သူငယ်ချင်း မင်းသားလေး

သူငယ်ချင်း မင်းသားလေး

Illustration – MAUNG NOE

(၁)

အခုလို နေရောင်ခြည် ပြီတီတီတွေ

မသတီစရာကောင်းစွာ ပြိုးပြက်ဝင်းဝါတောက်ပ

ဆိုးရွားပူလောင်လှတဲ့ ရာသီပျက်ကြီးထဲ

ဟုတ်ကဲ့၊ တစ်ခုသော ဒီလို ရာသီပျက်ကြီးထဲမှာပါပဲ

ဘာကြောင့်မှန်း မသိ သူဟာ ကျွန်တော့်ကို

နှုတ်ဆက်စကားကလေး ဆိုဖို့တောင် သတိမရဘဲ

သူတစ်ယောက်တည်း တိတ်တဆိတ် ထွက်ခွာသွားခဲ့

သူနဲ့ ကျွန်တော် နှစ်ယောက်သား

အများက စိတ်ဝင်စားလက်ခံဖို့ရာ ခက်ခဲမယ့်

အာရုံခံစားမှုပိုင်း အနည်းငယ်လွန်ကဲတဲ့

အနုပညာဆိုင်ရာ ပရောဂျက်တစ်ခုကို

အတူတကွ လက်တွဲ လုပ်ဆောင်သွားကြမယ်ဆိုပြီး

ယုံကြည်မျှော်လင့်ချက်တွေ ကြီးကြီးထားလို့

စိတ်ကူးတည်ဆောက် အကောင်အထည်ဖော်ခဲ့ကြ

အခုတော့ အဲဒီ လုပ်လက်စတွေ တစ်ပိုင်းတန်းလန်းနဲ့

ကျွန်တော်ဟာ အဖော်မဲ့ ကျန်ရစ်ကာ

တစ်ကိုယ်တော် ဆက်လက် ဖြတ်သန်းခဲ့ရ

စိတ်ပျက်အားငယ်စရာ အလွန်ကောင်းလှ

ဒါကို ဘယ်သူတွေ စာနာ နားလည်နိုင်ပါ့မလဲလေ။

 

(၂)

ကျွန်တော် ခပ်ငယ်ငယ်အရွယ်လောက်တုန်းက

သိပ်နားမလည်စွာ ဖတ်ရှုပြီး နှစ်သက်စွဲလမ်းခဲ့ဖူးတဲ့(ဆရာမ ခင်လေးမြင့် ပြင်သစ်ကနေ မြန်မာလို ပြန်ဆိုတဲ့)

အန်တွမ်းဒီစန်တက်ဇူပေရီရဲ့ ‘မင်းသားလေး’လိုများ

သူဟာ သူ့ဌာနေ ဂြိုဟ်ငယ်ကလေးဆီ

ရည်ရွယ်ချက်ရှိရှိ ပြန်သွားချင်ပေလား

ဒါကို ကျွန်တော် ရေရေရာရာ ပိုင်းခြားပြီး အဖြေမရှာတတ်

ဒါဟာ ဘယ်သူမှ တတ်နိုင်တဲ့ အရာ မဟုတ်ဘဲ

မမြဲတဲ့ လောကရဲ့ နိယာမ သဘာဝပေပဲလို့

ကျွန်တော့်ကိုယ် ကျွန်တော် ပြန်နှစ်သိမ့်အားပေးရင်း

ဝမ်းနည်းကြေကွဲခြင်းတွေကို အတတ်နိုင်ဆုံး ဖြေလျှော့ထားခဲ့

သူ့ကို သတိရတမ်းတမိလေတိုင်း

သူနဲ့အတူလုပ်ဖို့ စိတ်ကူးကြံစည်ထားခဲ့ကြဖူးတဲ့

အူကြောင်ကြောင် လုပ်လက်စ အလုပ်တွေကိုသာ

ပြီးမြောက်အဆုံးသတ်နိုင်ဖို့ ကျွန်တော် ပိုအားစိုက်ထုတ်ခဲ့

ဒီလိုနဲ့ နှစ်ကာလတွေလည်း တဖြည်းဖြည်း ကြာညောင်း

လေးနှစ်ကနေ ငါးနှစ်ထဲ ပြောင်းခဲ့ပါပြီ။

(၃)

