မင်းထက်မောင်
၂ဝ၁၉၊ ဧပြီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၄)မှ Poem ဖြစ်ပါသည်။
ငါတို့ဆီက မင်းတို့ ယူသွားကြ
ဇီဝစုံ ကျေးငှက်နဲ့ တိရစ္ဆာန်တွေ
တကယ့် ရှားပါး ဆေးဖက်ဝင်အပင်တွေ။
ငါတို့ဆီက မင်းတို့ ယူသွားကြ
သစ်အလုံးလိုက်တွေ သစ်အပင်လိုက်တွေ
တကယ့် သဘာ၀ သစ်တောထွက်တွေ။
ငါတို့ဆီက မင်းတို့ ယူသွားကြ
ပတ္တမြား ကျောက်စိမ်း ရွှေငွေရတနာတွေ
တကယ့် အဖိုးတန် သယံဇာတတွေ။
ငါတို့ဆီက မင်းတို့ ယူသွားကြ
ကျောက်မီးသွေးတွေ ရေနံဓာတ်ငွေ့တွေ
တကယ့် လောင်စာစွမ်းအင် အသုံးဝင်တွေ။
ငါတို့ဆီက မင်းတို့ ယူသွားကြ
လုပ်သားဈေးပေါတွေ ဇနီးမယား အချောတွေ
တကယ့် လူသားရင်းမြစ် ရေတိမ်နစ်တွေ။
တရားဝင်ရော တရားမဝင်ရော
နည်းလမ်းပေါင်းစုံ အကုန်သုံးလို့
ငါတို့ဆီက မင်းတို့ လှည့်ပတ် ယူသွားကြတာတွေဟာ
အကြိမ်ပေါင်းများစွာ နှစ်ပေါင်းများစွာ
တကယ့်ကို အဖိုးမဖြတ်နိုင်စွာ
မနည်းမနော တစ်ပုံကြီးပါ။
ဟော…အခုလည်း မကြံအပ် မစည်ရာ
လုပ်လာကြပြန်ချေပြီပ
ငါတို့ရဲ့ နှလုံးသည်းပွတ်ပမာ
ငါတို့အားလုံး အထွတ်အမြတ်ထားရာ
ဟောဒီ ဧရာဝတီမြစ်ဆုံကိုမှ
မင်းတို့က လိုချင်နေကြပြန်သတဲ့လားကွ…ဟေ။
မြစ်ဆုံမှာ အပြစ်မပုံဘဲ အချစ်လှုံဖို့ရာ
မဂ်္ဂါဝပ် ၆,၀၀၀ စီမံကိန်းကြီးကို
အပြီးတိုင်မဟုတ်ပေမယ့် နိဂုံးချုပ်သလောက်နီးပါး
ရပ်တန့်ထားခဲ့ပြီးကာမှ
အခုတော့ ပြန်စဖို့ လမ်းကြောင်းဖော်
မင်းတို့ ပျော်နေကြသလားကွယ့် ပေါက်ဖော်တွေရယ်။
အေး…မင်းတို့နဲ့ ငါတို့ကြားက
သမိုင်းဇယား ပထဝီဇယား
နိုင်ငံရေးဇယား စီးပွားရေးဇယား
နှစ်ပြည်ထောင်ဇယားတွေ
ဘယ်လောက်များများ ဘယ်လိုရှုပ်ရှုပ်
ဉဏ်အလင်းထုတ်ကာ အမှန်စာရင်း ချုပ်ကြည့်တော့…။
မင်းတို့က ဖွံ့ဖြိုးတိုးတက်ပြီးနှင့်သား
အဘက်ဘက်က အင်အားကြီးတဲ့ နိုင်ငံ
ငါတို့က ဆင်းရဲမွဲတေ ခေတ်နောက်ကျဆဲ နိုင်ငံငယ်
မနေ့တစ်နေ့ကမှ ပြည်သူတင်မြှောက်တဲ့ အစိုးရနဲ့
ဒီမိုကရေစီ လမ်းစကလေး ပေါ်မယ်ကြံရုံရှိသေး
အိမ်နီးချင်းမို့ အကူအညီ ပေးမယောင်ယောင် မုသားဆင်လို့
သားကောင်ကို ဝါးမျိုဖို့ ပြင်ဆင်နေသလား
အရိုင်းနဂါး မုဆိုးငဲ့။
အို…ဒီလိုတော့ဖြင့်
အပိုင် လာမကြံကြလေနှင့်
အပိုင် လာမကြံကြလေနှင့်
မင်းတို့ အပိုင်ကြံမယ်ဆိုရင်
ငါတို့ရဲ့ အနိုင်မခံစိတ်တွေ နိုးကြွပေါင်းရုံးပြီး
ကမ္ဘာကြီးတစ်ခုလုံး တုန်ဟည်းသွားအောင်
လက်သီးဆုပ်တွေ မိုးသို့ ထောင်ဖို့ရာ အသင့်။
ဘာပဲဖြစ်ဖြစ်
ဒါဟာ တရားသဖြင့်လား
မတရားသဖြင့်လား
ဂုဏ်သိက္ခာရှိတဲ့ လုပ်ရပ်လား
ဂုဏ်သိက္ခာမရှိတဲ့ လုပ်ရပ်လား
သဘာဝပတ်ဝန်းကျင်တွေ ဆုံးရှုံးကွယ်ပျောက်လာနေတဲ့
ရာစုသစ် နှစ်ကာလ အစွန်အဖျားမှာ
မင်းတို့ လူသားဆန်ဆန် သေချာပြန်စဉ်းစား
စဉ်းစားပြီးမှ ရှေ့ဆက်သွား
ငါတို့ကတော့ လက်ချင်းချိတ်လို့ တပ်လှန့်ထား။
(၂၆.၃.၂၀၁၉)