Illustration -MAUNG NOE
နေ့စဉ် ဘဝထဲ ပေါက်ကွဲနေသံတွေကို
အနုပညာဆန်စွာ စုံစမ်းဖော်ထုတ်တင်ပြ
ထက်မြက်လှတဲ့ ဂျာနယ်လစ်ဟာ သူပါ။
ပြည်သူတွေ အသိအမြင် မချို့တဲ့စေရေး
စည်းရုံးလှုံ့ဆော် ပညာပေးဖို့ ဘာကိုမှ မကြောက်
ရဲရဲတောက် နိုင်ငံရေးသမားဟာ သူပါ။
ဥခွံဟောင်းထဲက ဖောက်ထွက်လို့
ယိုယွင်းပျက်စီးနေတဲ့ စနစ်ဆိုးကို ဖြိုဖျက်
လက်တွေ့ကျတဲ့ တော်လှန်ရေးသမားဟာ သူပါ။
လောကကြီးရဲ့ အဆီအငေါ် မတည့်မှုတွေကို
ပြောင်ပြောင်တင်းတင်း သရော်လှောင်ပြောင်ရင်း
အမှောင်ခွင်းလို့ အလင်းဆောင်သူဟာ သူပါ။
အပစ်အခတ်တွေ အားလုံးရပ်စဲပြီး
ရန်သူချင်း လက်တွဲလို့ မိတ်ဆွေဖွဲ့ ပေါင်းစည်းဖို့
ခေါင်းလောင်းတီးတဲ့ ငြိမ်းချမ်းရေးသမားဟာ သူပါ။
သဘာဝ ရေမြေတောတောင်တွေကို တည်တံ့စေရေး
ဝိသမလောဘသားတွေ ဘေးက ခုခံကာကွယ်ပေးတဲ့
ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားဟာ သူပါ။
လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာတွေ
လွတ်လပ်မျှတစွာ ခွဲဝေလို့ လူ့ကျင့်ဝတ်တွေ စောင့်စည်းဖို့
ကမ္ဘာကြီးကို ဥပေက္ခာပြုတဲ့သူဟာ သူပါ။
လူ့သမိုင်းခေတ်တွေ တစ်ခေတ်ပြီး တစ်ခေတ်
ယဉ်ကျေးမှုသစ်တွေ အဆင့်ဆင့် မြင့်မားရစ်ဖို့
ရင်ဘတ်ပေါ်မှာ အက္ခရာ ထုဆစ်တဲ့သူဟာ သူပါ။
အဲဒီသူဟာ ဘယ်သူလဲ
အတိုက်အခံလား၊ လူစွမ်းကောင်းလား၊ တန်ခိုးရှင်လား
လူတွေကြားမှာ လူတွေ မေ့လျော့ထားကြတဲ့ သူပါပဲ။
(၂၉.၈.၂ဝ၁၆)
၂၀၁၇-မတ်လထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၄)မှ ကဗျာ ဖြစ်ပါတယ်။
မင်းထက်မောင် ရေးသည်။