အောင်ပိုင်
ရန်ကုန် – ၂၀၂၀ ဇန်နဝါရီ ၂၉
သမ္မတ၏ အဂတိလိုက်စားမှုမရှိစေရေး ညွှန်ကြားချက်ကို မလိုက်နာဟုဆိုကာ မန္တလေးတက္ကသိုလ်ပါမောက္ခချုပ်အား ယမန်နေ့မနက်ပိုင်းက အငြိမ်းစားပေးလိုက်ပြီဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက မော်ကွန်းကို အတည်ပြုသည်။
“ဝန်ထမ်းစည်းမျဉ်းစည်းကမ်းအရ ပင်စင်ပေးလိုက်တာပါ။ ဒီကိစ္စဟာ ဝန်ကြီးဌာနတစ်ခုတည်းက လုပ်လို့ရတာ မဟုတ်ပါဘူး။ နိုင်ငံတော်သမ္မတရုံးရဲ့ ညွှန်ကြားချက်အတိုင်း၊ စုံစမ်းတွေ့ရှိထားတဲ့ အချက်အလက်တွေအတိုင်း လုပ်ရတာပါ” ဟု ၎င်းကဆိုသည်။
မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသီတာဝင်းသည် တက္ကသိုလ်ကျောင်းဝင်းအတွင်း စားသောက်ဆိုင် တည်ဆောက်ရာတွင် နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက် ၁/၂၀၁၇ ကို ဖောက်ဖျက်သည်ဟုဆိုကာ စုံစမ်းအရေးယူပေးရန် ကျောင်းသားများက ပညာရေးဝန်ကြီးဌာန၊နိုင်ငံတော်သမ္မတရုံး၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ အဂတိကော်မရှင်နှင့် အခြားသော သက်ဆိုင်ရာများသို့ ၂၀၁၉ စက်တင်ဘာကတည်းက တိုင်စာပို့ခဲ့သည်။
စုံစမ်းစစ်ဆေးရေးနှင့် အရေးယူမှုအပိုင်းတွင် ကြန့်ကြာခြင်း၊ ပွင့်လင်းမြင်သာမှုမရှိခြင်းများကြောင့် လေးလကြာ သပိတ်မှောက်တောင်းဆိုခဲ့ကြသော်လည်း ဆုံးဖြတ်ချက်တစ်စုံတစ်ရာမရရခဲ့ဘဲ ယမန်နေ့က နေပြည်တော်တွင် ကျင်းပသည့် ပညာရေးဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားနေစဉ် တက္ကသိုလ်ကျောင်းသား ၁၀ ဦးခန့်က ယခုကိစ္စအပါအဝင် ပညာရေးနှင့်ဆိုင်သည်အခြားသောတောင်းဆိုချက်များကို အသံတိတ်ဆန္ဒဖော်ထုတ်အပြီး ယခုအမိန့်စာထွက်လာခဲ့ခြင်းဖြစ်သည်။
ညွှန်ကြားချက် ၁/၂၀၁၇ သည် အစိုးရဌာန၊အဖွဲ့အစည်းများက တည်ဆောက်ခြင်း၊ ပစ္စည်းဝယ်ယူခြင်း၊ ဝန်ဆောင်မှုရယူခြင်း၊ ငှားရမ်းရောင်းချခြင်းများ ဆောင်ရွက်ရာတွင် အဂတိ လိုက်စားမှုမရှိစေရန် တင်ဒါကို တစ်ဦးတစ်ယောက်ကဖြစ်စေ၊ အစုအဖွဲ့ကဖြစ်စေ၊ လက်ဝါးကြီးအုပ်ရယူခြင်း၊ ဈေးကစားခြင်းမဖြစ်စေဘဲ မှန်ကန်မျှတသော ယှဉ်ပြိုင်မှုဖြစ်စေရန် ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရန် ရည်ရွယ်၍ ထုတ်ပြန်ခြင်းဖြစ်သည်။
#dailynews