သားပူတူး အူဖြတ်မခံလိုပြီ ဘန်ကောက်တွင် ဆေးသွားကုရသည်

သားပူတူး အူဖြတ်မခံလိုပြီ ဘန်ကောက်တွင် ဆေးသွားကုရသည်

Photo – Zayar Hlaing

(ငါးနှစ်အရွယ်ကလေးတစ်ယောက်ကို အူမှာ မွေးကတည်းက အာရုံကြောတွေ ပါမလာတာကြောင့် အူဖြတ်၊ ဗိုက်ဖောက်ပြီး အူကျင့်နေတဲ့အချိန်မှာ ခြောက်လကနေ တစ်နှစ်လောက် အိတ်နဲ့ မစင်စွန့်ရမယ်၊ မလုပ်ရင် စကားပြော ဆွံ့အမယ်၊ ဉာဏ်ရည်နိမ့်ကျတာတွေပါ ဖြစ်လာမယ်ဆိုတဲ့ ဆရာဝန်တစ်ဦးရဲ့ ဆုံးဖြတ်ချက်ကြောင့် မိဘတွေ ငွေကုန် လူပန်းဖြစ်ခဲ့ရပုံဟာ ဒီခရီးသွားဆောင်းပါး ရေးဖို့ အကြောင်းဖန်လာတာပါပဲ။)

လေယာဉ် ဝေဟင်ထဲပျံတက်ဖို့ ပြေးလမ်းပေါ် အရှိန်မြှင့် မောင်းနှင်လိုက်တဲ့အခါ သားပူတူးတစ်ယောက် တဟားဟား ရယ်နေပါတော့တယ်။ လေယာဉ်ဘီး မြေပြင်ပေါ်ကနေ စကြွသွားတာနဲ့ လေယာဉ်ပြတင်းပေါက်ကနေ အောက်မှာ မြင်နေရတဲ့ အဆောက်အအုံခေါင်မိုးတွေကို စူးစမ်းကာ လိုက်ကြည့်နေ ပါတော့တယ်။ ငါးနှစ်သားအရွယ် ကလေးတစ်ယောက်အတွက် သူ့ဘဝမှာ ပထမဆုံး မြင်ဖူးတဲ့ ဝေဟင်မြင်ကွင်းဖြစ်နေတာကြောင့် ဘာကိုမှ အလွတ်မပေးဘဲ စိုက်ကြည့်နေတော့တယ်။

လေယာဉ်က တိမ်တိုက်ထဲ ထိုးခွဲဝင်ရောက်သွားပြီး အောက်က မြင်ကွင်းတွေ ပျောက်သွားတော့မှ ပြုံးဖြီးဖြီးမျက်နှာနဲ့ ”သားတို့ တိမ်တိုက်ထဲရောက်နေပြီ မေမေ”လို့ ဘေးနားက သူ့အမေကို လှမ်းပြောတယ်။ သူ့အမေကတော့ လေယာဉ်မူးပြီး နားအူနေတာကြောင့် သိပ်ကြားဟန် မတူပါဘူး။

ဒီခရီးစဉ်မှာ သားပူတူးရဲ့ အဖေဖြစ်တဲ့ ကျွန်တော်၊ သူ့အမေနဲ့ သူ့အစ်မ တုန်တုန်ချစ်တို့ပါဝင်တဲ့ မိသားစုခရီးစဉ်လို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ အပျော်ခရီးထွက်လာကြတာတော့ မဟုတ်ပါဘူး။ သားပူတူးကို ဆေးခန်းသွားပြဖို့ ဖြစ်တာကြောင့် Medical Tour ဆေးကုသရေးခရီးစဉ်လို့ခေါ်နိုင်ပါတယ်။ ဇာတ်လမ်းအစက ဒီလိုပါ။

သားပူတူးဟာ ဒီနှစ်လယ်ပိုင်းလောက်ကစပြီး ဝမ်းပုံမှန် မသွားတော့ပါဘူး။ နောက်ပိုင်း လေးငါးရက်လောက်ထိ ဝမ်းမသွားတာတွေလည်း ရှိလာပါတယ်။ ဝမ်းနုတ်ဆေးတွေ ကျွေး၊ ဝမ်းချူပေးမှ ဝမ်းသွားတဲ့အဆင့် ဖြစ်လာပါတယ်။ ညီမဝမ်းကွဲနာ့စ်တစ်ယောက်က အူကြွက်သားတွေ အလုပ်မလုပ်ရင်လည်း ဝမ်းချုပ်တာတွေဖြစ်တတ်လို့ ရှင်းပြတာကြောင့် မိဘတွေ စိုးရိမ်ပြီး ကလေးအထူးကုဆရာဝန်မကြီးတစ်ဦးနဲ့ စတင်ပြသကြည့်ပါတယ်။

တောင်ဥက္ကလာဘက်က အထူးကုဆေးခန်းကြီးတစ်ခုမှာ သားပူတူးရဲ့အူမကြီးကို ဆေးရည်ဖြူဖြူတွေ ထိုးထည့်ပြီး ဓာတ်မှန်ရိုက်စစ်ဆေးပါတယ်။ ဓာတ်မှန်ရဲ့အဖြေကို ကြည့်ပြီး အထူးကုဆရာဝန်ရဲ့ ကောက်ချက်ကတော့ ဒီလိုပါတဲ့။

သားပူတူးရဲ့ စအိုဝနားက အူနေရာအချို့မှာ မွေးကတည်းက အာရုံကြောတွေ ပါမလာတာကြောင့် ဝမ်းသွားဖို့မသိတာ ဖြစ်နေပြီး အာရုံကြောမရှိတဲ့နေရာကို ဖြတ်ထုတ်၊ အူပြန်ဆက်ဖို့ လေ့ကျင့်နေတဲ့ အချိန်ကာလမှာ ဗိုက်ဘေးကိုဖောက်ပြီး အိတ်နဲ့ မစင်သွားရမယ်လို့ ဆိုပါတယ်။ အဲဒီလိုလေ့ကျင့်မှုဟာ ခြောက်လကနေ တစ်နှစ်ထိ အချိန်ယူရမယ်၊ မိဘတွေ အဆင်သင့် ဖြစ်တဲ့အချိန်ညှိနှိုင်းပါ၊ ဒီဇင်ဘာလထဲဆိုရင်တော့ အဆင်ပြေနိုင်တယ်လို့ ဆိုပါတယ်။

တကယ်လို့များ အဲဒီလို မခွဲစိတ်ရင် ကြီးလာတဲ့အခါ စကားပြောဆွံ့အတာတွေ၊ ဉာဏ်ရည်မသန်စွမ်းတာတွေအထိပါ ဖြစ်လာနိုင်တယ်လို့ဆိုတာကြောင့် သူ့အမေခမျာ အိမ်ရောက်ကတည်းက မျက်ရည်လည်ရွဲဖြစ်နေပါပြီ။ ရှေ့လာမယ့်နှစ်ဆို သားပူတူးကို အတန်းကျောင်းကြီးမှာ သူငယ်တန်း စထားရတော့မှာပါ။ အခုလည်း မူကြိုတက်နေပါတယ်။ ကလေးက အဆော့သန်တဲ့အရွယ်၊ ဗိုက်ဘေးမှာ မစင်အိတ်ကြီးနဲ့နေရမှာကို မိဘတစ်ယောက်အနေနဲ့ ဘယ်လိုမှ စဉ်းစားလို့မရပါဘူး။

ဒီအကြောင်းအရာတွေကို ကျွန်တော်ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ရေးတင်လိုက်တဲ့အခါမှာ အသိမိတ်ဆွေ (ဆရာဝန်တွေ အပါအဝင်)တွေက Second Opinion ယူကြဖို့ တိုက်တွန်းကြတယ်။ ကျွန်တော်လည်း ပထမဆုံး အထူးကုဆရာဝန် ပြောလိုက်တဲ့စကားကို မယုံကြည်ဘူး။ မခွဲစိတ်ရမယ့် တခြားနည်းလမ်း မရှိနိုင်ဘူးလားဆိုတာ ရှာကြည့်ချင်နေတယ်။

သတင်းစာသင်တန်းဆရာ ဦးအောင်ထွန်းဦးနဲ့ ကြုံလို့ စကားစပ်မိရင်း ကန်တော်ကလေးထဲက ဆရာဝန်ကြီးတစ်ဦးဆီ ထပ်မံပြသခဲ့ပါတယ်။ ခွဲစရာမလိုဘဲ ဆေးနဲ့ လေ့ကျင့်ရင် ရနိုင်ပါတယ်လို့ပြောပြီး ဆေးရည်တွေ ပေးပါတယ်။ ပထမ 10 cc တိုက်ရတယ်။ မရတော့ တိုးပြီး 15 cc တိုက်ပါတယ်။ ဝမ်းသွားတဲ့အခါ အရည်တွေပဲ ပါပြီး ပုံမှန်မဟုတ်သေးတာကြောင့် အာရှတော်ဝင်ဆေးခန်းက နောက်ထပ်သမားတော်ကြီးတစ်ဦးနဲ့ ထပ်မံပြသပါတယ်။

အဲဒီဆရာဝန်ကြီးကို ကုသမှုရာဇဝင်နဲ့ စစ်ဆေးချက်တွေ ပြသတဲ့အခါ ပထမဦးဆုံး စစ်ဆေးထားတဲ့ အဖြေကို ကြည့်တောင်မကြည့်တော့ဘဲ ဆေးနဲ့ နှစ်ရှည်လေ့ကျင့်ရမယ်လို့ ဆုံးဖြတ်ပြီး ဆေးတွေ ပေးပါတယ်။ ဒါပေမဲ့လည်း ကလေးက ဝမ်းပုံမှန် မဟုတ်သေးဘဲ ဆေးတွေကြောင့်သာ သွားနေရတဲ့ သဘောရှိနေပါတယ်။

မိဘတွေအနေနဲ့လည်း ကလေးဗိုက်ထဲမှာ ဘာတွေဖြစ်နေလဲဆိုတဲ့ စိုးရိမ်စိတ်တွေလည်း ကြီးထွားလာသလို ပထမဦးဆုံး ဆရာဝန်မကြီးက ပြောလိုက်တဲ့ ဆွံ့အသွားမယ်၊ ဉာဏ်ရည်တွေ နိမ့်ကျကုန်မယ်ဆိုတဲ့ အချက်ကလည်း ချောက်ချားစေပါတယ်။ အဲဒါထက် ဆိုးတာကတော့ ကိုယ့်ကလေး ဆေးတွေ သောက်ပြီး မအီမသာဖြစ်နေတာကို မမြင်ရက်နိုင်တော့တာပါပဲ။

ကလေးက ငါးနှစ်ပြည့်ခါနီးဖြစ်တာကြောင့် ရှေ့လေးနှစ်တုန်းက ဘယ်လိုများ ဝမ်းသွားခဲ့ပါလိမ့်၊ နောက်ထပ်ပြသခဲ့တဲ့ ဆရာဝန်ကြီးတွေကလည်း နှစ်ရှည် ဆေးသောက်လိုက်ရင် အဆင်ပြေနိုင်တယ်ပြောတာကြောင့် အာရုံကြောမပါဘူးဆိုတာ တကယ်ရော ဟုတ်ရဲ့လား စသဖြင့် အဖြေကို တိတိကျကျ သိချင်လာပါတယ်။

                                                                                                Photo – Zayar Hlaing                                    သားပူတူး

ကျွန်တော်ကလည်း အောက်တိုဘာလလယ်လောက်ကျရင် ဘန်ကောက်မှာ အစည်းအဝေးတစ်ခု တက်စရာရှိနေတာနဲ့ သားပူတူးကို တစ်ခါတည်းခေါ်သွားပြီး စစ်ဆေးကြည့်ဖို့ ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်။ ဆော့ကစားတတ်တဲ့ ငါးနှစ်အရွယ်ကလေးကို ခေါ်မယ်ဆိုတော့ သူ့ကိုထိန်းမယ့် သူ့အမေ မပါလို့ကလည်းမဖြစ်ပြန်။ သူ့အမေကိုပါခေါ်တော့ ရန်ကုန်မှာ တစ်ယောက်တည်းကျန်ခဲ့မယ့် သမီးကို ထားခဲ့ရင်လည်း အားငယ်နေမှာ။ အဲဒါနဲ့ တစ်မိသားစုလုံးသွားဖု့ိ ပြင်ဆင်ရပါတော့တယ်။

အဲဒီအခါမှာ ဘယ်လိုအခက်အခဲတွေ တွေ့ရသလဲဆိုတာ လူအများတွေကို သိစေချင်တာဟာ ဒီခရီးသွားဆောင်းပါးကို ရေးရခြင်းရဲ့ မြစ်ဖျားခံရာပါပဲ။ ငွေကြေးချမ်းသာတဲ့သူတွေ အတွက်တော့ ဘာမှ မပြောပလောက်ပေမယ့် ဝင်ငွေ အတန်သင့်ပဲရှိတဲ့ ကျွန်တော့်လို သတင်းစာဆရာတစ်ယောက်အတွက်တော့ တော်တော်ချိန်ဆရတဲ့ကိစ္စပါ။

ပုံမှန်အားဖြင့် ကျွန်တော့် ပုဂ္ဂလိကရေးရာတွေကို ဆောင်းပါးရေးလေ့မရှိပါဘူး။ ဖေ့စ်ဘွတ်ခ်မှာတင်လိုက်တော့ မိတ်ဆွေအချို့က အတွေ့အကြုံကို ဆောင်းပါးရေးပြီး ပြန်လည်မျှဝေသင့်တယ်လို့ ပြောတာတစ်ကြောင်း၊ အဓိကတော့ ဆရာဝန်တစ်ယောက်ရဲ့ အလွယ်တကူကောက်ချက်ဟာ လူနာနဲ့ လူနာရှင်တွေအပေါ် ဘယ်လိုသက်ရောက်သလဲ ဆိုတာရယ်၊ ပြောင်းလဲချိန်တန်ပြီလို့ ကြွေးကြော်နေတဲ့ ကျွန်တော်တို့နိုင်ငံရဲ့ အခြေအနေတွေကြား ပြည်သူလူထုမှာ ဘယ်လို ကမောက်ကမဖြစ်နေသေးလဲ၊ ပြည်တွင်းနဲ့ ပြည်ပ ဘာတွေကွာနေသေးလဲဆိုတာ တင်ပြချင်တာလည်း ပါပါတယ်။

လူပင်လယ်လား၊ လူပဒူအုံလား

ပြည်ပသွားရမယ်ဆိုတော့ ပထမဦးဆုံးလိုတာက နိုင်ငံကူးလက်မှတ်ပါပဲ။ ကလေးတွေမှာ နိုင်ငံကူးလက်မှတ် မရှိပါဘူး။ သူတို့အမေမှာ ရှိပေမယ့် ပြည်သူ့ဝန်ထမ်းဖြစ်နေတာကြောင့် သူ့ရုံးက ပြန်လည်သိမ်းဆည်းထားပါတယ်။ လိုအပ်ရင် ပြန်လည်ထုတ်ယူလို့ ရပါတယ်။

ကျွန်တော် အစည်းအဝေး သွားတက်ရမယ့်ရက်က အောက်တိုဘာ ၁၅။ ကလေးတွေ အတွက် ပတ်စ်ပို့လျှောက်မယ်လို့ စတင်ဆောင်ရွက်တာ စက် တင်ဘာ ၂၆။ စက်တင်ဘာ ၂၇ ကနေ အောက်တိုဘာ ၁ အထိက သီတင်းကျွတ်ပွဲတော်ပိတ်ရက်ကို စနေ၊ တနင်္ဂနွေခံပြီး ငါးရက်ဆက်တိုက် ပိတ်တဲ့အချိန်။ ပတ်စ်ပို့ရမှ လေယာဉ်လက်မှတ်တွေလည်း ဝယ်လု့ိရမှာ၊ ဆေးရုံကိုလည်း ဘွတ်ကင်လုပ်လို့ရမှာ၊ ကျွန်တော့်အစည်းအဝေးလည်း အချိန်မီမှာဖြစ်တာကြောင့် အရေးကြီးဆုံးကနေ စတင် လုပ်ဆောင်ရပါတယ်။

ပတ်စ်ပို့ရုံးကို ၂ဝ၁၅ ဖေဖော်ဝါရီမှာ ကျွန်တော့်ပတ်စ်ပို့ သက်တမ်းတိုးဖို့ နောက်ဆုံးရောက်ခဲ့တာဖြစ်လို့ ပတ်စ်ပို့အတွက် လိုအပ်မယ့် စာရွက်စာတမ်းတွေ မမှတ်မိတော့ပါဘူး။ အိမ်ကမထွက်ခင် အွန်လိုင်းကနေ အချက်အလက် ရှာဖွေပါတယ်။ လိုချင်တဲ့ အချက်အလက် မရပါဘူး။ ၁၈၇၆ နံပါတ်ကို ပတ်စ်ပို့ရုံးရဲ့ ဖုန်းနံပါတ်လှမ်းမေးတော့ နံပါတ်နှစ်ခု ပေးတယ်။ နှစ်ခုစလုံး ဖုန်းမကိုင်ပါဘူး။ အဲဒါနဲ့ပဲ သန်းခေါင်စာရင်း၊ မွေးစာရင်းနဲ့ ကိုယ့်မှတ်ပုံတင်တွေ ထည့်၊ ကလေးနှစ်ေယောက် လက်ဆွဲပြီး ပတ်စ်ပို့ရုံးကို ထွက်ခဲ့ပါတော့တယ်။

ကားပေါ်ရောက်တော့ ”ဖေဖေဘယ်သွားမလု့ိလဲ”လု့ိ သားပူတူးက စမေးပါတော့တယ်။ ”မင်းလေယာဉ်စီးချင်တယ်ဆို” လို့ ပြန်ပြောလိုက်တော့ ”ခု လေယာဉ်သွားစီးမှာလား”လို့သူက ပြန်မေးတယ်။ အကြီးမ တုန်တုန်ချစ်က ၁ဝ နှစ်ဆိုတော့သူက နားလည်နေပြီ။ ”လေယာဉ်စီးဖို့ လက်မှတ်ဝယ်ရမှာပေါ့ မောင်လေး” လို့ ပြောပြီး မောင်နှမနှစ်ယောက် တစ်လမ်းလုံး သူတို့ထင်ရာမြင်ရာတွေ ပြောရင်း ပတ်စ်ပို့ရုံးရှေ့ကို ရောက်လာပါတော့တယ်။

ကားပေါ်က မဆင်းခင်ကတည်းက မြင်ရတာ အစုလိုက်အပြုံလိုက်ဖြစ်နေတဲ့ လူတန်းရှည်ကြီးပါပဲ။ ကားပေါ်ကနေ ကလေးနှစ်ယောက် လက်ဆွဲပြီး ဆင်းလိုက်တယ်ဆိုရင်ပဲ ”အစ်ကို၊ ပတ်စ်ပို့လုပ်မလို့လား။ အမြန်ရမယ်’၊ ”မောင်လေး ပတ်စ်ပို့ လုပ်မလို့လား၊ စောင့်စရာမလိုအောင် လုပ်ပေးမယ်”စတဲ့ စကားတွေနဲ့ ဈေးခေါ်လာတဲ့ ကျား၊ မ မျိုးစုံနဲ့ စတွေ့ရတော့တာပါပဲ။

