ရန်ကုန်- ၂၀၂၄ ဩဂုတ် ၁၆(မော်ကွန်း)
ဒီသတင်းပတ်အတွင်း နိုင်ငံတဝန်းမှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအနက်က ထူးခြားတဲ့တိုက်ပွဲသတင်းတချို့ကို အနှစ်ချုပ် ဖော်ပြလိုက်ပါတယ်။ ဒီတိုက်ပွဲတွေဟာ ဩဂုတ် ၁၀ ကနေ ဒီနေ့အထိ ကြားကာလမှာ ဖြစ်ခဲ့တာတွေပါ။ စစ်ရှုံးနေတဲ့စစ်ကောင်စီက လေကြောင်းသုံးပြီး တိုက်ပွဲမရှိတဲ့မြို့ရွာတွေကို ဗုံးကြဲတာတွေကြောင့် အရပ်သားသေဆုံးမှုတွေ ဆက်တိုးနေပါတယ်။ ရခိုင်က မြောက်ဦးမြို့၊ ရှမ်းတောင်က နမ့်ဆန်မြို့၊ ကွတ်ခိုင်မြို့နဲ့ လောက်ကိုင်မြို့တွေကို လေယာဉ်နဲ့သွားပြီး ဗုံးတွေကြဲချခဲ့တာပါ။
ကုလသမဂ္ဂလူသားချင်းကူညီမှုဆိုင်ရာညှိနှိုင်းရေးရုံး(UNHCR)ကတော့ မြန်မာပဋိပက္ခတွေကြောင့် လူ ၃ ဒသမ ၂ သန်းခန့် စစ်ဘေးဒုက္ခသည်ဖြစ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။ မြေပြင်မှာ ဒီထက်ပိုများနိုင်တယ်လို့ အကူအညီပေးရေးအဖွဲ့တချို့ကလည်း ပြောထားပါတယ်။
ရှမ်းမြောက်
လားရှိုး၊နောင်ချို၊ကျောက်မဲမြို့တွေကို သိမ်းပြီးဖြစ်တဲ့ မြောက်ပိုင်းညီနောင်မဟာမိတ်တပ်တွေဟာ တအာင်းတပ်(TNLA) ဦးဆောင်ပြီး ရှမ်းမြောက်ရဲ့လက်ကျန်မြို့ သီပေါကို ဒီလ ၉ ရက်မှာ စတိုက်ခဲ့ပါတယ်။
သီပေါနဲ့ နောင်ချိုမြို့နယ်ထဲက တောင်ခမ်းဒေသတွေမှာ အဲဒီကကတည်းက ဒီနေ့အထိ တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။ ဒီမြို့ ကျရင် ရှမ်းမြောက်ပိုင်းမှာ စစ်ကောင်စီထိန်းချုပ်မြို့မရှိတော့ပါဘူး။ သီပေါမကျရေး စစ်ကောင်စီက လေကြောင်းသုံး ခုခံနေသလို စစ်ပွဲမရှိတဲ့ မဟာမိတ်တွေထိန်းချုပ်မြို့တွေကိုပါ ဗုံးတွေကြဲချခဲ့ပါတယ်။ အဲဒီမြို့တွေက လောက်ကိုင်၊ ကွတ်ခိုင်နဲ့ နမ့်ဆန်မြို့တွေပါ။ ဒီလေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေသေခဲ့ကြရပါတယ်။
မန္တလေးတိုင်း
စစ်ကောင်စီရဲ့ အလယ်ပိုင်းတိုင်းစစ်ဌာချုပ်ရှိရာ မန္တလေးတိုင်းမှာလည်း အခုလဆန်းပိုင်းကစပြီး တိုက်ပွဲတွေ စတင် ဖြစ်လာ ပါတယ်။
