ရေဂင်
ရန်ကုန် – အောက်တိုဘာ ၈ (မော်ကွန်း)
ကုန်တင်ကားသမားများအား Covid – 19 စစ်ဆေးရာတွင် ကြန့်ကြာမှုများကြောင့် ကုန်စည် စီးဆင်းမှုများ ရပ်တန့်သကဲ့သို့ဖြစ်နေပြီး ကုန်စည်စီးဆင်းမှုများ မူလအခြေအထိ ပြန်လည် ကောင်းမွန်လာခြင်းမရှိပါက ကုန်ဈေးနှုန်းတက်လာမှုကို တားဆီးနိုင်လိမ့်မည်မဟုတ်ကြောင်း ဘုရင့်နောင် ကုန်စည်ဒိုင်ဥက္ကဋ္ဌ ဦးခင်ဟန်က ပြောသည်။
လက်ရှိ ဘုရင့်နောင် ကုန်စည်ဒိုင်တွင် အာလူး၊ ပဲ၊ ကြက်သွန်၊ ကြက်သွန်ဖြူ၊ စားအုန်းဆီ စသည့် စားသောက်ကုန်များမှာ ကုန်အဝင်မရှိခြင်းကြောင့် တက်ရိပ်ပြနေသည်ဟု ဦးခင်ဟန်ကပြောသည်။
“ကားသမားတွေကို အခုချိန်မှာ မြို့နယ်တိုင်းလိုလိုက အဝင်မခံဘဲ COVID ရှိ၊ မရှိ စစ်ဆေးနေတာဆိုတော့ ကားတွေက မထွက်တဲ့ကားတွေများတယ်။ ထွက်တဲ့ကားကြတော့လမ်း လမ်းမှာ သောင်တင်နေတာပေါ့။ ဒီပြဿနာကို အမြန်ဆုံး အဖြေရှင်းနိုင်ရင် ကုန်ဈေးနှုန်းကတော့ တက်လာမှာပဲ ” ဟု ဦးခင်ဟန်က ရှင်းပြသည်။
အဝေးပြေး ကုန်စည် ပို့ဆောင်ရေး အသင်း ဥက္ကဋ္ဌ ဦးကျင်သိန်းကလည်း ကုန်တင်ကားသမားများ အတွက်ထားရှိသည့် COIVD စင်တာများမှာ ကားသမားအရေအတွက်နှင့်နှိုင်းယှဉ်ပါက များစွာနည်းပါးနေပြီး စင်တာတွင်လည်း ဝန်ထမ်းအင်အား တိုးမြှင့်ပေးရန် လိုအပ်နေသေးသည်ဟုဆိုသည်။
ထို့အပြင် ကုန်စည်စီးဆင်းမှုနှင့်ပတ်သက်၍ ဗဟိုအစိုးရ၏ထုတ်ပြန်ချက်တစ်ခုတည်းကို ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ အာဏာပိုင်များကလည်း လိုက်နာရန်လိုအပ်နေကြောင်းလည်း၎င်းက ပြောသည်။
“ ရန်ကုန် MCC စင်တာကနေ ကျန်းမာရေးထောက်ခံစာနဲ့ ကားသမားကသွားတယ်။ ဒါပေမယ့် ဆိုင်ရာ ပြည်နယ်တွေ၊ တိုင်းဒေသတွေ ရောက်တော့ ထပ်အစစ်ခံနေရတယ်။ အဲသည်တော့ လမ်းမှာ ကြန့်ကြာကုန်ရော။ နောက်တစ်ခုက ကားသမားတွေကို မြို့တွေမှာ အဝင်မခံဘူး။ ပစ္စည်းချပြီး တစ်ခြားတစ်နေရာမှာ အိပ်ခိုင်းတော့ အပြန်အတွက် ကုန်တွေရှာရဖို့က အခက်အခဲရှိတယ်” ဟု ဦးကျင်သိန်းက အခြေအနေကို ရှင်းပြသည်။
COVID -19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီအနေဖြင့် ပြီးခဲ့သည့် စက်တင်ဘာ ၂၀ ရက် မှစ၍ ကုန်တင်ယာဉ်များ သွားလာမှုနှင့် ပတ်သက်သည့် စံသက်မှတ်ချက်များကို ထုတ်ပြန်ခဲ့ပြီးနောက် အောက်တိုဘာ ၁ ရက်မှစတင်၍ ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် ကုန်တင်ယာဉ်များကို COVID – 19 စစ်ဆေးမှုများ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ဓါတ်ပုံ – ရေဂင်
ယနေ့တွေ့ရှိရသော ရန်ကုန်မြို့ ဘုရင့်နောင်ကုန်စည်ဒိုင်ဝင်း။
#Dailynews