အဲဒါနဲ့ ရုံးရှေ့တစ်ဝိုက်ကို လှည့်ပတ်ကြည့်တယ်။ လူပင်လယ်ကြီးကြား ဘယ်နေရာကနေ စတန်းစီရမှန်းတောင် မသိဘူး။ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေး ရုံးဘေးက တယ်လီနောရုံးရှေ့ထိလူအုပ်ကြီးက တိုးမပေါက်။ ဟိုဘက်ခြမ်းကို ကြည့်တော့လည်း စာရွက်လေးတွေ ကိုယ်စီ ကိုင်ထားတဲ့ ချွေးသံတရွှဲရွှဲနဲ့ လူတန်းကြီးက တိုးမပေါက်။ ကိုယ့်မှာလည်း ကလေးနှစ်ယောက် လက်ဆွဲလို့။

အဲဒီအချိန်မှာပဲ ကော်လာကတုံးအဖြူလက်ရှည်နဲ့ အသက် ၂ဝ ဝန်းကျင် ချာတိတ်တစ်ယောက် အနားကပ်လာပြီး တန်းမစီရအောင်၊ အမြန်ရအောင်ဆောင်ရွက်ပေးမယ်လို့ ကမ်းလှမ်းလာပါတော့တယ်။ ကလေးနှစ်ယောက်နဲ့ လူအုပ်ကြီးကို တိုးဖြတ်ဖို့ဆိုတာလည်း အတော်မလွယ်သလို ကျွန်တော့်မှာလည်းအလုပ်တွေ ရှိနေသေးတာကြောင့် အချိန်ဘယ်လောက်ကြာမလဲဆိုတာ ပြန်မေးလိုက်တယ်။

လေးဆယ့်ငါးမိနစ၊် တစ်နာရီလောက်တော့ စောင့်ရမယ်၊ ဒါအမြန်ဆုံးပဲလို့ဆိုတော့ ကလေးတွေ ပူမယ်၊ အိုက်မယ်၊ ရေငတ်မယ်၊ ဗိုက်ဆာမယ်၊ ကူညီမယ့်သူရှိတော့ အဆင်ပြေနိုင်တယ်လို့တွေးပြီး အဲဒီချာတိတ် အကူအညီပေးမယ်ဆိုတာကို လက်ခံလိုက်တယ်။ သူ့ကိုတော့ ဝန်ဆောင်ခသုံးထောင်ကျပ် ကနဦးပေးထားရမယ်၊ အဆင်ပြေသွားရင်နောက်နှစ်ထောင်၊ စုစုပေါင်းငါးထောင် ပေးရမယ်ဆိုတော့ အိုကေပေါ့။

သန်းခေါင်စာရင်း၊ မွေးစာရင်းတွေနဲ့အတူ ကျွန်တော့် မှတ်ပုံတင်ကို မိတ္တူကူးဖို့ပေးလိုက်ပြီး သူ့နောက်က လိုက်သွားလိုက်တယ်။ အဲဒီနားက မိတ္တူကူးဆိုင်မှာ မိတ္တူဆွဲနေတဲ့အချိန် ပတ်စ်ပို့ရဖို့ ဘယ်လောက်ကြာနိုင်သလဲ ဆိုတာကို မေးမြန်းတီးခေါက်ကြည့်တယ်။ ပုံမှန်ဆို ၁ဝ ရက်ကြာမှာဖြစ်ပြီး အမြန်ဆိုရင်တော့ ငါးရက်နဲ့ရကြောင်း၊ အမြန်လိုချင်ရင် လုပ်ပေးမယ်လို့ ဆိုလာပါတယ်။ ပတ်စ်ပို့ပုံမှန်လုပ်ရင် အစောဆုံးရနိုင်မယ့်ရက်ကိုတွက်ကြည့်တယ်။ ၁ဝ ရက်ကြာမယ်ဆိုရင် အစောဆုံးက အောက်တိုဘာ ၆ ရက်၊ ဒါတောင် အဲဒီနေ့ မီအောင်တင်နိုင်ပါမှ၊ မဟုတ်ရင် နောက်နေ့ကစပြီး ပိတ်ရက် ငါးရက်ဆက်တိုက်ရှိနေတယ်။ အဲဒါဆိုရင် ဟိုမမီ၊ ဒီမမီဖြစ်မယ်။

ကဲ…အမြန်လုပ်မယ်ဆို ဝန်ဆောင်ခဘယ်လောက်ယူမလဲ မေးလိုက်တော့ နောက်ထပ် သူနဲ့ ရွယ်တူ ချာတိတ်တစ်ယောက်ကို ထပ်ခေါ် ပြီး နှစ်ယောက်သား တီးတိုးပြောကြတယ်။ တစ်ယောက်ကို နှစ်သိန်းကျမယ်တဲ့။ များတယ်ကွာဆိုတော့ တစ်သိန်းခွဲတော့ အောက်ထစ်ထားပေးမယ်တဲ့။ နှစ်ယောက် နှစ်သိန်းခွဲနဲ့ရရင်တော့ လုပ်မယ်၊ မဟုတ်ရင်တော့ ကိုယ့်ဘာသာပဲ လုပ်မယ်ကွာဆိုတော့ ခဏစောင့်ဖို့ပြောပြီး သူတို့ ဖုန်းတွေဆက်ကြတယ်။ ဈေးတည့်သွားတယ်။

နောက်တော့ အသက် ၃ဝ ဝန်းကျင် ထောင်ထောင်မောင်းမောင်းလူတစ်ယောက် လက်ထဲမှာ ဖိုင်တစ်ခုကိုင်ပြီး ရောက်လာတယ်။ လိုအပ်တဲ့ စာရွက်စာတမ်းမိတ္တူတွေနဲ့ ပိုက်ဆံနှစ်သိန်းခွဲကို ဖိုင်ထဲ ညှပ်ထည့်ဖို့ ပြောတာနဲ့ ထည့်ပေးလိုက်တယ်။ ပထမဦးဆုံး လာမိတ်ဆက်တဲ့ ချာတိတ်က သူ့နာမည် နိုင်မင်းခန့် ဖြစ်ကြောင်းနဲ့ သူ့ဖုန်းနံပါတ်ကို ပေးတယ်။ နောက်ထပ် ဖုန်းနံပါတ် တစ်ခုလည်း ထပ်ပေးပြီး ရုံးထဲက တစ်ပွင့်နဲ့ အရာရှိ ဆရာမြင့်အောင်ဆိုသူရဲ့ နံပါတ် ဖြစ်ကြောင်း၊ သူ့ကိုအထဲရောက်ရင် ဆက်သွယ်ဖို့လိုကြောင်း ပြောပြတယ်။ ကျွန်တော်လည်း ဆက်ကြည့်လိုက်တော့ ”ရုံးထဲမှာ စောင့်နေပါတယ်၊ ရောက်ရင် ဖုန်းသာဆက်လိုက်ပါ” လို့ တစ်ဖက်က ဆိုလာပါတယ်။

ဒီအစ်ကိုနောက်ကိုသာလိုက်သွားပေတော့ဆိုပြီး ဖိုင်ကိုင်လာတဲ့သူနဲ့ ထည့်ပေးလိုက်ပါတော့တယ်။ အဲဒီလူကလည်း ခပ်သုတ်သုတ်ထွက်သွားတယ်။ သူ့နောက်ကို ကလေးနှစ်ယောက် လက်ဆွဲထားတဲ့ ကျွန်တော် လိုက်မမီဘူး။ ဘေးမှာတော့ ခုနချာတိတ်နှစ်ယောက် ကျန်နေခဲ့သေးတော့ အေးဆေးပေါ့။ ရုံးရှေ့ဝင်ပေါက်ရောက်တော့ ဒီကနေသာဝင်သွား၊ ခုနလူ ဟိုဘက်ကနေ ပတ်ဝင်ပြီး အထဲမှာ စောင့်နေလိ့မ်မယ်ဆိုတော့ ကလေးနှစ်ယောက်လက်ဆွဲ၊ တစ်ဖက်ကလည်း စာရွက်စာတမ်းတွေကိုင်ပြီး တန်းစီလိုက်တာပေါ့။

Photo – Zayar Hlaing                                                                                                                          ပတ်စ်ပို့ရုံးရှေ့တန်းစီနေသော လူအုပ်

ရုံးထဲကိုတော့ တန်းစီနေတဲ့လူတွေကို အသုတ်လိုက်သွင်းနေပါတယ်။ တစ်ခါဖွင့်ရင် နှစ်မိနစ်လောက်ဝင်ခွင့်ပေး၊ ပြီးရင် ပြန်ပိတ်လိုက်နဲ့ လူတွေကို အတင်းမတိုးကြဖို့ တာဝန်ကျရဲဝန်ထမ်းတစ်ဦးက အော်ဟစ်ပြောဆိုနေတာ တွေ့ရတယ်။ ကျွန်တော်လည်း မြင့်အောင်ဆိုတဲ့သူဆီကို ဖုန်းဆက်တော့ သူထွက်လာကြိုမယ်၊ ဝင်သာဝင်လာခဲ့ပါလို့ ဆိုပါတယ်။