NUG ရဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မြင်းခြံခရိုင် အမှတ် (၉) တပ်ရင်း၊ ခရိုင်အတွင်းက တပ်ရင်းတပ်ဖွဲ့တွေ၊ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေအပါအဝင်၊ ပကဖ ပူးပေါင်းအဖွဲ့တွေဟာ မြင်းခြံ-နွားထိုးကြီး-တောင်သာမြို့နယ် တို့မှာ ဩဂုတ် ၁၀ ရက်ကစပြီး မြင်းခြံခရိုင်စစ်ဆင်ရေးအဖြစ် တိုက်ပွဲတွေ စတင်ဖော်ဆောင်ကာ ထိုးစစ်ဆင်နေပါတယ်။
အဲဒီနေ့မှာ နွားထိုးကြီးမြို့ပေါ်က စစ်ကောင်စီတပ်စွဲထားတဲ့ အေးကျောင်း၊ ဆောက်လုပ်ရေးရုံး၊ တရားရုံး၊ ထွေအုပ်ရုံး၊ ရဲစခန်းနဲ့ မြို့အဝင်စစ်ဆေးရေးဂိတ်တွေကို တော်လှန်ရေးတပ်တွေက ပူးပေါင်းတိုက်ခိုက်ခဲ့ကြပါတယ်။
စစ်ကောင်စီတပ်က လေကြောင်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် မြို့ကိုမထိန်းချုပ်နိုင်ခဲ့ဘဲ ပြန်ဆုတ်ခွာပေးခဲ့တယ်လို့ နွားထိုးကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၃၀ ကျော်သေဆုံးကာ သုံးဦးအရှင်ဖမ်းမိခဲ့သလို လက်နက်မျိုးစုံ ၂၇ လက်ကိုလည်း သိမ်းဆည်းရ မိခဲ့ကြပါတယ်။
ဒါအပြင် တောင်သာမြို့နယ်က ဝဲလောင်ရွာအနီးက စစ်ကောင်စီတပ်စခန်းငယ်ကို PDF ပူးပေါင်းတပ်တွေက သိမ်းယူခဲ့တယ်လို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။
ဒီရက်ပိုင်းအတွင်းမှာ မြင်းခြံ၊ နွားထိုးကြီးနဲ့ တောင်သာ လမ်းပိုင်းတစ်လျှောက်ကို ခရီးသွားပြည်သူတွေ ဖြတ်သန်း သွားလာခြင်း မပြုကြဖို့ တော်လှန်ရေးတပ်တွေက ထုတ်ပြန်ထားပါတယ်။ ဩဂုတ် ၁၃ မှာ တော်လှန်ရေးတပ်တွေ ထိုးစစ်ဆင်နေတဲ့ မြင်းခြံမြို့နယ်က စစ်ကောင်စီရဲ့ သဘာဝဓာတ်အားပေးစက်ရုံနှစ်ရုံဟာ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုတွေပါ ရပ်ဆိုင်းသွား ခဲ့ပါတယ်။
စင်ကာပူအခြေစိုက် Sembcorp သဘာ၀ဓာတ်အားသုံးစက်ရုံ (မြင်းခြံ) နဲ့ ဟောင်ကောင်အခြေစိုက် V- Power သဘာ၀ဓာတ်ငွေ့သုံးစက်ရုံ (မြင်းခြံ) တို့ဟာ လုံခြုံရေးအခြေအနေကြောင့် ဓာတ်အားပေးစက်တွေ အရေးပေါ် ရပ်တန့်ခဲ့ရတယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ( YESC) က ထုတ်ပြန်ခဲ့တာပါ။
မြင်းခြံခရိုင်အထူးစစ်ဆင်ရေးကြောင့် မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာမြို့နယ်တွေက စစ်ကောင်စီလက်အောက်ခံ အထွေထွေ အုပ်ချုပ်ရေးဝန်ထမ်းတွေ၊ ဌာနဆိုင်ရာဝန်ထမ်းတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး ဒီမြို့နယ်တွေရဲ့ စစ်ကောင်စီအုပ်ချုပ်ရေး ယန္တရားဟာလည်း ဒီနေ့အထိ ရပ်ဆိုင်းသွားပါတယ်။
