စောတာဒိုမူး ၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ အထွေထွေအတွင်းရေးမှူးချုပ်။
အောင်ထူးနိုင်မေးမြန်းသည်။
ရန်ကုန် – မေ ၁၅၊ ၂၀၂၀ (မော်ကွန်း)
ကရင်အမျိုးသားအစည်းအရုံး(KNU) က ဒီနေ့ မေ ၁၅ ရက်မှာ ကြေညာချက်တစ်ခု ထုတ်ပြန်ပါတယ်။ COVID-19 ကာလတွေကို ရင်ဆိုင်ဖြတ်သန်းနေချိန် သူတို့ထိန်းချုပ်နယ်မြေတွေအတွင်းမှာ တပ်မတော်ရဲ့ စစ်ရေးဆောင်ရွက်မှုအခြေအနေတွေ၊ နေရပ်စွန့်ခွာတိမ်းရှောင်မှုဖြစ်ပေါ်လာတဲ့ အခြေအနေတွေနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ကာလအတွင်း တပ်မတော်က အင်းအားတိုးချဲ့မှုတွေ လုပ်ဆောင်နေတာတွေ ရှိနေတယ်လို့ အဲဒီထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ သူတို့ KNU အနေနဲ့တော့ လက်ရှိတည်ဆောက်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဆက်လက်အကောင်အထည်ဖော် ထိန်းသိမ်းမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ ကရင်အမျိုးသားအစည်းအရုံးရဲ့ အထွေထွေအတွင်းရေးမှူးချုပ် ဖြစ်သူ စောတာဒိုမူးကို ဆက်သွယ်မေးမြန်းထားတာတွေထဲက တချို့ကို ထုတ်နှုတ်ဖော်ပြလိုက်ပါတယ်။
မော်ကွန်း။ ။ KNU ရဲ့ထုတ်ပြန်ချက်အရ တပ်မတော်ဘက်က ရန်လိုတဲ့ အပြုအမူတွေ လုပ်လာတယ်ဆိုတာ ဘယ်လိုအချက်တွေလဲ။
စောတာဒိုးမူး။ ။ ကျွန်တော်တို့ COVID-19 နဲ့ပတ်သက်တဲ့ ကျန်းမာရေးစစ်ဆေးတဲ့ နေရာတွေရှိတယ်။ အဲဒီလို နေရာမျိုးတွေဆိုရင် သူတို့ပိတ်ပင်တာတို့၊ မလှမ်းမကမ်းမှာ တပ်လာချတာတို့၊ တချို့နေရာတွေမှာဆိုရင် ကျွန်တော်တို့ NCA( နိုင်ငံလုံးဆိုင်ရာပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်) နဲ့ပတ်သက်တဲ့ကိစ္စရပ်တွေကို လူထုကို ရှင်းပြတာမှာ လာကန့်ကွက်တာတို့ဆိုတော့ ဒါတွေက NCA အရ ကျွန်တော်တို့ လုပ်ကိုလုပ်ရမယ့် ကိစ္စဖြစ်တာပေါ့။ ဖာပွန်လိုနေရာမျိုးဆိုရင်လည်း လာပြီးကျန်းမာရေးစစ်ဆေးတဲ့ တဲတွေကို ဖျက်ဆီးမီးရှို့လိုက်တာမျိုးတွေဆိုတော့ ဒါတွေကနှစ်ဖက်ညှိနှိုင်းလို့ရနိုင်တဲ့အနေအထားရှိတယ်ဆိုတာကို ထောက်ပြချင်တာပါ။
မော်ကွန်း။ ။ ထုတ်ပြန်ချက်ထဲမှာ ခရိုင်အတွင်း လက်နက်ကြီးကျည်ကျတယ်ဆိုတာပါတော့ ဒီကာလမှာ ဘယ်လို အခြေအနေတွေ ရှိနေတယ်ဆိုတာ ရှင်းပြပေးပါဦး။