ဒါပေမဲ့ ၁၅ မိနစ်လောက်ကြာတဲ့အထိ ရောက်မလာပါဘူး။ တန်းစီနေတဲ့လူတွေထဲက ထွေးလိုက်တဲ့ကွမ်းတံတွေးဟာ တုန်တုန်ချစ်ရဲ့ ခြေထောက်ကို လာစင်ပါတယ်။ တုန်တုန်ချစ်က ”ဟိုဘက်က ကွမ်းတံတွေးထွေးတယ်”လို့ လှမ်းပြောတာကို ဘေးနားက လူတစ်ယောက်က ကြားသွားပြီး ငဲ့ကြည့်တယ်။ ကလေးငယ်ကိုချီပြီး ဝင်သွားရင် ရနိုင်တယ်လို့ အကြံပေးတာနဲ့ သားပူတူးကိုချီပြီး အထဲကို ဝင်သွားလိုက်ပါတယ်။ အဲဒီအခါအဆင်ပြေပါတယ်။

အထဲရောက်တဲ့အခါမှာတော့ ခုနနံပါတ်တွေကို ဖုန်းထပ်ခေါ် ကြည့်ပါတယ်။ နိုင်မင်းခန့်ဆိုတဲ့ကောင်လေးရဲ့ဖုန်းက ပိတ်သွားပြီး မြင့်အောင်ဆိုသူရဲ့ ဖုန်းကိုတော့ လုံးဝခေါ်လို့မရတော့ပါဘူး။ အဲဒီအချိန်မှာ အလိမ်ခံလိုက်ရပြီဆိုတာ သဘောပေါက်သွားပါပြီ။ သတင်းစာဆရာ လူပါးလို့ထင်ထားတာ ခုတော့ ပုလင်းထိပြီပေါ့။

အမှန်တကယ်တော့ ကျွန်တော်ဟာ လက်ရှိလုပ်ကိုင်နေတဲ့ သတင်းစာဆရာတစ်ယောက်လည်းဖြစ်၊ သတင်းမီဒီယာ ကောင်စီဝင်တစ်ဦးလည်း ဖြစ်ပါတယ်။ အရာရှိကြီးတော်တော်များများနဲ့လည်း ဆွေးနွေးပွဲတွေ၊ သင်တန်းတွေ ပြုလုပ်ရင်း ခင်မင်သိကျွမ်းပါတယ်။ ဒါပေမဲ့ အခုကိစ္စက ကျွန်တော့်ရဲ့ ပုဂ္ဂိုလ်ရေးမိသားစုကိစ္စ ဖြစ်တာကြောင့် ဘယ်သူနဲ့သိတယ်၊ ဘယ်ဝါနဲ့ခင်တယ်ဆိုပြီး အခွင့်ထူးမခံလို၊ တာဝန်ရှိသူတွေကိုလည်း အလုပ်မရှုပ်စေလိုတာကြောင့် ကိုယ့်နည်းလမ်းကိုယ်သုံးဖို့ ကြိုးစားရင်း အလိမ်ခံရတာပါ။ အလိမ်ခံရပြီဆိုတော့ ကိုယ်ညံ့တာလည်း ပါတာပေါ့လေ။

ဒေါသနဲ့ဆုံးဖြတ်ရင် အမှားပါနိုင်တာကြောင့် လူကို ခဏလောက် အနားပေးပြီး ဘာကို အရင်ဆုံးလုပ်သင့်သလဲဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ်လိုက်တယ်။ ပတ်စ်ပို့တန်းစီနေတဲ့ လူပင်လယ်ကြီးကြား ဝင်တိုးနေတဲ့အချိန် ကလေးတွေကိုထိန်းဖို့ သူတို့အမေကို ခေါ်မှဖြစ်မယ်၊ အလိမ်ခံရတာကိုလည်း သက်ဆိုင်ရာတာဝန်ရှိအကြီးအကဲတွေကို လောလောဆယ် သတင်းပို့ထားပြီး မူလရည်ရွယ်ချက်ဖြစ်တဲ့ ပတ်စ်ပို့လျှောက်တာကို အရင်လုပ်မယ်လို့ ဆုံးဖြတ်ချက်ချလိုက်တယ်။

ကလေးတွေအမေကို ဖုန်းဆက်ခေါ် ပြီးတာနဲ့ လျှောက်လွှာပုံစံပေးတဲ့နေရာက တာဝန်ကျရဲတစ်ဦးကို အလိမ်ခံလိုက်ရကြောင်းနဲ့ ဒီရုံးက အကြီးအကဲဆီကို သတင်းပို့လိုကြောင်း အကူအညီတောင်းတယ်။ ဒုတိယရဲမှူးကြီးဇော်လင်းဆိုတာ အကြီးအကဲဖြစ်ကြောင်းနဲ့ အပေါ်ထပ်မှာရုံးထိုင်ကြောင်းရှင်းပြတယ်။ အဲဒါနဲ့ လျှောက်လွှာပုံစံတွေ ယူပြီး အရင်ဖြည့်လိုက်တယ်။ လိုအပ်တဲ့ စာရွက်စာတမ်းတွေကိုလည်း မိတ္တူကူးယူလိုက်ပါတယ်။

တစ်သွေး တစ်သံ တစ်မိန့်

ရုံးအတွင်းဘက်ကိုဝင်တဲ့ ဆွဲတံခါးနားကို လျှောက်သွားတဲ့အခါ တံခါးကိုပိတ်ထားပြီး အဝမှာ သုံးပွင့်ရဲအရာရှိတစ်ဦးနဲ့ တစ်ပွင့်ရဲအရာရှိတစ်ဦးတို့က လျှောက်လွှာတင်မယ့်သူတွေကို စိစစ်နေတယ်။ ကျွန်တော်လည်း ကလေးနှစ်ယောက်ကို လက်ဆွဲပြီး ဒုတိယရဲမှူးကြီးနဲ့ တွေ့ပြီး အလိမ်ခံရတဲ့အကြောင်း သတင်းပို့လိုတဲ့ အကြောင်းရှင်းပြတော့ ပေးမဝင်နိုင်ပါဘူးတဲ့၊ ဖုန်းပဲ ဆက်လိုက်ပါလို့ ပြောတယ်။

အဲဒါဆို ဖုန်းနံပါတ်ပေးပါဆိုတော့လည်း မပေးနိုင်ကြောင်းနဲ့ ပေးမဝင်ဖို့ òန်ကြားထားကြောင်းသာ ပြောတယ်။ အဲဒါနဲ့ ကလေးနှစ်ယောက်ကို လက်ဆွဲပြီး လျှောက်လွှာပေးတဲ့ တာဝန်ကျရဲဆီကို ပြန်လာခဲ့လိုက်တယ်။ ဘယ်လိုလုပ်ရင် ကောင်းမလဲ အကြံဉာဏ်တောင်းတော့ အပေါက်ဝနားမှာ နှစ်ပွင့်နဲ့ လုံခြုံရေးတာဝန်ကျ အရာရှိဆီကို သွားဖို့ ညွှန်ပါတယ်။ ကျွန်တော်လည်း အပေါက်ဝနားကိုပြန်ထွက်လာ၊ လုံခြုံရေး အရာရှိကို အကျိုးအကြောင်း ရှင်းပြတော့ မှတ်မိရင် ခုသွားဖမ်းပေးမယ်တဲ့။ လောလောဆယ်တော့ ဒီနားမှာ ရှိနိုင်မှာ မဟုတ်တော့တာကြောင့် လောလောဆယ် လျှောက်လွှာအရင်တင်ပြီး အကြီးအကဲတွေဆီ သတင်းပို့ချင်ပါတယ်လို့ပဲ ပြန်ပြောလိုက်တယ်။

ဗိုက်ရွှဲရွှဲနဲ့ တာဝန်ကျအရာရှိက အချိန်မရွေးအကူညီ တောင်းပါခင်ဗျာလို့ ကွမ်းငုံထားရင်းကနေ ရည်ရည်မွန်မွန်ပဲ ပြန်လည်ပြောဆိုပါတယ်။ အတွင်းအဆောက်အအုံထဲ ဝင်ဖို့ ကြည့်လိုက်တော့လည်း လူတွေက ကျိတ်ကျိတ်တိုး။ ကလေးတွေ အိမ်သာသွားချင်တယ်၊ ရေဆာတယ်ဆိုရင် တန်းစီနေရင်းနဲ့ အခက်တွေ့မှာ စိုးရိမ်စိတ်ဖြစ်ပေါ်လာတယ်။ ကလေးတွေကလည်း ရေဆာတယ်၊ လေယာဉ်ပျံစီးမယ် စသဖြင့် ပူဆာနေကြတယ်။

အဲဒီနားမှာရှိတဲ့ သုံးရစ်နဲ့ ရဲတစ်ဦးက ကျွန်တော့်အဖြစ်ကို ကြည့်ပြီး သူကူညီပါ့မယ်ဆိုကာ သူ့နောက်က လိုက်ခဲ့ဖို့ ခေါ်ဆောင်သွားပါတယ်။ အတွင်းဘက်ဝင်ပေါက်ကို ပြန်ရောက်တဲ့ အခါမှာတော့ ခုန သုံးပွင့်နဲ့အရာရှိကို မတွေ့ရတော့ဘူး။ သုံးရစ်နဲ့ရဲတပ်ကြပ်ကြီးကပဲ ကျွန်တော်တို့ သားအဖတွေကို ခေါ်သွင်းသွားပြီး ဒုတိယထပ်မှာ ရုံးခန်းရှိတယ်၊ တက်သွားပါ ဆိုပြီး လမ်းညွှန်ပေးလိုက်ပါတော့တယ်။

