးတဲ့ ရေစင်ရွာ၊ ဂွေ့ချောင်းရွာ အစရှိတဲ့ ကျေးရွာတွေရှိရာ တောင်ကြောပေါ်မှာ ဖြစ်နေတာလို့ ဒေသတွင်း သတင်းတချို့က ဆိုပါတယ်။
ပြီးခဲ့တဲ့ လပိုင်းက သံတွဲမြို့နဲ့ မိုင် ၂၀ ဝေးတဲ့ ပုရစ်-ရေကောက်၊ ဒေါ်မြ စတဲ့ကျေးရွာတွေနဲ့ သူဌေးရေအားလျှပ်စစ်စီမံကိန်းအနီးမှာ စစ်ကောင်စီတပ်တွေနဲ့ AA တပ်တွေ တိုက်ပွဲတွေ စတင်ဖြစ်ခဲ့တာပါ။
ရခိုင်ဒေသမှာ မြို့တွေ တစ်မြို့ပြီးတစ်မြို့ လက်လွှတ်နေရတဲ့ စစ်ကောင်စီဟာ ဘူးသီးတောင်ဒေသမှာ အရေးပါတဲ့ အမှတ် (၁၅) စစ်ကွပ်ကဲမှုဌာနချုပ်ကိုလည်း ပြီးခဲ့တဲ့ရက်ပိုင်းကပဲ လက်လွှတ်လိုက်ရပြီး စစ်ကောင်စီတပ်သား ရာနဲ့ချီပြီးတော့ AA ဆီမှာ လက်နက်ချခဲ့ရပါသေးတယ်။
လက်ရှိမှာ အာရက္ခတပ်တော် (AA)ဟာ ရခိုင်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တော ဒေသကို ထိန်းချုပ်သိမ်းပိုက်ဖို့ ထိုးစစ်ဆင်နေသလို ပြည်နယ်မြို့တော် စစ်တွေနဲ့ အမ်းမြို့တို့ကိုလည်း ဝန်းရံပိတ်ဆို့ထားတာကြောင့် ရခိုင်ဒေသတစ်ခုလုံးကို သိမ်းပိုက်နိုင်ဖို့ နီးစပ်နေတာပါ။
ပုံစာ – သံတွဲမြို့အဝင်ဆိုင်းဘုတ်
ဓာတ်ပုံ – စစ်ကောင်စီ သတင်းနဲ့ ပြန်ကြားရေး