ရန်ကုန်- ၂၀၂၃ ဒီဇင်ဘာ ၅ (မော်ကွန်း)
ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏရဲစခန်း ဒီနေ့မနက် ၇ နာရီဝန်းကျင်က ဗုံးခွဲတိုက်ခိုက်ခံရတယ်လို့ ရဲစခန်းအနီးနေထိုင်သူတွေက မော်ကွန်းကိုပြောပါတယ်။
“မနက်က ရဲစခန်းဗုံးခွဲခံရတာ။ ဂိတ်ပေါက်ရှေ့နားလေးပေါက်တယ်လို့ပြောတယ်။ လုံခြုံရေးအဖွဲ့တွေကတော့ လမ်းပိတ်စစ်နေတယ်။ အထိခိုက်ရှိမရှိ မသိရသေးဘူး။ ခဏနေရင်တော့ ပြန်ဖွင့်ပေးမယ်လို့ပြောတယ်”လို့ သုဝဏ္ဏရဲစခန်းနဲ့ နီးစပ်သူတစ်ဦးက အတည်ပြုပါတယ်။
ရဲစခန်းဗုံးခွဲခံရပြီးနောက် စစ်ကောင်စီတပ်သားတွေက ကမာကြည်လမ်း-သံသုမာလမ်းဆုံမီးပွိုင့်နဲ့ သံသုမာလမ်း-ပေါ်ဆန်းမွှေးလမ်းတွေပေါ်ပိတ်ဆို့ စစ်ဆေးခဲ့ပါတယ်။
ရဲစခန်းရှေ့ သံသုမာလမ်းပေါ် ပိတ်ဆို့စစ်ဆေးမှုကြောင့်အဲဒီလမ်းပေါ်ကနေပြေးဆွဲနေတဲ့ YBS ယာဉ်လိုင်းတချို့လည်း လမ်းကြောင်းပြောင်းပြေးဆွဲခဲ့ရတယ်လို့ ခရီးသည်တွေကပြောပါတယ်။
“လမ်းမကြီးပိတ်လိုက်တော့ ကမာကြည်လမ်းဝင် အတွင်းထဲလမ်းတွေက ပတ်စီးရတာ။ လမ်းကြားတွေထဲဆိုတော့ ကားတွေပိုပိတ်ပြီး ရုံးချိန်နောက်ကျတာပေါ့” လို့ YBS စီးခရီးသည်တစ်ဦးကပြောပါတယ်။
စစ်ကောင်စီ လက်အောက်ခံ သုဝဏ္ဏရဲစခန်းကို အနောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နဲ့ မဟာမိတ်တွေပူးပေါင်းပြီး ပြင်းအားမြင့်မိုင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဒီနေ့မနက်ပိုင်းမှာ ပကဖက သတင်းထုတ်ပြန်ထားပါတယ်။
ပုံစာ-သုဝဏ္ဏရဲစခန်းဗုံးခွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်တွေလမ်းပိတ်စစ်ဆေးနေတာကြောင့် ကားလမ်းပိတ်နေစဉ်။
ဓာတ်ပုံ-မော်ကွန်း