မန္တလေးမြို့မြောက်ဘက်က သပိတ်ကျင်းမြို့နယ်ထဲက စစ်ကောင်စီတပ်စခန်းတွေကိုလည်း ဩဂုတ် ၁၀ ရက်မှာပဲ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီရဲ့ ခလရ ၁၄၈ တပ်၊ ကျောက်ဖြူရွာ တပ်စခန်းနဲ့ လိပ်ကျရွာ တပ်စခန်းတွေကို သိမ်းပိုက်ခဲ့ပါတယ်။
နောက်ရက်မှာ သပိတ်ကျင်းအနီးက ရှေးဟောင်းမြို့ တကောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ဒေသတွင်း တော်လှန်ရေးအင်အားစုတွေက တိုက်ခိုက်ခဲ့ပြီး ဩဂုတ် ၁၂ ရက်မှာ တကောင်းမြို့ကို သိမ်းခဲ့နိုင်ပါတယ်။
တကောင်းတိုက်ပွဲကို အမှတ် (၁) စစ်ဒေသ၊ မန္တလေးတိုင်းတာဝန်ခံရုံး ကွပ်ကဲမှုနဲ့ အထူးလှုပ်ရှား တပ်ရင်း-၃၊ အမှတ် (၅၁၁) တပ်ရင်း၊ မန္တလေးခရိုင် တပ်ရင်း-၄၊ မန္တလေးတိုင်း ဒရုန်းတပ်ဖွဲ့နဲ့ သပိတ်ကျင်းမြို့နယ်/ တကောင်းတိုက်နယ် ပကဖတို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အဲဒီတိုက်ပွဲမှာ ဒုဗိုလ်မှူးကြီးတစ်ဦး၊ ဗိုလ်မှူးနှစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးဖမ်းဆီးရမိကာ တိုက်ပွဲအတွင်း လက်နက်မျိုးစုံ ၈၃ လက်၊ ကျည်မျိုးစုံ ၁၄,၀၀၀ ကျော်၊ ဗုံးသီးမျိုးစုံ ၁၃၀ ခန့်သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ထားတာပါ။
သပိတ်ကျင်းမြို့နယ်က စစ်ကောင်စီတပ်စခန်းကိုးခုထိ သိမ်းပိုက်ထားပြီလို့ မန္တလေး PDF က ဩဂုတ် ၁၂ မှာ ထုတ်ပြန်ထားပေမယ့် ဒီနေ့အထိ သပိတ်ကျင်းမြို့ကိုတော့ မသိမ်းနိုင်သေးပါဘူး။
ရခိုင်ပြည်နယ်
ရခိုင်ပြည်နယ်တောင်ပိုင်းက သံတွဲမြို့ကို သိမ်းပြီးတဲ့ အာရက္ခတပ်တော်(AA)ဟာ ဩဂုတ် ၁၂ ရက်မှာ ကျိန္တလီမြို့ကို စတိုက်ပါတယ်။ ဒီမြို့က ဧရာဝတီတိုင်းနဲ့ကပ်နေတဲ့ ဂွမြို့နယ်ထဲကမြို့ဖြစ်ပြီး မြို့မကျရေး စစ်ကောင်စီက ကြည်း၊ ရေ၊ လေပူးပေါင်း ခုခံနေပါတယ်။
ဒီတိုက်ပွဲကြောင့် ကျိန္တလီမြို့က ဒေသခံနေအိမ်တွေမီးလောင်ပျက်စီးခဲ့တာတွေလည်းရှိပါတယ်။ ဒီနေ့အထိ တိုက်ပွဲက ဆက်ရှိနေဆဲပါ။ ဒါအပြင် AA က သံတွဲမြို့နယ်ထဲက ရေတပ်စခန်းကြီးတစ်ခုဖြစ်တဲ့ မောင်ရွှေလေးရေတပ်ကို တိုက်နေပေမယ့် မရသေးပါဘူး။
