အောင်ပိုင်
ရန်ကုန်- ၂၀၂၀၊ ဖေဖော်ဝါရီ ၁၈ (မော်ကွန်း)
နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေ (နိုင်လွတ်လုံဥပဒေ) ဖြင့် တရားစွဲခံရသူ ၁၁၃ ဦးအထိရှိလာပြီး တရားစွဲဆိုမှု ၄၆ မှု ရှိသည်ဟု လွတ်လပ်စွာထုတ်ဖော်ပြောဆိုရေး လှုပ်ရှားသည့် အသံအဖွဲ့က ယနေ့တွင် သတင်းထုတ်ပြန်သည်။
တရားစွဲခံရသူများတွင် အရပ်သားပြည်သူအများဆုံးဖြစ်ပြီး၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းမီဒီယာသမားများ၊ နိုင်ငံရေးပါတီဝင်များနှင့် လူမှုကွန်ယက်တွင် ထုတ်ဖော်ရေးသားသူများလည်း ပါဝင်သည်။
လွှတ်တော်ကိုယ်စားလှယ်များကိုဝေဖန်ခြင်းကြောင့် တရားစွဲဆိုမှု၊ နိုင်ငံရေးပါတီများက တရားစွဲဆိုမှု၊ တပ်မတော်က တရားစွဲဆိုမှု၊ စီးပွားရေးလုပ်ငန်းရှင်များက ဒေသခံများကို တရားစွဲဆိုမှု၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဗိုလ်ချုပ် အောင်ဆန်းကို ဝေဖန်ရေးသားမှုကြောင့် တရားစွဲဆိုမှုများအပြင် အရပ်သားပြည်သူအချင်းချင်း တရားစွဲဆိုမှုများ ပါဝင်သည်။
ယင်းထုတ်ပြန်ချက်ကို ဖေဖော်ဝါရီ ၁၇ အထိ မီဒီယာများတွင် ဖော်ပြခဲ့သည်များကို စောင့်ကြည့်ကာ မှတ်တမ်း ပြုစုထား ခြင်းဖြစ်ပြီး မီဒီယာတွင် မဖော်ပြခဲ့သည့် မြေပြင်အမှုအခင်းများကို ထည့်သွင်းစာရင်းပြုစုပါက အမှုအရေအတွက် ယခုထက် ပိုများနိုင်သည်ဟု အသံ အဖွဲ့၏ ဒါရိုက်တာဖြစ်သူ မောင်ဆောင်းခ က ပြောသည်။
“ ဒီအတိုင်းသွားဆက်သွားမယ်ဆိုရင် ရေရှည်မှာ အစိုးရနဲ့ စစ်တပ်က သူတို့ကို အကာအကွယ်လုပ်ဖို့ ဒီဥပဒေကို တံတိုင်းသဖွယ် အသုံးပြုလာနိုင်တယ်။ အထူးသဖြင့် ရွေးကောက်ပွဲကာလမှာပေါ့” ဟု မောင်ဆောင်းခက ပြောသည်။
နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေ၏ အဓိကရည်ရွယ်ချက်မှာ လူတစ်ဦးချင်း၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်မှုနှင့်လုံခြုံမှုကို ပေးရန် ဖြစ်သော်လည်း လက်တွေ့တွင် မထိရောက်ဘဲ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်ရန်သာ ယင်းဥပဒေကို အသုံးပြုနေကြခြင်းကြောင့် စိုးရိမ်မိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ယင်းဥပဒေ၏ ပုဒ်မ-၈ (စ) သည် အသေရေဖျက်ခြင်းနှင့် သက်ဆိုင်သည့် ပုဒ်မသာဖြစ်ပြီး ထိုပုဒ်မကြောင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်သည့် တရားစွဲဆိုမှု အမြောက်အများ ပေါ်ပေါက်လျက်ရှိရာ ပုဒ်မ-၈(စ) ကို ဖျက်သိမ်းရန်၊ အခြားသောပုဒ်မများကို ပြင်ဆင်ရန်နှင့် ဥပဒေတစ်ခုလုံးအား ပြန်လည်သုံးသပ်ရန် အသံအဖွဲ့က တိုက်တွန်းထားသည်။
ပြည်ထောင်စုရှေ့နေချုပ်ရုံးက နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကိုကာကွယ်ပေးရေး ဥပဒေသည် နိုင်ငံသားအချင်းချင်းကြား ပေါ်ပေါက်သည့် ပြဿနာများနှင့် မသက်ဆိုင်ဘဲ ပြည်ထဲရေးဝန်ကြီးဌာန၊ သက်ဆိုင်ရာအစိုးရဌာနအဖွဲ့အစည်းနှင့် အုပ်ချုပ်ရေးဆိုင်ရာတာဝန်ရှိသူများနှင့်သာ သက်ဆိုင်ကြောင်း ဥပဒေရုံး အဆင့်ဆင့်ကို ပြီးခဲ့သည့်နှစ် နိုဝင်ဘာက ညွှန်ကြားထားသည်။
နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေအား ၂၀၁၇ တွင် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပြဋ္ဌာန်းခဲ့ပြီး ဥပဒေ၏ သက်တမ်းမှာ သုံးနှစ်နီးပါးရှိနေပြီ ဖြစ်သည်။ ယင်းဥပေဒတွင် အခန်း ၆ ခန်းနှင့် ပုဒ်မ ၁၃ ခုပါဝင်ပြီး ပြစ်ဒဏ်အနေဖြင့် ထောင်ဒဏ် အနည်းဆုံး ခြောက်လမှ အများဆုံး သုံးနှစ်အထိ ကျခံရမည့်အပြင် ငွေဒဏ် အနည်းဆုံး သုံးသိန်းမှ အများဆုံး ၁၅ သိန်းအထိ ချမှတ်နိုင်ရန် ပြဌာန်းထားသည်။
Photo from Progressive Karenni People Force
#Dailynews