ရန်ကုန်-၂၀၂၄ မေ ၁၂ (မော်ကွန်း)
ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏရဲစခန်းအနီးမှာ ဒီနေ့ ညနေ ၄ နာရီဝန်းကျင်က ဗုံးတွေ့လို့ဆိုပြီး စစ်ကောင်စီတပ်တွေနဲ့ ရဲတွေက ရဲစခန်းရှေ့က သံသုမာလမ်းကို ပိတ်ဆို့စစ်ဆေးနေပါတယ်။
စစ်ကောင်စီတပ်သားတွေနဲ့ ရဲအင်အားအများအပြားဟာ ရဲစခန်းရှေ့ သံသုမာလမ်းနဲ့ ကမာကြည်လမ်းထောင့်၊ သံသုမာလမ်းနဲ့ ပေါ်ဆန်းမွှေးလမ်းအထိ ရဲကားပိတ်ထားပြီး ဖြတ်သန်းသွားလာခွင့်ပိတ်လိုက်တာပါ။
“၄:၀၀ နာရီလောက်ကစပိတ်တာ၊ စခန်းနားမှာ ဗုံးတွေ့တယ်လို့ကြားတယ်။ စခန်းရှေ့နဲ့နောက်က ရပ်ကွက်တွေထဲ စစ်သားတွေက ဆိုင်ကယ်တွေနဲ့ပတ်နေတာ။ ကမာကြည်လမ်းနဲ့ ဈေးထောင့်ကိုလည်း ဘယ်သူမှသွားခွင့်မပေးတော့ဘူး။ ဘတ်စ်ကားတွေလည်း သွားခွင့်မပေးလို့ ရတဲ့လမ်းတွေကနေရှောင်သွားနေရတယ်”လို့ ရဲစခန်းအနီး နေထိုင်သူတစ်ဦးက သူမြင်တွေ့ရတာကို ပြောပါတယ်။
လက်ရှိအချိန်ထိ စစ်ကောင်စီတပ်တွေက သုဝဏ္ဏရဲစခန်းရှေ့လမ်းမကို ပိတ်ဆို့ထားတာကြောင့် ရဲစခန်းအနီးမှာ ယာဉ်ကြောတွေပိတ်ဆို့နေတာ တစ်နာရီကျော်ရှိပြီလို့ ဒေသခံတွေကပြောကြပါတယ်။
ရန်ကုန်မြေပြက်ကင်းထောက်ချန်နယ်တွေမှာလည်း သုဝဏ္ဏရဲစခန်းအနီး ဗုံးတွေ့တာကြောင့် စစ်ကောင်စီတပ်သားတွေနဲ့ ရဲအများအပြား လမ်းပိတ်စစ်ဆေးနေသလို ရပ်ကွက်တွေထဲကိုလည်း ကင်းတွေပတ်ရှာနေတယ်လို့ ပြောကြပါတယ်။
သုဝဏ္ဏရဲစခန်းဟာ မနှစ်က ဒီဇင်ဘာ ၅ရက် မနက်အစောပိုင်းကလည်း ဗုံးဖောက်ခွဲ တိုက်ခိုက်ခံရလို့ လမ်းပိတ်ဆို့စစ်ဆေးခဲ့ပါသေးတယ်။
ပုံစာ-သုဝဏ္ဏရဲစခန်းရှေ့ပိတ်ဆို့စစ်ဆေးနေတာကြောင့် ရဲစခန်းအနီးမှာ လက်ရှိအချိန်ထိ ယာဉ်ကြောပိတ်ဆို့မှုတွေဖြစ်နေပါတယ်။
ဓာတ်ပုံ-mawkun