ကချင်ပြည်နယ်
ကချင်ပြည်နယ်မှာတော့ ဩဂုတ် ၁၄ ရက်မှာ တိုက်ပွဲတွေ ဖြစ်တယ်လို့ ဒေသတွင်းသတင်းဌာနတွေက ရေးပါတယ်။ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေဟာ ကျောက်စိမ်းထွက်ရှိရာ ဖားကန့်မြို့နယ်မှာ ထိုးစစ်တွေ ပြန်လည်စတင်ခဲ့တာပါ။
KIA ဟာ မတ်လဆန်းပိုင်းတုန်းက ကချင်ပြည်နယ်က စစ်ကောင်စီတပ်စခန်းအများအပြားကို ထိုးစစ်ဆင်ခဲ့ကာ နယ်စပ်ကုန်သွယ်ရေးမြို့ လွယ်ဂျယ်အပါအဝင် ဆွမ်ပရာဘွမ်၊ ဒေါ့ဖုန်းယန်၊ ဆဒုံး စတဲ့မြို့တွေက စစ်ကောင်စီတပ်စခန်းတွေကို သိမ်းယူထားခဲ့တာပါ။ အဲဒီနောက် စစ်ကောင်စီဟာ ကချင်ပြည်နယ်တစ်ခုလုံးကို အင်တာနက်လိုင်း၊ ဖုန်းလိုင်းတွေ ဖြတ်တောက်ခဲ့တာ ဒီနေ့အထိပါ။
ဒီရက်ပိုင်းဖြစ်တဲ့ တိုက်ပွဲတွေမှာ KIA ပူးပေါင်းတပ်တွေဟာ ဖားကန့်မြို့နယ်ထဲက လမောင်စခန်းကုန်း၊ တောမှော် စခန်းကုန်းတို့ကို သိမ်းယူနိုင်တယ်လို့ KIA ပြန်ကြားရေးတာဝန်ခံက ပြောထားပါတယ်။ ဒီစခန်းတွေက ဖားကန့်ရတနာမြေကို စိုးမိုးဖို့အတွက် အဓိကကျတဲ့စခန်းတွေထဲ ပါဝင်ပါတယ်။ ဒီနေ့မှာလည်း အဲဒီဖားကန့်ဘက်မှာ တိုက်ပွဲတွေဆက်ရှိနေတယ်လို့ ဒေသတွင်း မီဒီယာတွေမှာ ဖော်ပြပါတယ်။
ချင်း
ဩဂုတ် ၁၂ ရက်မှာ ချင်းပြည်နယ်မြို့တော်ဟားခါးနဲ့ နယ်နိမိတ်ချင်းဆက်နေတဲ့ ဟားခါး-ထန်တလန်လမ်းပေါ်က စစ်ကောင်စီ တပ်စခန်းကို ချင်းအမျိုးသားတပ်ဦး (CAN/CNF) နဲ့ ဟားခါး-CDF တို့ ပူးပေါင်းပြီး တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။
ဟားခါးနဲ့ ထန်တလန်မြို့ကို ဆက်သွယ်ထားတဲ့လမ်းပေါ်က Keivangzuan စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံးသလို အများအပြားဒဏ်ရာရတယ်လို့ ဟားခါင်း-CDF က သတင်းထုတ်ပြန်ပါတယ်။ ဒီတိုက်ပွဲမှာ ၆၀-မမ လက်နက်ကြီးအပါအဝင် လက်နက်မျိုးစုံ ၁၁ လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။


ပုံစာ – ယခုသီတင်းပတ်အတွင်း စစ်ကောင်စခန်းတွေကို ထိုးစစ်ဆင်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်များ
ဓာတ်ပုံ – မန္တလေး PDF ၊ TNLA ၊ CDF -Hakha
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