စစဝင်ဝင်ချင်းမှာ လဝက အရာရှိတွေက သန်းခေါင်စာရင်းနဲ့ မှတ်ပုံတင်တွေကို စစ်ဆေးတဲ့နေရာပါ။ တစ်ခန်းလုံး လူတွေနဲ့ပြည့်ကျပ်ပူအိုက်နေပြီး အလင်းရောင်မှိန်မှိန်အောက်မှာ ချွေးသံရွှဲရွှဲနဲ့ တန်းစီနေကြတာ တွေ့ရတယ်။

ဒုတိယရဲမှူးကြီးဇော်လင်းအခန်းကို ရောက်တော့ အခန်းရှေ့ က တာဝန်ကျရဲအရာရှိကို အရင်ဆုံးရှင်းပြလိုက်ပါတယ်။

ဝင်ခွင့်မပေးဘဲ သူ့အခန်းနဲ့ မျက်နှာချင်းဆိုင်က ဌာနစုမှူးအခန်းကို သွားဖို့ပြောတယ်။ ဌာနစုမှူးအခန်းကို ဝင်လိုက်တော့ ရဲမှူးကျော်စိုးနဲ့တွေ့တယ်။ တွေ့တွေ့ချင်း ”ဘာကူညီပေးရမလဲ  ခင်ဗျာ”ဆိုတာက စမေးပါတော့တယ်။

ကျွန်တော်လည်း ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်၊ ဖြစ်စဉ်ကို ရှင်းပြပြီး ကလေးတွေလည်း ပါလာတော့ တန်းမစီနိုင်တာရယ်၊ ဆေးသွားကုဖို့ဆိုတော့ အလျင်စလိုဖြစ်နေတာရယ်ကြောင့် အခုလို ပွဲစားအလိမ်ခံရတာများတယ်၊ တောကလာတဲ့သူတွေထက် မြို့ကလူတွေပဲ အလိမ်ခံရတာ”လို့ သူ့အတွေ့အကြုံကို ရှင်းပြတယ်။ လူလိမ်တွေကို ရှင်းထုတ်ဖို့ သူတို့နဲ့ပူးပေါင်းပါဝင်ဖို့လည်း ဖိတ်ခေါ်တယ်။

ပတ်စ်ပို့ရုံးဟာ သတင်းရဲတပ်ဖွဲ့အောက်မှာ ရှိတာဖြစ်ပြီး သတင်းရဲတပ်ဖွဲ့အနေနဲ့ လူလိမ်တွေကို ဖမ်းဆီးဖို့ဆိုတာ ဥပဒေအရ အကန့်အသတ်တချို့ ရှိနေတာကြောင့် သက်ဆိုင်ရာဌာနဖြစ်တဲ့ ဗဟန်းရဲစခန်းမှာ အမှုဖွင့်စေလိုကြောင်းနဲ့ အလိမ်ခံရတဲ့သူ အများစုဟာ အလုပ်ရှုပ်တာကြောင့် အမှုမဖွင့်ကြဘူးလို့ ဆိုပါတယ်။

ကျွန်တော့်အနေနဲ့တော့ တန်းမစီချင်တာ မဟုတ်ပေမယ့် ကလေးတွေ ပါနေတာကြောင့် တန်းစီဖို့ အဆင်မပြေတာကြောင့် အခုလိုဖြစ်ရပ်နဲ့ ကြုံရတာပါလို့ အခက်အခဲကို ပြောပြလိုက်တယ်။ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေဆိုရင် တခြားသူတွေနဲ့ ရောပြီး တန်းစီဖို့မလိုအောင် စီစဉ်ထားပါကြောင်း သူတို့ရဲ့ စီမံခန့်ခွဲပုံကို ပြောပြပါတယ်။ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေအတွက် သီးသန့်စီစဉ်ထားတယ်လို့လည်း သူက ရှင်းပြတယ်။

Photo – Zayar Hlaing                                                                                               ပတ်စ်ပို့လာရောက်လျှောက်ထားသူများ

ဆေးကုသဖို့ လိုအပ်နေတာကြောင့် ငါးရက်နဲ့ အမြန်ရအောင် သူ စီစဉ်ပေးမယ်ပြောပြီး လျှောက်လွှာတွေပေါ်မှာ မှတ်ချက်နဲ့ သူ့လက်မှတ်ထိုးထားတဲ့ စာရွက်လေးတွေ ကပ်ပေးပါတယ်။ အဲဒီအချိန်မှာ ကလေးတွေအမေက ရုံးရှေ့ကိုရောက်နေပြီလို့ ဖုန်းဆက်လာတာကြောင့် ရဲမှူးကျော်စိုးအခန်းကို လိုက်ခဲ့လိုက်လို့ ပြောလိုက်ပါတယ်။

ရဲမှူးဆီက လျှောက်လွှာတွေပြန်ရတော့ သူ့ဆီက လိပ်စာကတ်တောင်း၊ ကျွန်တော့်လိပ်စာကတ်လည်း ပြန်ပေးလိုက်ပါတယ်။ ရဲမှူးကလည်း ဂျာနယ်တွေမှာ ဆောင်းပါးလေးတွေ ရေးသားပေးပို့လေ့ရှိကြောင်းနဲ့ မီဒီယာကောင်စီက အတွင်းရေးမှူး ဦးသီဟစောနဲ့လည်း ခင်မင်ရင်းနှီးကြောင်း၊ မီဒီယာသမားတွေနဲ့ဆိုတာ မိတ်ဆွေတွေသာဖြစ်ကြောင်း ပြောဆိုပါတယ်။ မီဒီယာလောကအကြောင်းခေတ္တခဏပြောပြီး လျှောက်လွှာစာရွက်တွေနဲ့အတူ အောက်ထပ်ကို ပြန်ဆင်းလာလိုက်ပါတယ်။

 ပတ်စ်ပို့တန်းစီ အောင်မလေးသာ တ လိုက်ချင်သည်

အောက်ထပ်ရောက်တော့ လဝက စစ်ဆေးတဲ့ လူတန်းကြီးနောက် ဝင်ပြီး တန်းစီလိုက်ပါတယ်။ ရှေ့မှာ အဝတ်အစား ခပ်နွမ်းနွမ်းနဲ့ သူတွေ အစုအဖွဲ့လိုက်၊ သူတို့ဘေးနားမှာ ဘယ်ကိုသွား၊ ဘယ်လိုလုပ် စသဖြင့် ပြောဆိုနေတဲ့ ဂျင်းဘောင်းဘီရှည်နဲ့ လူတစ်ယောက်ကို သတိထားမိတယ်။ စုံစမ်းတီးခေါက်ကြည့်တော့ ပြည်ပမှာ အလုပ်သွားလုပ်မယ့်သူတွေကို ပို့ပေးတဲ့ အလုပ်သမားအေဂျင်စီက လူတွေဖြစ်နေတယ်။

တန်းစီနေတဲ့သူတွေက ကျေးရွာတွေက တက်လာသူတွေ။ ရှေ့က လူအတွက် မှတ်တမ်းဓာတ်ပုံရိုက်နေတာကို နောက်က တစ်ယောက်က သွားချောင်းကြည့်လို့ လူနှစ်ယောက် ထပ်လျက် ဓာတ်ပုံထဲပါသွားတဲ့အတွက် လဝက ဝန်ထမ်းက မကျေမနပ်ပြောဆိုသံတွေလည်း ကြားနေရတယ်။

လဝက စစ်ဆေးတဲ့နေရာမှာ သားပူတူးအတွက် အဆင်ပြေပေမယ့် တုန်တုန်ချစ်က လျှောက်လွှာလာတင်တဲ့အချိန်မှာ ၁ဝ နှစ်ကို ၁၁ ရက် စွန်းထွက်သွားပြီ ဖြစ်တာကြောင့် သူ့အနေနဲ့ စစ်ဆေးပေးလို့မရကြောင်းနဲ့ သူ့အထက်က ဦးစီးအရာရှိဆီမှာ အစစ်ခံရမယ်လို့ ဆိုပါတယ်။ သူတို့ရဲ့ ဆိုလိုရင်းက ၁ဝ နှစ်ပြည့်ပြီး မှတ်ပုံတင်မရှိသေးတာကြောင့် သူ့ထက် အဆင့်မြင့်တဲ့ အရာရှိကသာ စစ်ဆေးခွင့်ပြုနိုင်တယ်ဆိုတဲ့ သဘောပါ။

အဲဒီအချိန်မှာ ကလေးတွေအမေ ဖုန်းဆက်လာပြီး သူ့ကိုပေးမဝင်ကြောင်း ပြောလာပါတယ်။ တွန်းဆွဲတံခါးနားကို သွားကြည့်လိုက်တော့ အပြင်က လူအုပ်ကြားမှာ ကလေးတွေ အမေတန်းစီနေတာကို တွေ့လိုက်ရတယ်။

အပေါက်ဝမှာ တံခါးဖွင့်ပိတ်စိစစ်နေတဲ့ သုံးပွင့်နဲ့ အရာရှိကို ကလေးတွေရဲ့ အမေဖြစ်ကြောင်းနဲ့ ကလေးတွေကို ထိန်းဖို့ လိုအပ်ပါကြောင်း ရှင်းပြလိုက်ပေမယ့် အကုန်တန်းစီဝင်ရတာ ဖြစ်တဲ့အတွက် ပေးမဝင်နိုင်ကြောင်းနဲ့ ရဲမှူးအခန်းကိုသွားမယ်ဆိုလို့ ပေးမဝင်တာဖြစ်ကြောင်းပြောတယ်။