ဒီနေ့တော့ ကျွန်တော်ဟာ

လုပ်ကိုင်ဖို့ရာ သူ အလွန်စိတ်အားထက်သန်ခဲ့တဲ့

စွန့်ဦးတီထွင်ဆန်တဲ့ အနုပညာကိစ္စရပ်တစ်ခုကို

လုံးလုံးလျားလျား အောင်မြင်ပြီးမြောက်သွားအောင်

ကိုယ့်စိတ်တိုင်းကျ လုပ်ဆောင်နိုင်ခဲ့ပေါ့

အဲဒီအထိမ်းအမှတ်အနေနဲ့ ကျွန်တော်ဟာ

ပျော်ရွှင်ဖွယ် ဒီညနေခင်းကလေးမှာ

စားသောက်ပွဲကလေးတစ်ခုကို အထူးကျင်းပဖြစ်ခဲ့

ကျင်းပတယ်ဆိုပေမယ့်

ဘယ်ဟိုတယ် ဘယ်စားသောက်ဆိုင်မှာမှ မဟုတ်ဘဲ

ကျွန်တော့်အခန်းထဲမှာ ကျွန်တော်

တခြားမိတ်ဆွေအပေါင်းအသင်း ဘယ်သူမှလည်း မပါဝင်ဘဲ

ကျွန်တော်တစ်ယောက်တည်း ကျင်းပခဲ့ခြင်းပါ

ကျွန်တော့် စာရေးစားပွဲပေါ်မှာ

စားစရာ မြည်းစရာ တချို့နဲ့

ကြည်လင်တဲ့ ဖန်ခွက်နှစ်လုံးကို ချလို့ပေါ့

ပြီးတော့ ကျွန်တော့်အတွက် ဖန်ခွက်ထဲမှာ ဝီစကီကို ထည့်လို့

သူ့အတွက် ဖန်ခွက်ထဲမှာတော့ ဝိုင်ကို ထည့်လို့ပေါ့

စကားစပ်လို့ ပြောရရင်

သူဟာ ဘီယာနဲ့ ဝီစကီကို လုံးဝ ရှောင်ကြည်ပေမယ့်

ဝိုင်ကိုတော့ စိတ်လာတဲ့အခါ တစ်ဝသောက်တတ်သူပါ

ဒီလိုနဲ့ ကျွန်တော်တို့နှစ်ယောက်

ဖန်ခွက်ချင်း တိုက်ခဲ့ကြတယ်

စကားတွေ အများကြီး ပြောခဲ့ကြတယ်

လုပ်ချင်ရာ အလုပ်တစ်ခု ပြီးမြောက်သွားခြင်းအတွက်

အပြန်အလှန် ဂုဏ်ပြုခဲ့ကြတယ်

သူ့ကို ကြည့်ရတာကတော့

အရင်လိုပဲ အေးဆေးဆေးဆေး တည်တည်ငြိမ်ငြိမ် ရှိပုံပါပဲ။

(၄)

သူနဲ့ ကျွန်တော် နှစ်ယောက်တည်း

စားသောက်ပွဲ ကျင်းပခဲ့တဲ့ အဲဒီညက

ကျွန်တော် ငိုခဲ့မိသေးသလား ဆိုတာကိုတော့

ကျွန်တော် ကောင်းကောင်း မမှတ်မိတော့ပါဘူး

ဘာလို့ဆို အဲဒီညက ကျွန်တော် အတော်မူးပြီး

ကြမ်းပြင်ပေါ် မှောက်ကာ အိပ်ပျော်သွားခဲ့လို့ပါပဲ

အသေအချာတော့ မပြောတတ်ပါဘူး

အဲဒီညက ကျွန်တော် မျက်ရည်ကျကောင်း ကျခဲ့နိုင်ပါတယ်

ဒါပေမဲ့ အဲဒီမျက်ရည်ဟာ

သူ့အတွက် ဝမ်းနည်းကြေကွဲခြင်းသက်သက် ကျခဲ့တဲ့

အပူရောင်ခံစားချက်တွေချည်းတော့ မဟုတ်နိုင်ပါဘူး

ဘာပဲဖြစ်ဖြစ် အဲဒီညက သူရော ကျွန်တော်ပါ

နှစ်ယောက်စလုံး ပျော်ရွှင် ကျေနပ်ခဲ့ကြပုံပါပဲ

ထုံးစံအတိုင်း တချို့ကိစ္စကလေးတွေမှာ

အယူအဆချင်း သဘောထားချင်း

အနည်းအကျဉ်း ကွဲလွဲလို့

ငြင်းခုံစကားများကြတာမျိုးတွေ ရှိခဲ့ပေမယ့်လည်း

တစ်ယောက်နဲ့ တစ်ယောက် ဘာမှ စိတ်ထဲ မထားခဲ့ကြပါဘူး

နောက်ထပ် ထုံးစံအတိုင်းလို့ ဆိုရမှာကတော့

အဲဒီညကလည်း သူဟာ ကျွန်တော့်ကို

နှုတ်ဆက်စကား တစ်လုံးတစ်ပါဒမှ မဆိုဘဲ

တိတ်တဆိတ် ပြန်လည် ထွက်ခွာသွားခဲ့ခြင်းပါပဲ

ဒါဟာ သူ့ရဲ့ ပုံစံ သူ့ရဲ့ စရိုက်အမှန်ပါပဲ။

(၅)

အခုတော့ ကျွန်တော်လည်း

ကျွန်တော်တစ်ယောက်တည်း ဆိုပေမယ့်

ဘာမှ စိတ်ပျက်အားငယ်ခြင်း မရှိတော့ဘဲ

ကြည်ကြည်လင်လင် ရွှင်ရွှင်လန်းလန်းနဲ့ပဲ

ကျွန်တော် လုပ်စရာရှိတဲ့ အလုပ်တွေကို ဆက်လုပ်လို့ နေပါပြီ

သူလည်း ရောက်ရာဘုံဘဝ

ဒါမှမဟုတ်၊ သူ့ဌာနေ ဂြိုဟ်ငယ်ကလေးဆီမှာ

သူလုပ်စရာရှိတဲ့ အလုပ်တွေကို ဆက်လုပ်လို့ နေမှာပါ

အဲဒီမှာ သူ ပျော်ရွှင်ချမ်းမြေ့နိုင်ပါစေသားလို့

မလိုအပ်ပါဘဲ ကျွန်တော့်ရင်ထဲက ဆုတောင်းနေမိခဲ့

သူဟာ ကျွန်တော့်ရဲ့ လက်တွဲဖော် သူငယ်ချင်း

ထာဝရ လက်တွဲဖော် သူငယ်ချင်း

ကျွန်တော့်ရင်ထဲက မင်းသားလေးတစ်ယောက်ပဲဆိုတာ

ခင်ဗျားကို ကျွန်တော် နောက်ဆုံး ပြောခဲ့ပါရစေ။

(၂၇.၅.၂ဝ၁၇)

၂၀၁၇-နိုဝင်ဘာလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၅၁)မှ ကဗျာ ဖြစ်ပါသည်။

မင်းထက်မောင် ရေးသည်။

အမျိုးအစား - ကဗျာ

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."