ရန်ကုန် – ၂၀၂၃၊ အောက်တိုဘာ ၆ (မော်ကွန်း)
အခုလကုန် သီတင်းကျွတ်ရုံးပိတ်ရက်အတွက် ချောင်းသာ၊ ငွေဆောင်ကမ်းခြေတွေမှာ ဟိုတယ်အခန်းဘွတ်ကင်တွေပြည့်နေပြီး စျေးနှုန်းတွေလည်းတက်တယ်လို့ ဟိုတယ်လုပ်ငန်းက တာဝန်ရှိသူတွေပြောပါတယ်။
“လာမယ့် သီတင်းကျွတ်ရုံးပိတ်ရက် ၂၇ ကနေ ၃၀ အထိ အခန်းမရတော့ပါဘူး။ အကုန်ပြည့်နေပါပြီ။ လာမယ့်အပတ်အထဲလည်း အခန်းတွေမရှိတော့ဘူး” လို့ ငွေဆောင်ကမ်းခြေက ဟိုတယ်တာဝန်ခံတစ်ဦးက ပြောပါတယ်။
ငွေဆောင်ကမ်းခြေလိုပဲ ချောင်းသာကမ်းခြေမှာလည်း ဟိုတယ်အခန်းတွေအားလုံးပါးနီးပါး ပြည့်နေပြီလို့ ဟိုတယ်တာဝန်ခံတစ်ဦးကပြောပါတယ်။
“လာမယ့် သီတင်းကျွတ်အတွက်တော့ ကျွန်တော်တို့ဟိုတယ်ကဈေးနှစ်ဆ တက်ပါတယ်။ Sea view ဆိုရင် ၁၅၀,၀၀၀ ကနေ ၃၀၀,၀၀၀ တက်ပါတယ်။ လောလောဆယ် ဟိုတယ်အခန်း ၃၇ ခန်းမှာ ၂၁ ခန်းက ဘွတ်ကင်ပြည့်နေပါပြီ” လို့ ချောင်းသာကမ်းခြေက ဟိုတယ်တစ်ခုရဲ့ တာဝန်ရှိသူကပြောပါတယ်။
ပွင့်လင်းရာသီအချိန်လည်း ဖြစ်တာကြောင့် ကမ်းခြေမှာ စျေးသည်တွေ၊ စျေးဆိုင်ခန်းတွေ လည်းပြန်ပြီး ဖွင့်လာကြပြီလို့ သူကပြောပါတယ်။
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနကတော့ လာမယ့်ပွင့်လင်းရာသီမှာ သွားရောက်လည်ပတ်သင့်တဲ့ ခရီးသွားဒေသ ၁၄ ခုကို ဖော်ပြထားပါတယ်။
အဲဒီနေရာတွေကတော့ ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ ချောင်းသာ၊ ငွေဆောင်၊ ငပလီ၊ ပြင်ဦးလွင်၊ အင်းလေး၊ ကလော၊ တောင်ကြီး၊ ကော့သောင်း၊ ကျောက်ဖြူ၊ မာန်အောင်နဲ့ ပူတာအိုမြို့တွေဖြစ်ပါတယ်။
ခရီးသွားတွေအကြားစိတ်ဝင်စားမှုများတဲ့ ရခိုင်ပြည်နယ်၊ ငပလီကမ်းခြေက ဟိုတယ်တွေမှာတော့ အခန်းတွေကို ကြိုတင်ဘွတ်ကင်တင်တာတွေ နည်းပါးနေသေးတယ်လို့ ဟိုတယ်လုပ်ငန်းရှင်တွေထံမှသိရပါတယ်။
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးကတော့ “ နယ်မြေက မအေးချမ်းတော့ ဘယ်သူမှလာကြမှာမဟုတ်ဘူး။ လမ်းတစ်လျှောက်မှာလည်း အစစ်ဆေးတွေက အရမ်းများတော့ မလာရဲကြဘူး။ ခရီးသွားတွေမလာကြတော့ ဒေသခံတွေအတွက်လည်း ဝင်ငွေမရဘူးပေါ့။ နဂိုတည်းက စစ်ရေး၊ သဘာဝဘေးအန္တရာယ်တွေ ကြုံခဲ့ရတော့ ဒေသခံတွေက တော်တော်ကြပ်တည်းနေကြတာ” လို့ သူကပြောပါတယ်။
လက်ရှိ ချောင်းသာနဲ့ ငွေဆောင်လို့ ကမ်းခြေဒေသတွေကို လာရောက်ကြမယ့်ထဲမှာ ပြည်တွင်းခရီးသွားတွေသာများပြီး ပြည်ပခရီးသွားတွေကတော့ မရှိသလောက်ဖြစ်နေတယ်လို့ ဟိုတယ်လုပ်ငန်းတွေထံမှသိရပါတယ်။
တစ်ဖက်မှာလည်း စစ်ကောင်စီကတော့ အခုနှစ်ခရီးသွားရာသီအတွက် ပြည်တွင်းခရီးသွားတွေသာမက ကမ္ဘာလှည့်ခရီးသွားဧည့်သည်တွေ ပိုပြီးဝင်ရောက်လာဖို့ တရုတ်၊ အိန္ဒိယနဲ့ ရုရှား နိုင်ငံသားတွေကို ဆိုက်ရောက်ဗီဇာပေးမယ်ဆိုပြီး ဆွဲဆောင်နေပါတယ်။
ဒါပေမယ့်လည်း ဒေါ်လာကိုင်ဆောင်တဲ့ ပြည်ပခရီးသွားတွေကို ခရီးစဉ်ရောင်းချမှုတွေကတော့ မရှိသလောက်ဖြစ်နေတယ်လို့ ခရီးသွားလုပ်ငန်းကုမ္ပဏီတွေထံမှသိရပါတယ်။
ပုံစာ- ယခုနှစ်မတ်လအတွင်း ချောင်းသာကမ်းခြေသို့ လာရောက်လည်ပတ်ကြသူများ
ဓာတ်ပုံ – ပေးပို့