စောတာဒိုမူး။ ။ အဲဒီဟာကတော့ ဖေဖော်ဝါရီ ၊ မတ်ထဲမှာဖြစ်တာကို ထောက်ပြချင်တာပါ။ ဥပမာ လူထုနေတဲ့နေရာကို သူတို့မထင်ရင်မထင်သလို လက်နက်ကြီးတွေနဲ့ လှမ်းပစ်တာပေါ့။ အဲဒီလိုပစ်တော့ တစ်ခါတလေကျတော့လည်း တချို့ ကျွဲ၊ နွားတွေသေတာတွေတောင် ရှိခဲ့တယ်လေ။ ဆိုတော့ လူထုလည်း အဲဒီမှာကြောက်လန့်ပြီးတော့ ရွာတွေမှာမနေရဲတော့ဘဲ ထွက်ပြေးတိမ်းရှောင်နေတဲ့ပုံစံတွေဖြစ်တာပေါ့။ ဆိုတော့ IDP (နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်သူ) တွေက ပိုပြီးတော့တိုးလာတဲ့အနေအထားရှိတာပေါ့။
မော်ကွန်း။ ။ IDP က အရေအတွက် ဘယ်လောက်ရှိနေပါသလဲ၊ သူတို့အတွက် ဘယ်လိုအဖြေရှာနေပါသလဲ။
စောတာဒိုမူး။ ။ ကျွန်တော်တို့ လုပ်နိုင်တာကတော့ ဒီကာလမှာ ဒီ IDP တွေကို အခြေခံကျန်းမာရေး စောက်ရှောက်မှုပေးတာမျိုး၊ အခြေခံထောက်ပံ့မှုလေးတွေ ဒီလောက်ပဲ ကျွန်တော်တို့ လုပ်နိုင်တာပေါ့။ ကျွန်တော်တို့ လုပ်နိုင်သမျှတော့ လုပ်ကြတာပေါ့။ အသစ်တွေကတော့ လမ်းထိုးကတည်းက၊ လမ်းပြဿနာ ဖြစ်တဲ့အချိန်ကတည်းက လူတွေက ရွာတွေကို ပြန်မရောက်ကြသေးဘူး။ တစ်ထောင်ကျော် နှစ်ထောင်နီးပါး လောက်ရှိတာပေါ့။
မော်ကွန်း။ ။ ထုတ်ပြန်ချက်ထဲမှာ တောင်ယာတွေ မီးရှို့ခံရတယ်ဆိုတဲ့အချက်လည်းပါတော့ ဘာတွေ ဆုံးရှုံးသွားလဲ။ ဘယ်လောက်ဆုံးရှုံးခဲ့ပါသလဲ။
စောတာဒိုမူး။ ။ အဲဒီလို ဧရိယာတွေက ကရင်လို မအိလို့ ခေါ်တယ်။ ကွမ်းထဲမှာ ထည့်စားရတဲ့ ဖာလာခြံတွေရှိ တယ်။ ဖာလာက တောကိုပဲမှီပြီး လုပ်ရတာဆိုတော့၊ နောက်ပြီးတော့ တောင်ယာတွေဆိုတာက ဒီဖာလာသမားမလုပ်တဲ့သူတွေက တောင်ယာလုပ်ကြတယ်။ တောင်ယာသမားတွေက စပါးမထွက်သေးဘဲ မီးရှို့ခံရတော့ ကရင်တွေကလည်း သူတို့ထုံးစံက ဒီလိုဖြစ်သွားတယ်ဆိုရင် ဒါကနိမိတ်မကောင်းဘူးဆိုပြီး သူတို့ မလုပ်တော့ဘူး။ ဒါတွေက ဆုံးရှုံးမှုတွေဖြစ်တာပေါ့။ ဒါတွေက အခုမှကြုံတွေ့ရတာမဟုတ်ပါဘူး။ ဟိုးအရင် ဖြတ်လေးဖြတ်ကတည်းက ကြုံတွေ့ရတဲ့ဟာတွေပေါ့။ နောက်တစ်သီးအတွက်က သူတို့အဆင်မပြေတော့ဘူး ပေါ့နော်။ အဲဒီလို အခက်အခဲတွေရှိပါတယ်။