ကျွန်တော်ကလည်း ဟုတ်ပါတယ်၊ ခုန ရဲမှူးအခန်းထဲရောက်နေလို့ လိုက်လာခိုင်းတာဖြစ်ပြီး အခုပဲ အဲဒီ့အခန်းက ပြန်တာဖြစ်ကြောင်း၊ ဒီမှာလည်း ကလေးတွေကို မြင်နေရဲ့သားနဲ့၊ ကလေးတွေကလည်း အမေလို့ ခေါ်နေတာ တွေ့ရဲ့သားနဲ့ လူမှုရေးတောင် နားမလည်နိုင်ဘူးလားလို့ ဒေါသနဲ့ တုံ့ပြန်ပြောလိုက်မိပါတယ်။

အဲဒီအခါမှာ သုံးပွင့်တစ်ယောက်နဲ့ တစ်ပွင့်တစ်ယောက်က တံခါးကို ဆွဲပိတ်လိုက်ပြီး တစ်ယောက်က မျက်နှာချင်းဆိုင်တစ်ယောက်က ကျွန်တော့်ဘေးကနေ ဝိုင်းထားလိုက်ပါတယ်။

”ငါတို့ တာဝန်အရ လုပ်နေတာ၊ မင်းနားမလည်ဘူးလား” လို့ အသံခပ်ကျယ်ကျယ်နဲ့ ဆိုလာပါတယ်။

ကျွန်တော်ကလည်း ”ကိစ္စရှိလို့လာတာ၊ ဒီမှာလည်း ကလေးတွေနဲ့ဆိုတာ ခင်ဗျားတို့မြင်ရဲ့သားနဲ့ လူ့အသိစိတ်နဲ့ ကူညီလိုက်တော့ ဘာဖြစ်သွားမှာမို့လို့လဲ”လို့ အသံမြှင့်ပြီး ပြန်ပြောလိုက်တော့ ”အားလုံးတန်းစီနေတာ မင်းမမြင်ဘူးလားကွ”လို့ပြန်အော်ပါတယ်။

အဲဒါနဲ့ ကျွန်တော်က ဟနေတဲ့ ဆွဲတံခါးကြားကနေ တန်းစီနေတဲ့ လူအုပ်ကြား ခေါင်းပြူပြီး ”ကလေးတွေထိန်းဖို့ သူတို့အမေကို ကျွန်တော်ခေါ်ချင်ပါတယ်၊ ကန့်ကွက်တားဆီးမယ့်သူ ရှိလား”လို့ အော်မေးလိုက်ပါတယ်။ ဘယ်သူမှ ကန့်ကွက်ကြောင်း မပြောကြပါဘူး။ ကျွန်တော်တို့ကို အထူးအဆန်းအနေနဲ့ပဲ ဝိုင်းကြည့်နေကြပါတယ်။

အဲဒီအခါမှာ သုံးပွင့်နဲ့အရာရှိက ရဲတပ်ကြပ်တစ်ဦးကို ခေါ်လိုက်ပြီး ”ရဲမှူးအခန်းထဲ အကုန်ပို့လိုက်ကွာ”လို့ အမိန့်ပေးလိုက်ပါတယ်။

အဲဒီရဲကလည်း ကျွန်တော်တို့ကို လူလိမ်တွေလို၊ သူခိုးတွေလို မျက်နှာပေးနဲ့ အပေါ်ထပ်က ရဲမှူးအခန်းထဲကို ”လာ လိုက်ခဲ့” လို့ ခပ်တင်းတင်းပြောရင်း ခေါ်ဆောင်သွားပါတယ်။

အခန်းထဲရောက်တော့ ရဲမှူးက ဘာဖြစ်တာလဲဆိုပြီး မေးတော့ ကျွန်တော်က အကျိုးအကြောင်းရှင်းပြတယ်။ လဝက ဦးစီးနဲ့ ထပ်မံစစ်ဆေးဖု့ိရှိတာကို အချိန်နောက်ကျအောင်လုပ်သလို ဖြစ်နေတယ်လို့ပြောတော့ ရဲမှူးက စာတိုလေးတစ်စောင် ထပ်ရေးပေးပြီး သူ့အခန်းထဲက တာဝန်ကျရဲတစ်ဦးကိုလည်း ကျွန်တော်တို့နဲ့ ထည့်ပေးလိုက်ပါတော့တယ်။

အဲဒီတာဝန်ကျရဲက ကျွန်တော်တို့တွေကို လဝက ဦးစီးအရာရှိ အခန်းထဲ ဦးဆောင်ခေါ်သွားပြီး မိတ်ဆက်ပေးခဲ့ပါတယ်။ အခန်းထဲမှာလည်း လူတွေများနေတာကြောင့် အပြင်မှာ သားပူတူးကို သူ့အမေနဲ့ ထားခဲ့ပြီး တုန်တုန်ချစ်နဲ့ ကျွန်တော်ပဲ အခန်းထဲကို ဝင်ခဲ့ပါတယ်။

လဝကဦးစီးအရာရှိစားပွဲမှာတော့ သန်းခေါင်စာရင်းတွေ၊ မှတ်ပုံတင်တွေနဲ့ ရှုပ်ယှက်ခတ်နေသလို မှတ်ပုံတင်တွေကို စစ်ဆေးတဲ့ အဏုမြူဖန်မီးချောင်းအသေးစားလေးတွေ၊ မှန်ဘီလူးနဲ့သေချာတိုက်ဆိုင် စစ်ဆေးတာကိုလည်း တွေ့ရတယ်။

အထူးသဖြင့် ဘာသာခြား၊ လူမျိုးခြားလို့ အမည်တပ်ခံထားရတဲ့ ဗုဒ္ဓဘာသာဝင် မဟုတ်သူတွေကို အထူးစစ်ဆေးတာ တွေ့ရတယ်။ အဲဒီလိုလူတွေကိုလည်း ဦးစီးအရာရှိအခန်းရှေ့မှာ အများကြီးတန်းစီနေတာ တွေ့ရတယ်။ လဝက စစ်ဆေးခံဖို့ စောင့်နေတဲ့အချိန်မှာ တံခါးစောင့်နေတဲ့ သုံးပွင့်နဲ့အရာရှိအကြောင်း စိတ်ကရောက်သွားတယ်။

အထက်အဆင့် အရာရှိတွေက ကူညီနေပေမယ့် အောက်ခြေကသုံးပွင့်နဲ့ ရဲအရာရှိဟာ ဘာလို့များလူတွေကို ရန်လိုနေပါလိမ့်၊ သူတို့ဆောင်ပုဒ်ဖြစ်တဲ့ ကူညီပါရစေဆိုတာ ဘာကိုခေါ်တာလဲ၊ အဲဒီအဓိပ္ပာယ်ကို သူတို့နားလည်ပါရဲ့လား စသဖြင့် တွေးနေမိတယ်။

ပထမတစ်ကြိမ်တုန်းကလည်း အလိမ်ခံရလို့ သတင်းပို့ချင်လို့ပါဆိုတော့ အထက်òန်ကြားချက်အရဆိုပြီး ပေးမဝင်၊ ဖုန်းနံပါတ်လည်းမပေး၊ လူကိုလည်း မောင်းထုတ်။ ဒုတိယအကြိမ် ကလေးငယ်တွေ မြင်နေရတာတောင် ကလေးအမေကို ပေးမဝင်၊ လူသားချင်းစာနာစိတ်လည်း မရှိ။ မြန်မာ့ဒီမိုကရေစီအကူးအပြောင်းမှာ ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေးဆိုတာလည်း အပါအဝင်ဖြစ်ပါတယ်။ အခု သုံးပွင့်နဲ့ ရဲအရာရှိလို လူမျိုးတွေကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ပြည်သူ တွေအထင်လွဲတာနေမှာလို့လည်း သုံးသပ်နေမိတယ်။

NLD အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုတွေဟာလည်း အောက်ခြေအထိရောက်အောင် အကောင်ထည်မဖော်နိုင်တာဟာ ရာစုနှစ်ဝက်နဲ့ချီပြီး အစိုးရအတွက်ပဲ အလုပ်လုပ်ခဲ့တဲ့ ဝန်ထမ်းတွေဟာ ပြည်သူ့အတွက် ဝန်ထမ်း မလုပ်ခဲ့ဖူးတာကြောင့် ဖြစ်မယ်လို့လည်း တစ်ကိုယ်ရေ ကောက်ချက်ချမိပါတယ်။

Photo – Zayar Hlaing                                                                                                                      ပတ်စ်ပို့ရုံးရှေ့မှ လူအုပ်

မိနစ် ၄၀ လောက်စောင့်အပြီးမှာတော့ ကျွန်တော့်အလှည့်ရောက်လာပါတယ်။ ခရီးထွက်ပြီးပြန်လာတာနဲ့ တုန်တုန်ချစ်ကို ၁ဝ နှစ်ပြည့်မှတ်ပုံတင် အမြန်ဆုံးလုပ်ပေးပါမယ်ဆိုတဲ့ ခံဝန်တစ်ခု ထိုးရပါတယ်။ ရှိပြီးသားပုံစံစာရွက်မှာ နာမည်ရေးသွင်းပြီး လက်မှတ်ထိုးရတာပါ။

အဲဒီနောက်မှာတော့ သတင်းတပ်ဖွဲ့ရဲ့ စစ်ဆေးချက်တံဆိပ်တုံးထု၊ ဘဏ်မှာ တစ်ယောက် ၂၅,ဝဝဝ ကျပ်စီသွင်းပြီး နောက်ဆုံးအဆင့်ဖြစ်တဲ့ အချက်လက်ရေးသွင်းခြင်း ပြုလုပ်ဖို့ အပေါ်ထပ်ကို ပြန်တက်ရပါတယ်။

