ရန်ကုန်-၂၀၂၅ မေ ၁၅ (မော်ကွန်း)
အာဏာသိမ်းစစ်ကောင်စီကို ဝင်ငွေလမ်းပွင့်စေတဲ့ ရန်ကုန်မြို့၊ သီလဝါဘက်စုံသုံး နိုင်ငံတကာဆိပ်ကမ်းစီမံကိန်းကနေ နုတ်ထွက်ကြဖို့ အကြီးစားရင်းနှီးမြုပ်နှံထားကြတဲ့ ဂျပန်ကုမ္ပဏီတွေကို အရပ်ဖက်အဖွဲ့အစည်းတွေက တောင်းဆိုခဲ့ရာမှာ အနည်းဆုံး ဂျပန်ကုမ္ပဏီသုံးခုက ဒီစီမံကိန်းကနေ ထွက်ဖို့ ပြင်ဆင်နေပြီလို့ အကြောင်းပြန်ထားကြောင်း Justict For Myanmar(JFM) အဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
နိုင်ငံတကာဒဏ်ခတ်ပိတ်ဆို့အရေးယူထားတဲ့ စစ်တပ်ပိုင် မြန်မာ့စီးပွါးရေးဦးပိုင်လီမိတက်နဲ့ ဆက်စပ်နေတဲ့ ကုမ္ပဏီတွေနဲ့ အတူ ဂျပန်ကုမ္ပဏီတွေဟာ သီလဝါစီမံကိန်းမှာ လုပ်ဆောင်နေတယ်လို့ အရပ်ဖက်အဖွဲ့အစည်းတွေက ထောက်ပြခဲ့ပြီး အဲဒီ အထဲက အနည်းဆုံး သုံးခုက နုတ်ထွက်မည့်အကြောင်း ပြန်ကြားခဲ့တာလို့ JFM က ဆိုပါတယ်။
Kamigumi ကုမ္ပဏီ၊ Sumitomo Corporation နဲ့ Toyota Tsusho ကုမ္ပဏီတွေက သီလဝါဘက်စုံသုံး နိုင်ငံတကာဆိပ်ကမ်းစီမံကိန်းကနေ နုတ်ထွက်ဖို့ စာရင်းဖျက်သိမ်းမှုတွေ စတင်နေကြောင်း သူတို့ကို အကြောင်းပြန်ခဲ့တာလို့ JFM က ဖော်ပြပါ တယ်။
ဂျပန်ကုမ္ပဏီ Kamigumi က သီလဝါစီမံကိန်းမှာ အဓိက ကုမ္ပဏီတစ်ခုဖြစ်ပြီး သူဦးဆောင်ကာ Thilawa Multipurpose International Terminal Co., Ltd. (TMIT) လို့ အမည်ပေးကာ ဆိပ်ကမ်းကို လည်ပတ်နေတာပါ။
သူနဲ့အတူ အခြားဂျပန်ကုမ္ပတွေဖြစ်တဲ့ ဂျပန်အစိုးရဘဏ္ဍာနဲ့ အခြေခံအဆောက်အဦးကဏ္ဍရင်းနှီးမြုပ်နှံမှုကော်ပိုရေးရှင်း- Japan Overseas Infrastructure Investment Corporation for Transport & Urban Development (JOIN)၊ Sumitomo Corporation ၊ Toyota Tsusho ကုမ္ပဏီ၊ မြန်မာကုမ္ပဏီတွေဖြစ်တဲ့ K Efficient Logistics Consortium Company Limited နဲ့ STJ Thilawa Terminal Co., Ltd တို့လည်း TMIT မှာ ပူးပေါင်းပါဝင်တယ်လို့ JFM က ပြောပါတယ်။
ဒီအထဲက မြန်မာကုမ္ပဏီ K Efficient Logistics Consortium Company Limited ဟာ ခရိုနီကုမ္ပဏီ Ever Flow River Group (EFR) ရဲ့ အခွဲဖြစ်ပြီး EFR ကုမ္ပဏီဟာ စစ်တပ်ပိုင် မြန်မာ့စီးပွါးရေးဦးပိုင်လီမိတက်ရဲ့ လုပ်ငန်းပါတနာ ဖြစ်တယ် လို့ JFM က ထုတ်ပြန်ပါတယ်။
ဂျပန်ကုမ္ပဏီတွေအနေနဲ့ နုတ်ထွက်ကြရာမှ စစ်အုပ်စုအတွက် အကျိုးအမြတ်မဖြစ်အောင် သတိထားရမှာဖြစ်ပြီး ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ရမယ်လို့ အရပ်ဖက်အဖွဲ့အစည်းတွေက တောင်းဆိုပါတယ်။
“ မြန်မာနိုင်ငံအတွင်း အန္တရာယ်ကြီးလွန်းတဲ့ စီမံကိန်းတွေကနေ ရင်းနှီးမြုပ်နှံမှုရုတ်သိမ်းထွက်ခွာတာကို လုပ်ရိုးလုပ်စဉ် စီးပွားရေးဆုံးဖြတ်ချက်တစ်ခုလို မှတ်ယူလို့မရပါဘူး။ ကုမ္ပဏီတွေနဲ့အစိုးရအဖွဲ့အစည်းတွေအနေနဲ့ သူတို့ရဲ့ထွက်ခွာမှုက စစ်အုပ်စု ဒါမှမဟုတ် စစ်ခရိုနီတွေအတွက် ဘဏ္ဍာငွေဆိုင်ရာအကျိုးအမြတ်မရရှိအောင် လုပ်ဆောင်ဖို့ တာဝန်ရှိပါတယ်” လို့ Mekong Watch ဂျပန်ရဲ့ အမှုဆောင်ဒါရိုက်တာဖြစ်သူ ယုကာကီဂူချီက သီလဝါမှာ ရင်းနှီးမြုပ်နှံထားတဲ့ ဂျပန်ကုမ္ပဏီတွေကို သတိပေးပါတယ်။
သီလဝါစီမံကိန်းကို ဂျပန်နိုင်ငံတရားဝင်ဖွံ့ဖြိုးရေးအကူအညီ(ODA) ချေးငွေနဲ့ လည်ပတ်နေတာဖြစ်ပြီး ချေးငွေပြန်ဆပ်ကာလ နှစ်(၄၀)၊ အတိုးနှုန်း တစ်နှစ် ၀.၀၁ ရာခိုင်နှုန်းနဲ့ ၂၀၁၃ ကတည်းက စတင်ခဲ့တာလို့ မြန်မာဆိပ်ကမ်းအာဏာပိုင် အချက်အလက်တွေမှာ ဖော်ပြပါတယ်။
ပုံစာ- သီလဝါဆိပ်ကမ်းအသုံးပြုကြတဲ့ ကုန်သေတ္တာယာဉ်တချို့
ဓါတ်ပုံ- မော်ကွန်း