မော်ကွန်း။ ။ ဘယ်လောက်ဆုံးရှုံးသွားတယ်ဆိုတာရော စာရင်းရှိပါသလား။
စောတာဒိုမူး။ ။ ကျွန်တော်မှတ်မိသလောက်ကတော့ တောင်ယာနဲ့ ခြံ ၆၀ လောက်ရှိတယ်လို့ ပြောတယ်။ အကျယ်အဝန်းကတော့ တွက်ရတာတော့ နည်းနည်းခက်တယ်၊ ပိုင်ဆိုင်တဲ့ လူဦးရေအနေအထားပေါ်မှာပဲ ကျွန်တော်တို့က ပြန်တွက်ထားတာဆိုတော့၊ တပ်မဟာ(၁) ဘက်မှာဆိုရင်လည်း ဘယ်လိုသဘောလည်းတော့ မသိဘူး။ သစ်တောက ဝင်ပြီးမီးရှို့သွားတာ။ တောမီးတွေလောင်သွားပြီးတော့ ကျွန်တော်တို့ ဒေသခြံတွေ ဘာတွေလည်း မီးလောင်သွားတာ။ ဒါတွေက တမင်သက်သက်ကို လုပ်တဲ့သဘောရှိတယ်။ ဘယ်လိုရည်ရွယ်ချက်လည်း ကျွန်တော်တို့လည်း ခန့်မှန်းရခက်တယ်။
မော်ကွန်း။ ။ ထုတ်ပြန်ချက်ထဲမှာ တပ်မတော်က အင်အားတိုးချဲ့ထားတယ်လို့လည်း ပြောထားတယ်ဆိုတော့ ဘယ်လိုအထောက်အထားတွေ ရှိပါသလဲ။
စောတာဒိုမူး။ ။ အထောက်အထားက ကျွန်တော်တို့ရှေ့တန်းက အထောက်အထားတွေတော့ ရှိပါတယ်။ ဒါပေမယ့် ဒါတွေကတော့ ကျွန်တော်တို့ ထုတ်ပြောဖို့တော့မရှိဘူး။ ဒါပေမယ့် အခိုင်အမာပြောရဲတာက ဥပမာ စခန်းတစ်ခုမှာ အယောက် ၃၀ လောက်ရှိတဲ့စခန်းဆိုရင် သူက အယောက် ၆၀ လောက်ရှိလာတယ်။ စခန်းကို ကောင်းအောင်ပြန်လုပ်တယ်။ လူအားကိုတိုးချဲ့တယ်။ တချို့နေရာတွေဆိုလည်း နယ်စပ်တစ်လျှောက်မှာ အထူးသဖြင့် သူတို့ရဲ့ စခန်းကြီးတွေမှာဆိုရင်လည်း လူအားတို့ချဲ့လာတာတွေ ရှိတယ်။ ဒီကိစ္စတွေကလည်း ဒီကာလမျိုးမှာ မလုပ်သင့်မလုပ်အပ်တဲ့ကိစ္စမျိုးပေါ့။ အပစ်အခတ်ရပ်စဲရေးလုပ်တဲ့ကာလထဲမှာပေါ့။
မော်ကွန်း။ ။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း KNU နဲ့ အစိုးရဘက်ကဖွဲ့လိုက်တဲ့ COVID – 19 ညှိနှိုင်းရေးကော်မတီနဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ ဘာတွေ ညှိနှိုင်းလို့ ရခဲ့ပါသလဲ။
စောတာဒိုမူး။ ။ အဓိကတော့ COVID_19 ကိစ္စမှာ ကျွန်တော်တို့ ဘယ်လိုပုံစံမျိုးနဲ့လုပ်ကြမလဲ။ လူနာတွေ့ရင် ဘယ်လိုကူညီမလဲ။ ကုသရေးပိုင်းမှာဆိုရင်လည်း ကျွန်တော်တို့ လူနာတွေ့တယ်ဆိုရင် ဘယ်လိုချိတ်ဆက်ပြီး တော့ ကုသရေးကိုလုပ်ဆောင်မလဲ၊ စတာတွေနဲ့ တစ်ဆက်တည်းမှာပဲ အငြင်းပွားမှုဖြစ်နေတဲ့ ကာကွယ်ထိန်းချုပ်ရေးစခန်း နှစ်နေရာ၊ သုံးနေရာနဲ့ပတ်သက်ပြီး