သံတွဲနဲ့ငပလီမှာ လျှပ်စစ်မီးပြတ်တောက်နေတာကြောင့် ဖုန်းလိုင်းနဲ့အင်တာနက်တွေပြတ်တောက်

သံတွဲနဲ့ငပလီမှာ လျှပ်စစ်မီးပြတ်တောက်နေတာကြောင့် ဖုန်းလိုင်းနဲ့အင်တာနက်တွေပြတ်တောက်

ရန်ကုန် – ၂၀၂၄ ဇွန် ၆ (မော်ကွန်း)

စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့အကြား တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်တောင်ပိုင်းက သံတွဲနဲ့ ငပလီမှာ လျှပ်စစ်မီး ပြတ်တောက်နေတာ နှစ်ပတ်နီးပါးရှိလာတာကြောင့် ဒေသခံတွေဟာ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ မရတော့ဘဲ အဆက်အသွယ်ပြတ်တောက်နေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

သံတွဲမြို့နဲ့ ငပလီကမ်းခြေမှာ ပြီးခဲ့တဲ့လ ၂၀ ရက်နောက်ပိုင်းကစပြီး လျှပ်စစ်မီးတွေ ပြတ်တောက်သွားတာဖြစ်ပြီး ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေလည်း မရရှိတော့တာကြောင့် ဆွေမျိုးတွေနဲ့ အဆက်အသွယ်ပြတ်တောက်နေတယ်လို့ ရန်ကုန်မြို့ကသံတွဲဒေသခံတစ်ဦးက မော်ကွန်းကို ပြောပါတယ်။

ငပလီကမ်းခြေက ငွေကြေးတတ်နိုင်တဲ့ ဟိုတယ်တချို့လောက်ပဲ မီးစက်မောင်းကာ ဖုန်းအားသွင်းတာ၊ အင်တာနက်ဝိုင်ဖိုင်လိုင်း အသုံးပြုလို့ရတာရှိပေမယ့် ဒေသတစ်ခုလုံးမှာတော့ အဆက်အသွယ်တွေ ပြတ်တောက်နေတယ်လို့ ၎င်းက ပြောပါတယ်။

ကမ္ဘာကျော်ကမ်းခြေတစ်ခုဖြစ်ပြီး ခရီးသွားဒေသတစ်ခုဖြစ်တဲ့ ငပလီကမ်းခြေအနီးနဲ့ မိုင်အနည်းပဲ ကွာဝေးတဲ့ ဆင်ခေါင်းကျေးရွာ၊ ဂေါ့ကျေးရွာ အစရှိတဲ့ ဒေသတွေမှာ ယခုလ ၂ ရက်ကစပြီး စစ်ကောင်စီတပ်နဲ့ AA တပ်တွေအကြား တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ပါတယ်။

ယခုလ ၄ ရက်နဲ့ ၅ ရက်မှာတော့ စစ်ကောင်စီတပ်ဟာ ဆင်ခေါင်းရွာကို နှစ်ရက်ဆက်တိုက် လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အဲဒီပစ်ခတ်မှုကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးတာတွေရှိခဲ့ပြီး ကျေးရွာစာသင်ကျောင်းတွေနဲ့ နေအိမ်တချို့လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသတွင်းသတင်းတချို့မှာ ဖော်ပြထားပါတယ်။

“ကြားရတဲ့သတင်းတွေအရတော့ ဆင်ခေါင်းရွာ တော်တော်အခြေအနေဆိုးနေတယ်။ ဗုံးတွေကြဲလို့ နေအိမ်တွေ ဗုံးထိတာတွေကြားရတယ်။ အခုတိုက်ပွဲက အဲဒီနေရာမှာ အခြေပြုပြီးဖြစ်နေတာပေါ့” လို့ ငပလီကမ်းခြေ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။

ရခိုင်တောင်ပိုင်း သံတွဲမြို့နယ်မှာ ဧပြီလပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့အကြား တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဟာ စစ်သင်္ဘောတွေ၊ ဂျက်ဖိုက်တာတွေ အသုံးပြုပြီး ပြန်လည်တိုက်ခိုက်နေပါတယ်။

တိုက်ပွဲကာလ တစ်လကျော်ကြာမြင့်လာပြီးနောက်မှာ သံတွဲနဲ့ ငပလီ ဒေသခံတချို့ဟာ ရန်ကုန်မြို့ကို ပြောင်းရွှေ့နေထိုင်ကြတဲ့အပြင် ရခိုင်တောင်ဘက်အစွန်ဆုံး ကျိန္တလီနဲ့ ဂွမြို့တွေကို ပြောင်းရွှေ့သွားသူတွေလည်း ရှိနေတာပါ။

“ပိုက်ဆံမတတ်နိုင်သူတွေကတော့ ဒီအတိုင်းပဲပေါ့ ဘယ်မှမပြေးနိုင်ကြဘူး။ ကျွန်တော်တို့ အမျိုးတွေဆိုရင်လည်း ဖုန်းတွေအားလုံး ပါဝါမရှိတော့ ဆက်သွယ်လို့မရတော့ သတင်းအချက်အလက်တွေပါ ပြတ်တောက်ကုန်တာပေါ့” လို့ ရန်ကုန်ရောက် သံတွဲဒေသခံတစ်ဦးက ပြောပါတယ်။

ဒါ့ပြင် ယခုလ ၃ ရက်မှာ သံတွဲလေဆိပ်ကိုပါ ပိတ်လိုက်ရပြီး ရန်ကုန်-သံတွဲ လေကြောင်းခရီးစဉ်အားလုံးကိုလည်း ဖျက်သိမ်းလိုက်ရပါသေးတယ်။

ပြီးခဲ့နှစ် နိုဝင်ဘာလကစပြီး ရခိုင်ပြည်နယ်တခွင်က စစ်ကောင်စီတပ်တွေကို တိုက်စစ်ဖွင့်ပြီး ထိုးစစ်ဆင်လာတဲ့ AA တပ်ဖွဲ့ဟာ နှစ်ဝက်ကျော်ကာလအတွင်းမှာပဲ ရခိုင်က မြို့အများအပြားကို ထိန်းချုပ်လာနိုင်ပြီး ကျန်ရှိနေသေးတဲ့ စစ်တွေ၊ သံတွဲ၊ အမ်း အစရှိတဲ့ မြို့တွေကိုလည်း ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။

အာရက္ခတပ်တော် (AA) ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကတော့ ရခိုင်ဒေသကို ကွန်ဖက်ဒရိတ်အဆင့်ထက် မနိမ့်တဲ့ အဆင့်အတန်းလိုချင်ပြီး အဲဒီအတွက်လည်း ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ယခုလ ၄ ရက်မှာ ပြုလုပ်ခဲ့တဲ့ VOA သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောထားပါတယ်။

ပုံစာ – အခုရက်ပိုင်းတိုက်ပဲဖြစ်နေတဲ့ ငပလီကမ်းခြေ ဂေါ့ကျေးရွာအနီးမြင်ကွင်း
ဓာတ်ပုံ – Nagpali Directory Facebook Page

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."