မော်ကွန်းမဂ္ဂဇင်း အမှတ် ၆၈ မှ သုံးသပ်ချက် ဖြစ်ပါသည်။
သန်းစိုးနိုင်ရေးသည်။
NLD ပါတီရဲ့ရွေးကောက်ပွဲကြွေးကြော်သံတစ်ရပ်ဖြစ်တဲ့ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်အကောင်အထည်ဖော်ဖို့အတွက် NCA လမ်းကြောင်းအတိုင်း ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံတတိယအကျော့အစည်းအဝေးကျင်းပပြီးခဲ့တာ တစ်နှစ်ကျော်ပါပြီ။ စတုတ္ထအကျော့အစည်းအဝေးကို ၂၀၁၈ နှစ်ကုန်ပိုင်းမှာ ကျင်းပဖို့စီစဉ်ခဲ့ပေမယ့် ယခုတိုင်ကျင်းပနိုင်ခဲ့ခြင်းမရှိသေးပါ။ အဓိကအားဖြင့် UPDJC အလုပ်အဖွဲ့အနေနဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကျင်းပဖို့ စီစဉ်ဆောင်ရွက်နိုင်စွမ်းမရှိတဲ့အတွက် ညီလာခံကျင်းပဖို့လည်း အချက်အလက်မပြည့်စုံခဲ့ပါ။ ၂၀၁၈ အောက်တိုဘာထိပ်သီးအစည်းအဝေးနောက်ပိုင်းကစပြီး အမြင်သဘောထားကွဲလွဲမှုတွေ ဖြစ်ပေါ် လာတဲ့အတွက် NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေထဲက KNU ပါတီနဲ့ RCSS အဖွဲ့တွေက အစိုးရရဲ့ တရားဝင်ငြိမ်းချမ်းရေး ဆွေးနွေးပွဲလုပ်ငန်းစဉ်တွေမှာမပါဝင်ဖို့ ဆုံးဖြတ်ထားခဲ့ကြပါတယ်။ ဒါကြောင့် အစိုးရနဲ့ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေအကြား နားလည်မှု ပြန်လည်ရရှိအောင် ကြိုးစားနေရတဲ့အချိန်ဖြစ်ပါတယ်။ အခြားတစ်ဖက်မှာလည်း NCA လက်မှတ်မရေးထိုးရသေးတဲ့ မြောက်ပိုင်းအဖွဲ့လေးဖွဲ့နဲ့ NRPC တို့အကြား Bilateral လက်မှတ်ရေးထိုးနိုင်ဖို့ ဆွေးနွေးပွဲတွေဟာလည်း ဆွေးနွေးပွဲနေရာရွေးချယ်မှု အဆင်မပြေတဲ့အတွက် ယနေ့တိုင်ကျင်းပနိုင်ခြင်းမရှိသေးပါဘူး။ ခြုံပြောရရင် ၂၁ ရာစုပင်လုံအစည်းအဝေးတွေကနေ ဖွဲ့စည်းပုံပြင်ဆင်ရေး လွှတ်တော်ပြင်ပလမ်းကြောင်းဟာ တုံ့ဆိုင်းရပ်တန့်နေခဲ့ပါပြီ။
ဒါကြောင့် NLD ပါတီအနေနဲ့ ရွေးကောက်ပွဲကတိကဝတ်တစ်ရပ်ဖြစ်တဲ့ ဖွဲ့စည်းပုံပြုပြင်ရေးကို လွှတ်တော်တွင်း လမ်းကြောင်းကနေ အကောင်အထည်ဖော်ဖို့အတွက် ၂၀၁၉ ဖေဖော် ဝါရီ ၁၉ ရက်က “၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူး ပေါင်းကော်မတီ” တစ်ရပ်ကို ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါတယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၄၅ ဦးပါဝင်တဲ့ ဒီကော်မတီကို လွှတ်တော်တွင်းရှိ နိုင်ငံရေးပါတီ ၁၄ ပါတီမှကိုယ်စားလှယ်များ၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ်များ၊ တပ်မတော်သားကိုယ်စားလှယ်များ ပါဝင်ခဲ့ပါတယ်။
၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန်၊ ဖြည့်စွက်ရန်၊ ပယ်ဖျက်ရန် အချက်အလက်စုစုပေါင်း ၃,၇၆၅ ချက်အထိတင်ပြခဲ့ကြပါတယ်။ ပါတီအလိုက် အကြံပြုတင်ပြချက်များမှာ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ၁,၁၁၂ ချက်၊ ရခိုင်အမျိုးသားပါတီ ၈၅၈ ချက်၊ မွန်အမျိုးသားပါတီ ၆၄၁ ချက်၊ အမျိုးသားညီညွတ်ရေးဒီမိုကရက်တစ်ပါတီ ၄၆၂ ချက်၊ တအာန်းအမျိုးသားပါတီ ၁၇၈ ချက်၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် ၅၃ ချက်၊ ပအို့ဝ်အမျိုးသားအဖွဲ့ချုပ် ၁၄၀ ချက်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၁၁၄ ချက်၊ ကချင်ဒီမိုကရေစီပါတီ ၁၁၁ ချက်၊ ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ ၄၁ ချက်၊ လီဆူးအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ၂၆ ချက်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ၁၇ ချက်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ၁၀ ချက်နှင့် တစ်သီးပုဂ္ဂလများသုံးချက်အပါအဝင် စုစုပေါင်း ၃,၇၆၅ ချက် ဖြစ်ပါတယ်။

၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော် မတီမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များလည်း ပါဝင်ခဲ့ပြီး ၎င်းတို့က သဘောထားမှတ်ချက် သုံးခု ပေးခဲ့ပါတယ်။ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့စည်းဆောင်ရွက်ခြင်းဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအခန်း ၁၂ ပါ ပြဋ္ဌာန်းချက်များနဲ့ ကိုက်ညီခြင်းမရှိသောကြောင့် ကော်မတီဖွဲ့စည်းရန် အဆိုတင်သွင်းစဉ်ကပင် ကန့်ကွက်ခဲ့ကြပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ ပြည်ထောင်စုလွှတ်တော်မှ မဲခွဲဆုံးဖြတ် အတည်ပြုပြီး ဖွဲ့စည်းခဲ့ခြင်းဖြစ်၍ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ချက်ကို လေးစားလိုက်နာသောအားဖြင့် ပါဝင်တက်ရောက် ခဲ့ခြင်းသာ ဖြစ်ပါတယ်။ တပ်မတော်သားလွှတ်တော်ကိုယ်စား လှယ်များအနေဖြင့် ယခုပူးပေါင်းကော်မတီဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခန်း ၁၂ ပါ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များနဲ့ ကိုက်ညီခြင်း မရှိတဲ့အတွက် အဆိုပြုချက်များ တင်သွင်းခြင်း၊ သဘောထားမှတ်ချက် ပေးခဲ့ခြင်းတော့မရှိခဲ့ပါ။ ဒီသဘောအရ လက်ရှိ ဖွဲ့စည်းထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးပူးပေါင်းကော်မတီရဲ့ လုပ်ငန်းတွေမှာ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ သဘောထားဖော်ပြ ခြင်းတွေ၊ ပါဝင်ဆောင်ရွက်ခြင်းတွေ ပြုမှာမဟုတ်ဘူးလို့ ရှင်းလင်းကြေညာလိုက်တာဖြစ်ပါတယ်။ တပ်မတော်ရဲ့ သဘောတူမှု၊ ပါဝင်ထောက်ခံမှု မရှိရင် ၂၀ဝ၈ ဖွဲ့စည်းပုံပြုပြင်ရေးဟာ ဘယ်လိုမှ အကောင်အထည်ပေါ် အောင်မြင်လာနိုင်စရာ အကြောင်းမရှိပါဘူး။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလွှတ်တော်တွင်း ဆောင်ရွက်ချက်မှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ ပူးပေါင်းဆောင်ရွက်မှုမရှိခြင်းနှင့် ပတ်သက်ပြီး ပအို့ဝ် အမျိုး သားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာကတော့ ဖွဲ့စည်းပုံပြုပြင်ရေးနဲ့ ပတ်သက်ပြီး လွှတ်တော်ပြင်ပလမ်းကြောင်းက နည်းနည်းရပ်တန့်နေတယ်။ ဒါကြောင့် လွှတ်တော်တွင်းလမ်းကြောင်းက သွားတာသွားပါစေ၊ လွှတ်တော်ပြင်ပလမ်းကြောင်းအားကောင်းလာရင် ပြန်ပေါင်းမိကြမှာပါ။ တပ်မတော်သားတွေကလည်း ဖွဲ့စည်းပုံအရ Law Maker တွေ ဖြစ်နေတော့ သူတို့ရဲ့ တရားဝင်လုပ်ပိုင်ခွင့်ကို အသုံးချပိုင်ခွင့်ရှိသလို အသုံးမချပိုင်ခွင့်လည်းရှိပါတယ်လို့ထောက်ပြခဲ့ပါတယ်။
တအာန်းလက်နက်ကိုင်အဖွဲ့ (TNLA) သတင်းနှင့် ပြန်ကြားရေးဌာနမှ ဗိုလ်မှူးတာ့အိုက်ကျော်က ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ပြည့်စုံမှုမရှိ၊ တရားမျှတမှုမရှိတဲ့အတွက် လက်နက်စွဲကိုင်ကာတော်လှန်ရေးဆင်နွှဲနေရခြင်း ဖြစ်တယ်လို့ဆိုပါတယ်။ လက်ရှိမှာတိုက်ပွဲတွေ ဖြစ်ပွားနေဆဲဖြစ်လို့ ဒီတိုက်ပွဲတွေ ရပ်တန့်သွားပြီး နိုင်ငံရေးဆွေးနွေးပွဲကတစ်ဆင့်ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးမှာ အားလုံးလက်ခံနိုင်တဲ့ အဖြေတစ်ခုရှာဖွေနိုင်ရေးဟာ အဆင်ပြေနိုင်ပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲနီးမှ အခုလိုတက်သုတ်ရိုက်ပြီးထလုပ်လာတာ ဘာကြောင့်လဲဆိုတာ မေးစရာတော့ ရှိတယ်။ အရင်ကငြိမ်နေပြီး အခုမှဘာကြောင့် ထလုပ်လာတာလဲ၊ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးမှု သဏ္ဌာန်တစ်မျိုးလားလို့ စဉ်းစားစရာဖြစ်လာတယ်လို့ မှတ်ချက်ချခဲ့ပါတယ်။