ဒီနေရာမှာတော့ သက်ကြီးရွယ်အိုတွေနဲ့ ကလေးသူငယ်တွေအတွက် သီးသန့်အခန်းတစ်ခုစီစဉ်ပေးထားပါတယ်။ ရဲမှူးကျော်စိုးရဲ့အခန်းရှေ့နားမှာပါပဲ။ ကျွန်တော်တို့အဲဒီ့အခန်းရှေ့ရောက်သွားတော့ နေ့လယ် ၁းဝ၅ နာရီ ဖြစ်နေပါပြီ။ အရှေ့မှာ လူအယောက် ၄ဝ ကျော် တန်းစီနေတာတွေ့ရပါတယ်။

အဲဒီအချိန်မှာ ကလေးတွေလည်း ဗိုက်ဆာရေငတ်ဖြစ်ကုန်ကြပါပြီ။ ပါလာတဲ့ရေဘူးကို ရုံးအဝင်ဝ လုံခြုံရေးစစ်ဆေးတဲ့ X-ray ဖြတ်တဲ့နေရာမှာ အကုန်ထားခဲ့ရပါတယ်။ ရုံးတွင်းမှာလည်း ကင်န်တင်းမရှိပါဘူး။ ကံကောင်းချင်တော့ လင်ဗန်းတစ်ချပ်ထဲ ထမင်းနဲ့ ရေဘူးထည့်ပြီး လာပို့တဲ့ ချာတိတ်တစ်ယောက်ကိုတွေ့တာနဲ့ မေးကြည့်တော့ သူတို့ လာပို့ပေးပါတယ်တဲ့။ အဲဒါနဲ့ပဲ ထမင်းနဲ့ ရေနှစ်ဘူး မှာလိုက်ရပါတော့တယ်။

နေ့လယ် ၁ နာရီလောက်က စတန်းစီလိုက်တာ ညနေ ၆ နာရီ မိနစ် ၂ဝ မှပဲ အချက်လက်ရေးသွင်းတဲ့ အခန်းထဲကို ရောက်ပါတော့တယ်။ ငါးနာရီလောက်ကြာအောင် ကလေးတွေ အမေနဲ့တစ်လှည့်စီ တန်းစီပြီး စောင့်ခဲ့ရတာပါ။

အခန်းထဲမှာ စာရွက်စာတမ်းစစ်ဆေးတာ၊ အချက်အလက် ရေးသွင်းတာ၊ မျက်စိသူငယ်အိမ် စကန်ဖတ်တာတွေ၊ လက်ဗွေနှိပ်တာတွေ စတဲ့အလုပ်တွေကို ရဲအရာရှိနှစ်ဦးက ဆောင်ရွက်နေတာတွေ့ရပါတယ်။ လူတစ်ဦးကို အနည်းဆုံး ခြောက်မိနစ်ကနေ ၁ဝ မိနစ်လောက်အထိ အချိန်ယူတာ တွေ့ရပါတယ်။

တချို့ကလေးငယ်တွေဆိုရင် ဓာတ်ပုံရိုက်ဖို့ အနေထားမမှန်တာကြောင့် အချိန်တော်တော်ကြာအောင် ဆောင်ရွက်ရတာတွေ့ရပါတယ်။ တစ်နေကုန်လည်း မတ်တတ်ရပ်တန်းစီထားတာကြောင့် လူလည်း ပင်ပန်းနေပါပြီ။ ရဲမှူးကျော်စိုးကို ဝင်နှုတ်ဆက်ပြီး ပြန်ခဲ့ပါတော့တယ်။

၂ဝ၁၅၊ ဖေဖော်ဝါရီက ကျွန်တော့်ပတ်စ်ပို့ကို သက်တမ်းတိုးခဲ့တုန်းက ၄၅ မိနစ်သာ ကြာခဲ့ပေမယ့် အခုတော့ နေကုန် မိုးချုပ်ပါပဲ။

ပတ်စ်ပို့ရုံးက လူလိမ်များ ရဲနဲ့ စိမ်ပြေးတမ်းကစား

နောက်တစ်ရက်မှာတော့ ဗဟန်းရဲစခန်းသွားပြီး အမှုဖွင့်ပါတယ်။ တစ်ပွင့်နဲ့ တာဝန်ကျဒုရဲအုပ်က လိမ်သွားတယ်ဆိုတဲ့သူတွေရဲ့ ဖုန်းနံပါတ်တွေကို ချက်ချင်းပဲ ကောက်ဆက်ပါတယ်။ ပထမတော့ တစ်ဖက်က ဖုန်းကိုင်တယ်။ မင်းတို့ ပိုက်ဆံလိမ်သွားတာကို လာတိုင်နေတယ်။ မင်းတို့ ပြန်ပေးကြလို့ ရဲအရာရှိကဖုန်းထဲက ပြောလိုက်တယ်။ မကြာဘူး၊ ဖုန်းချသွားတယ်။ သုံးလေးခါ ခေါ် ပြီးတဲ့အချိန်မှာ ဖုန်းတွေ စက်ပိတ်ကုန်ကြပါတယ်။ ရုံးဖွင့်ရက် ပတ်စ်ပို့စာအုပ် သွားထုတ်တဲ့အခါ ရဲစခန်းကို တစ်ခေါက်ပြန် လာခဲ့ပါ၊ အပိုင်နယ်ထိန်းတစ်ယောက်ထည့်ပေးလိုက်မယ်၊ တွေ့ တာနဲ့ ဖမ်းပေးမယ်လို့ ဆိုပါတယ်။

ရုံးပြန်ဖွင့်တဲ့ အောက်တိုဘာ ၂ ရက်မှာ ဗဟန်းရဲစခန်းကို အရင်သွားတယ်၊ အပိုင်နယ်ထိန်းကို မနက် ၉း၃ဝ ကနေ ထိုင်စောင့်တယ်။ ၁ဝး၄ဝ အထိ ပေါ်မလာတာကြောင့် တစ်ယောက်တည်းပဲ ပတ်စ်ပို့ရုံးကိုသွားလိုက်ပါတယ်။

ဟိုအရင်နေ့က သတင်းပို့ခဲ့တဲ့ ရုံးအပေါက်ဝက နှစ်ပွင့်နဲ့တာဝန်ကျအရာရှိကို နှုတ်ဆက်တော့ မနက်ကပဲ ပတ်စ်ပို့ပွဲစားတွေကို ရဲမှူးနဲ့အတူ သူတို့ လိုက်လံရှင်းလင်းထားတယ်လို့ ပြောပါတယ်။ ပွဲစားတွေ အနားကပ်လာတာတော့ အဲဒီနေ့က မတွေ့ရပါဘူး။

ပတ်စ်ပို့ထုတ်တာကတော့ ရဲမှူးကျော်စိုးရဲ့အခန်းထဲကတာဝန်ကျရဲဝန်ထမ်းတစ်ဦးက ကူညီလို့ ချောချောမွေ့မွေ့ပါပဲ။ ပတ်စ်ပို့ကြည့်လိုက်တော့မှ တုန်တုန်ချစ်ရဲ့ နာမည်ရင်း အေးသဒ္ဓါလှိုင်ကို Aye Thandar Hlaing လို့ စာလုံးပေါင်းထားတာတွေ့ရပါတော့တယ်။ လျှောက်လွှာတင်တဲ့နေ့က လူကလည်း တအား ပင်ပန်းနေတာနဲ့ နာမည်သေချာမစစ်ဆေးခဲ့မိတဲ့ ကိုယ့်ရဲ့ အပြစ်လို့ပဲ ယူဆလိုက်ပါတော့တယ်။

ကျွန်တော်တို့ မော်ကွန်းမဂ္ဂဇင်းမှာ ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်ပြီး ဦးသိန်းစိန်အစိုးရလက်ထက်မှာ တစ်ကြိမ်၊ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရလက်ထက်မှာ တစ်ခါ သတင်းဆောင်းပါးတွေရေးခဲ့ဖူးပါတယ်။ အဲဒီဆောင်းပါးတွေပါတဲ့ မဂ္ဂဇင်းတွေနဲ့ နောက်ဆုံးထုတ် မဂ္ဂဇင်းလေးငါးအုပ်ကို ရဲမှူးကို လက်ဆောင်အဖြစ်ပေးတော့ ဝမ်းသာကျေးဇူးတင်ကြောင်း ပြောပါတယ်။

ပတ်စ်ပို့ရုံးကနေပြန်လာပြီး တက္ကစီပေါ်အရောက်မှာ ဗဟန်းရဲစခန်းက နယ်ထိန်းဆိုသူ ဖုန်းဆက်လာပါတယ်။ မနက် ၆ နာရီ ကမှ လှည့်ကင်းက ပြန်လာတာဖြစ်လို့ နောက်ကျသွားတာ တောင်းပန်ကြောင်းနဲ့ ဘယ်လိုကူညီရမလဲဆိုတာ မေးပါတယ်။ ရဲမှူးကျော်စိုးတို့အဖွဲ့နဲ့ ချိတ်ဆက်ဆောင်ရွက်ဖို့နဲ့ ကျွန်တော်တွေ့ရင်လည်း သတင်းပို့မယ်ဆိုတဲ့အကြောင်း ပြန်ပြောလိုက်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပြည်ပမှာ ကလေးဆေးသွားကုဖို့အတွက် အရေးကြီးတဲ့ နိုင်ငံကူးလက်မှတ်ရရှိဖို့ ဘောင်ထဲက ကူညီပေးခဲ့တဲ့ ရဲမှူးကျော်စိုးကိုတော့ ကျေးဇူးတင်ပါတယ်။