ဒါကိုလည်း ကျွန်တော်တို့ ညှိနှိုင်းတာတော့ ရှိတယ်။ ဒါကလည်း အဖြေတော့မထွက်သေးဘူး။ ဒါကို ကျွန်တော်တို့ ဆက်ညှိနှိုင်းဖို့ ရှိပါတယ်။ သူတို့ဘက် ကတော့ ဒီပြဿနာရှိတဲ့နေရာကို ကျွန်တော်တို့ တင်ပြခိုင်းပြီးတော့ အဲဒီမှာ ကျွန်တော်တို့ နှစ်ဖက်ပြန်ညှိ နှိုင်းမယ်ဆိုတဲ့ သဘောမျိုးရှိပါတယ်။ နောက်တစ်ပတ်ထဲမှာ ပြန်တွေ့ဖို့ ရှိပါတယ်။ ရက်အတိအကျတော့ ကျွန်တော်တို့ ပြန်ညှိနှိုင်းရဦးမှာဖြစ်ပါတယ်။
မော်ကွန်း။ ။ KNU ရဲ့ ထုတ်ပြန်ချက်က ဘာကို ရည်ရွယ်ပါသလဲ။
စောတာဒိုမူး။ ။ ရည်ရွယ်ချက်တော့ လက်ရှိအခြေအနေမှာ COVID-19 ကြောင့်ပဲ အားလုံးက စိုးရိမ်နေကြတာလေ။ တစ်ဖက်မှာ အပစ်အခတ်ရပ်စဲရေးအောက်မှာလည်း တည်ငြိမ်မှုက ဒီလိုမျိုး ရှိမနေတော့ ဒါတွေက ကျွန်တော်တို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ အပစ်အခတ်ရပ်စဲရေးကိစ္စမှာ အများကြီး အနှောက်အယှက်ဖြစ်စေတာပေါ့။ တစ်ဖက်မှာလည်း တပ်မတော်ဘက်က ထုတ်လိုက်တဲ့ ထုတ်ပြန်ကြေညာချက်မှာလည်း အခြေခံပြီးတော့ ကျွန်တော်တို့က သူတို့ရဲ့မူတွေထက် NCA ကို အခြေခံတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ကိုက်ညီတဲ့၊ ဒီအခြေခံမူတွေနဲ့ ပြင်ဆင်ရင်တော့ ပိုပြီးတော့ သင့်တော်မယ်လို့။ ဘာလို့လည်းဆိုတော့ သူ့မူ ကိုယ့်မူက ရှိနေကြတာပဲ၊ သူ့မူ ကိုယ့်မူကို ကျွန်တော်တို့ ဘယ်လိုညှိကြမလဲဆိုတဲ့ညှိနှိုင်းရေးအပိုင်းကို ကျွန်တော်တို့က ပိုပြီးဖြစ်စေချင်တာပေါ့နော်။
မော်ကွန်း။ ။ တပ်မတော်ကနေ ဆောင်ရွက်လာတာတွေဟာ ငြိမ်းချမ်းရေးကို ဘယ်လိုထိခိုက်တယ်လို့ KNU က သုံးသပ်ထားပါသလဲ။
စောတာဒိုမူး။ ။ ဒါကိုတော့ ထိန်းသိမ်းနိုင်မယ်ဆိုရင်တော့ ပိုကောင်းတာပေါ့။ မထိန်းသိမ်းနိုင်ဘူးဆိုရင်တော့ ငြိမ်းချမ်းရေးလုပ်တယ်ဆိုတာ နှစ်ဖက်ယုံကြည်မှုတည်ဆောက်ခြင်းအပေါ်မှာ မူတည်ပြီးတော့ တိုးတက်မှုဆိုတာ ရှိသွားရပါမယ်။ အဲဒီတော့ ယုံကြည်မှု တည်ဆောက်ရေးမှာတော့ အနှောက်အယှက်ဖြစ်တာပေါ့။ အဲဒီတော့ အမှန်တကယ် ကျွန်တော်တို့ ရည်မှန်းတဲ့ ငြိမ်းချမ်းရေးကတော့ ဒီအတိုင်းမသွားသင့်ပါဘူးဆိုတာကို ကျွန်တော်တို့ ထောက်ပြတာဖြစ်ပါတယ်။
#Dailynews