နိုင်ငံရေးသုတေသီတစ်ဦးဖြစ်သူ ဒေါက်တာအောင်မျိုးက တော့ NLD ဦးဆောင်တဲ့လွှတ်တော်အနေနဲ့ ၂၀၁၆ လွှတ်တော်စတင်ကတည်းက ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် နှစ်ဦးနှစ်ဖက်ဆွေးနွေးကြမယ်ဆိုရင် အမှန်တကယ် ပြင်ဆင်လိုတဲ့ဆန္ဒရှိတယ်လို့ ယူဆနိုင်စရာရှိပါတယ်။ အခုကျမှဝုန်းခနဲဒိုင်းခနဲဖြစ်လာတဲ့ အနေအထားမျိုးကျတော့ ရွေးကောက်ပွဲ ကတိကဝတ်ကလည်းရှိနေ၊ ဘာမှလည်းအောင်မြင်မှုကိုမပြနိုင်၊ ၂၀၂၀ ကလည်းနီးလာပြီဆိုတော့ နိုင်ငံရေးအရှိန်ဩဇာရယူတာလို့ပဲ ယူဆစရာရှိလာတာပေါ့။ နောက်တစ်ခုက စစ်တပ်ကို ငြင်းပယ်ဖို့နဲ့ စစ်တပ်ကိုလူဆိုးလုပ်ပေးဖို့ဖန်တီးလာတာလို့ ယူဆစရာတွေဖြစ်လာတယ်လို့သူ့အမြင်ကိုသုံးသပ်တင်ပြခဲ့ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီက တင်သွင်းလာတဲ့ အစီရင်ခံစာမှာ ပြင်ဆင်ရန် အချက်ပေါင်း ၃,၇၀ဝ ကျော်ပါဝင်လာပြီး ဤမျှ များပြားသော အချက်များကို ပြင်ဆင်ရန် ကြိုးပမ်းခြင်းသည် နိုင်ငံအတွက် မည်မျှ အန္တရာယ် ရှိသည်ကို သိရှိနိုင်ကြောင်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များကဝေဖန်ခဲ့ပါတယ်။ တကယ်တော့ ဒါဟာ နိုင်ငံတော်ရဲ့ အန္တရာယ်ကို ဖော်ပြလိုက်တာမဟုတ်ပါဘူး။ မြန်မာနိုင်ငံရဲ့ အရပ်ဘက်-စစ်ဘက်ဆက်ဆံရေး ချောမွေ့ကောင်းမွန်လာဖို့နဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး တိုးတက်အောင်မြင်ဖို့အတွက် ဘယ် လိုအတားအဆီးတွေ ရှိနေတယ်ဆိုတာကို ဖော်ထုတ်ပြသလိုက်တာ ဖြစ်ပါတယ်။ ပြည်သူလူထုက တပ်မတော်ကို မမုန်းပါဘူး။ အမျိုးသားကာကွယ်ရေးအတွက် ခေတ်မီအင်အားတောင့်တင်းတဲ့ ဒီမိုကရေစီတပ်မတော်တစ်ရပ် တည်ရှိဖို့လိုအပ်ပါတယ်။ ဒါပေမဲ့ အမျိုးသားပေါင်းစုံ ပြည်သူတွေ ပြုပြင်ပြောင်းလဲဖို့ ဆန္ဒထက်သန်ပြင်းပြနေတဲ့ ၂၀ဝ၈ ဖွဲ့စည်းပုံကာကွယ်ရေးဟာ ဒီဖွဲ့စည်းပုံအရတပ်မတော်ရဲ့ အဓိကတာဝန်ကြီးတစ်ရပ် ဖြစ်နေတဲ့ပြဿနာပါပဲ။
NLD ပါတီ ဦးဆောင်တဲ့ လွှတ်တော်အနေနဲ့ ထိရောက်တဲ့ ဖွဲ့စည်းပုံဥပဒေပြင်ဆင်ရေးကို ဆောင်ရွက်လိုတယ်ဆိုရင် ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၂ ကို အသေအချာ လေ့လာသုံးသပ်ပြီး တပ်မတော်နဲ့ အခြေခံသဘောတူညီမှုတစ်ရပ် ရယူနိုင်အောင် အရင်ဆုံးပြင်ဆင်ညှိနှိုင်းသင့်ပါတယ်။ ဒီလိုမှ မဟုတ်ရင် ဖွဲ့စည်းပုံပြင်ဆင်ရေးလုပ်ငန်းစဉ်ဟာ သဲထဲရေသွန် ဖြစ်သွားနိုင်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေနဲ့ လည်း NCA လမ်းကြောင်းပေါ် တက်ရောက်ရေးစိတ်ကူးတွေလည်း ပျက်ပြယ်သွားနိုင်ပါတယ်။
#mawkun #magazine #chronicle #68 #analysis #than-soe-naing #NLD