တစ်ရက်တစ်ရက်ကို ပတ်စ်ပို့ လာရောက်လျှောက်ထားသူတွေ ၁၅ဝဝ ကနေ ၂ဝဝဝ ကြားရှိတယ်လို့ ပတ်စ်ပို့ရုံးက အရာရှိတစ်ဦးကို ကိုးကားပြီး အောက်တိုဘာ ၁ဝ ရက်မှာ The Voice က ရေးသားထားတာ တွေ့ရပါတယ်။ အဲဒီနေ့မှာပဲ ကျွန်တော့်ရုံးက သတင်းထောက်တစ်ဦး ပတ်စ်ပို့သွားလျှောက်ပါတယ်။ ပွဲစားတွေ အများကြီးတွေ့ခဲ့တယ်လို့ ကျွန်တော့်ကို ပြန်ပြောပြတယ်။

လူတွေ များလွန်းတာကြောင့် သူ့လျှောက်လွှာတင်နိုင်ဖို့ နှစ်ရက်ဆက်တိုက်သွားခဲ့ရပါတယ်။ မနက် နေမထွက်ခင်ကတည်းက လာရောက်တန်းစီတဲ့သူတွေတောင် ရှိနေပါတယ်။ (ကျွန်တော့်ကိုလိမ်သွားတဲ့ နိုင်မင်းခန့်ဆိုတဲ့ ကောင်လေးရဲ့ ဖုန်းနံပါတ်ကို ဒီဆောင်းပါးရေးနေတဲ့ အောက်တို ဘာ ၂၄ ရက်က ဖုန်းခေါ်တော့ ဖုန်းဝင်သွားပါတယ်။ ဖုန်းတော့ မကိုင်ပါဘူး။)

 ဆေးရုံ၊ လေယာဉ် ဘွတ်ကင်တင်

ပတ်စ်ပို့ရပြီဆိုတော့ လေယာဉ်လက်မှတ်ဝယ်ဖို့ စီစဉ်ပါတယ်။ ကျွန်တော့်ကို အစည်းအဝေးဖိတ်ကြားတဲ့ အဖွဲ့က လေယာဉ်နဲ့ ဟိုတယ် စီစဉ်ပေးနေကျပါ။ ဒီတစ်ခါတော့ ကလေးတွေလည်း ပါမှာဖြစ်တာကြောင့် လေယာဉ်တစ်စီးတည်း ဖြစ်အောင် ကိုယ့်ဘာသာပဲ လေယာဉ်လက်မှတ်ဝယ်မှာဖြစ်ပြီး ဟိုတယ်အခန်းကိုလည်း ကလေးနှစ်ယောက်ပါဝင်မယ့် မိသားစုအခန်း စီစဉ်ပေးဖို့နဲ့ အပိုကုန်ကျစရိတ်ကို မိမိဘာသာကျခံမယ်ဆိုတဲ့ အကြောင်း ပြောပြထားလိုက်ပါတယ်။

ပုံမှန်ဆို Thai Air ၊ Bankok Air စတာတွေနဲ့ စီစဉ်ပေးလေ့ရှိပါတယ်။ ဒါပေမဲ့ ခုတော့ ကိုယ့်စရိတ်နဲ့ကိုယ်သွားရမှာ ဖြစ်တာကြောင့် စရိတ်သက်သာတဲ့ ကြိါနအ လေကြောင်းလိုင်းကို ရှာဖွေရပါတော့တယ်။

Air Asia လေကြောင်းလိုင်းကိုတော့ မရွေးပါဘူး။ ဘာလို့လဲဆိုတော့ လွန်ခဲ့တဲ့သုံးနှစ်က ကျွန်တော်နဲ့ ကိုဉာဏ်လင်း(အမေရိကမှာ သတင်းစာပညာ ပါရဂူဘွဲ့လေ့လာနေတဲ့ မော်ကွန်းမဂ္ဂဇင်းရဲ့ အယ်ဒီတာချုပ်) ကွာလာလမ်ပူကိုသွားဖို့ Boarding Time မတိုင်ခင် ၅၅ မိနစ်ကြိုရောက်ပေမယ့် ကောင်တာပိတ်သွားပါတယ်။ လေဆိပ်ထဲက လေကြောင်းလိုင်းရုံးခန်းတာဝန်ရှိသူကို အထုပ်တွေတင်စရာမရှိဘဲ လက်ဆွဲအိတ် သာ ပါတာကြောင့် Boarding Pass ပေးလိုက်ရင် ၁ဝ မိနစ် အတွင်းလဝက ဖြတ်ပြီး လေယာဉ်ထွက်မယ့် ဂိတ်ကို အပြေးသွား နိုင်ကြောင်း ပြောပြပေမယ့် ရိုင်းစိုင်းစွာပြန်လည်တုံ့ပြန်တာခံခဲ့ဖူးလို့ပါပဲ။

ကျွန်တော့်ဆီမှာ သတင်းထောက်လုပ်ခဲ့ဖူးတဲ့ ကိုသန်းထိုက်က Thai Lion လေကြောင်းက ဈေးသက်သာတယ်လို့ ပြောတာကြောင့် Nok Air နဲ့ ဈေးနှုန်းချင်း နှိုင်းယှဉ်ကြည့်လိုက်တော့ တကယ်သက်သာတာ တွေ့ရပါတယ်။

ရန်ကုန်-ဘန်ကောက် လူကြီးတစ်ယောက်၊ ကလေးနှစ်ယောက် အသွားအပြန်၊ လေယာဉ်ပေါ်မှာ စားစရာပါ ဝယ်လိုက်သေးတာတောင် USD 347 ပဲကျသင့်ပါတယ်။ Nok Air ဒါမှမဟုတ် Air Asia နဲ့ဆို USD 400 ကျော် ကျသင့်တာ နှိုင်းယှဉ်တွေ့ရှိရပါတယ်။ ကျွန်တော့်အတွက် လက်မှတ်ကိုတော့ ဖိတ်ကြားတဲ့ အဖွဲ့အစည်းက ပြန်လည်ပေးမှာဖြစ်တာကြောင့် လေယာဉ်ခရီးစဉ်တူပေမယ့် တစ်ယောက်စာ သီးသန့်ဖြတ်လိုက်ပါတယ်။

လေယာဉ်လက်မှတ်ရပြန်တော့ ဆေးရုံရွေးရပါတယ်။ ဘန်ကောက်က မိတ်ဆွေတစ်ယောက် ဘာမင်ဂရက်ဆေးရုံ(Bumrungrad) မှာ သည်းခြေအိတ်ထုတ်တာ USD တစ်သောင်းခွဲလောက် ကုန်ကျသွားတယ်လို့ ပြောတာကြောင့် မျက်လုံးပြူးသွားတယ်။ သူ့မှာတော့ ကျန်းမာရေးအာမခံရှိတာကြောင့် ၉ဝ ရာခိုင်နှုန်းကျော် ပြန်ကာမိတယ်လို့ ဆိုတယ်။ သူ့ထက်ဈေးသက်သာမယ့် ဆေးရုံရွေးဖို့ အကြံပေးတယ်။

ကိုသန်းထိုက်က သူ့အဖေကိုလည်း ဘန်ကောက်ဆေးရုံကြီးမှာ ပုံမှန်ဆေးကုသမှု ခံယူနေတာကြောင့် သူ့ဆီက အကြံဉာဏ်ယူရပါတယ်။ အဲဒါနဲ့ပဲ ဘန်ကောက်ဆေးရုံကြီးကိုပဲ ရွေးချယ်လိုက်ပါတယ်။

ဆေးရုံဘွတ်ကင်လုပ်ဖို့ အင်တာနက်နေ ရှာဖွေကြည့်တဲ့ အခါ ဆေးပညာရပ်ဆိုင်ရာ စကားလုံးတွေ၊ ဌာနတွေရော ဆရာဝန်တွေရော ဘယ်လိုရွေးချယ်ဘွတ်ကင်လုပ်ရမှန်း မသိတာကြောင့် ဗိုလ်မြတ်ထွန်းလမ်းမှာရှိတဲ့ မြန်မာပြည်ရုံးခွဲမှာပဲ သွားရောက် စာရင်းပေးလိုက်ပါတယ်။ ပြည်တွင်းမှာ ကုသထားတဲ့ မှတ်တမ်းတွေရယ်၊ ပတ်စ်ပို့မိတ္တူရယ် ပေးရပါတယ်။ ခန့်မှန်းကုန်ကျစရိတ်ကိုလည်း တွက်ချက်ပေးလိုက်ပါတယ်။ ဆေးရုံနားမှာ Homepital ဆိုတဲ့ Apartment တစ်ခုရှိပြီး ဆေးရုံနဲ့ လမ်းလျှောက်သွားရုံပဲလို့ ကိုသန်းထိုက်ကလည်း သူ့အတွေ့အကြုံကို မျှဝေထားတာကြောင့် အဲဒီနေရာကိုလည်း ဘွတ်ကင်လုပ်ခိုင်းထားလိုက်ပါတယ်။

ငါးနှစ်အရွယ်သားပူတူးနဲ့ ၁ဝ နှစ်အရွယ်တုန်တုန်ချစ်တို့ရဲ့ ပထမဆုံး ပြည်ပခရီးစဉ်ကို အောက်တိုဘာ ၁၅ ရက်မှာတော့ ဝေဟင်ကနေ စတင်ထွက်ခွာလာပါတော့တယ်။

(ဒုတိယပိုင်းဆက်ရန်)

၂၀၁၇-နိုဝင်ဘာလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၅၁)မှ ခရီးသွားဆောင်းပါး ဖြစ်ပါသည်။

ဇေယျာလှိုင် ရေးသည်။

အမျိုးအစား - ခရီးသွားဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."