ဓါတ်ပုံ- ဦးဝင်းမြင့် ဖေ့ဘွတ်စ်
ရန်ကုန်-၂၀၂၁ ဖေဖော်ဝါရီ ၃ (မော်ကွန်း)
နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့်နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ကို တည်ဆဲဥပဒေများဖြင့် အမှုဖွင့်ကာ ချုပ်ရက်ရီမန်ယူသည့် နေပြည်တော်ကောင်စီ၊ ဇမ္ဗူသီရိမြိုနယ်၊အမှတ်(၁)မြို့မရဲစခန်း၏ ရဲမှတ်တမ်း ကြေးနန်းများ လှုမှုကွန်ရက်တွင်ထွက်ပေါ်လာပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ဗဟိုပြန်ကြားရေး ကော်မတီဝင် ဦးကြည်တိုးက ထိုသတင်းမှန်ကြောင်း သူ၏လူမှုကွန်ယက်တွင် ထုတ်ပြန်သည်။
“ ဒေါ်အောင်ဆန်းစုကြည်ကို ပို့ကုန်သွင်းကုန်ဥပဒေဖြင့်လည်းကောင်း၊ ဦးဝင်းမြင့်ကို သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့်လည်းကောင်း နေပြည်တော်၊ ဒက္ခိဏခရိုင်တရားရုံးမှ ချုပ်ရမန် ၁၄ ရက် ( ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှ ၁၅ ရက်နေ့ထိ) ပေးလိုက်ကြောင်း ခိုင်လုံသည့်သတင်းအရ သိရှိရပါသည်”ဟု ဦးကြည်တိုးက ရေးသားထားသည်။
နိုင်ငံတော်သမ္မတဦးဝင်းမြင့်သည် စက်တင်ဘာလအတွင်းက ပြုလုပ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ မဲဆွယ်စည်းရုံးမှုတွင် အိမ်ရှေ့မှထွက်ပြီး ထောက်ခံသူများကို ငါးမိနစ်ကြာ နှုတ်ဆက်ခဲ့သည့်အတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ဖြင့် အမှုဖွင့်ခံရခြင်း ဖြစ်သည်။ ထိုပုဒ်မသည် သုံးနှစ်ထက်မပိုသည့် ထောင်ဒဏ်နှင့်ငွေဒဏ်များကို ချမှတ်နိုင်သည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်ကို ဖေဖော်ဝါရီ ၁ ရက် နံနက်ပိုင်းတွင် တပ်မတော်မှ ဝင်ရောက်စစ်ဆေးရာ လုံခြုံရေးအဖွဲ့နှင့်ဂိတ်စောင့်များထံမှ ဆက်သွယ်ရေးစက်များ တွေ့ရှိသည့်အတွက် ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် ရဲတပ်ဖွဲ့က အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း ရဲကြေးနန်းတွင် ဖော်ပြသည်။
ထိုပုဒ်မသည် တရားမဝင်ဆက်သွယ်ရေးပစ္စည်းလက်ဝယ်ထားရှိမှုနှင့်သက်ဆိုင်ပြီး ထောင်ဒဏ်သုံးနှစ်အထိအပြစ်ပေးနိုင်သည်။ ထိုရဲမှတ် တမ်းများတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး စသည့် ဒေါ်အောင်ဆန်းစု ကြည်၏ ရာထူးများကို ဖော်ပြခြင်းမပြုပေ။
အောက်တွင် လူမှုကွန်ရက်တွင် ပျံ့နှံ့သည့် ရဲတပ်ဖွဲ့ပထမသတင်းပေးတိုင်းတန်းချက်နှင့် ချုပ်ရီမန်ယူရန်လျှောက်ထားမှု ထဲမှာ အကြောင်းပြချက်များကို အပြည့်အစုံဖော်ပြလိုက်သည်။
(၁) နိုင်ငံတော်သမ္မတဦးဝင်းမြင့်
အမှုမှာ (၂၀-၉-၂၀၂၀) ရက်နေ့ (၀၇ ၁၅ )အချိန်မှ (၁၇ ၂၀) အချိန် နေပြည်တော် ကောင်စီနယ်မြေအတွင်း NLD ခရိုင်ပါတီဥက္ကဌ ဦးမင်းသူ ဦးဆောင်၍ Car Campaign ပြုလုပ်ခဲ့ရာ စုစုပေါင်း မော်တော်ယာဉ် ၂၂၀ စီး၊ ဆိုင်ကယ် ၃၂ စီး၊ လူဦးရေ ၇၆၀ ခန့် ပါဝင်ဆောင်ရွက်ခဲ့ပြီး မြို့နယ်များအသီးသီးသို့ ဖြတ်သန်းလှည့်လည်ခဲ့ကြရာ ဇမ္ဗူသီရိမြိုနယ်၊ ၊ပြည်ကြီးဇေယျာလမ်းနှင့် အဓိပတီလမ်းဆုံရှိ သမ္မတအိမ်တော်ဝင်ပေါက်ရှေ့သို့ ရောက်ရှိစဉ် သမ္မတဟောင်းဦးဝင်းမြင့်၊ ၎င်း၏ဇနီး ဒေါ်ချိုချိုနှင့် သမီး ဖြစ်သူ ဒေါ်ဖြူဖြူသင်းတို့မှ ကြိုဆိုနှုတ်ဆက်ခဲ့ကြရာ (၇-၉-၂၀၂၀) ရက်နေ့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ မဲဆွယ်စည်းရုံးရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုက်နာရန် အချက်များအား ထုတ်ပြန်ခဲ့ရာ အဆိုပါအချက်များတွင် မဲဆွယ်စည်းရုံးရေးလုပ်ငန်းများဆောင်ရွက်ရာ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် အမိန့်နှင့်ညွှန်ကြားချက်များ၊ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးရေးကာလအတွင်း COVID-19 ရောဂါဖြစ်ပွားမှုအပေါ် မူတည်၍ ထုတ်ပြန်ထားသော အမိန့်များအား လိုက်နာခဲ့ခြင်းမရှိဘဲ ကြိုဆိုနှုတ်ဆက် ခဲ့ခြင်းပြုလုပ်ခဲ့သူ ဦးဝင်းမြင့် (သမ္မတဟောင်း)အား ဥပဒေအရ အရေးယူပေးရန် ရဲမှူးမြင့်နိုင်မှ တရားလို ပြုလုပ် တိုင်တန်း လာသဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်သော အမှုဖြစ်ပါ သည်။
အမှုနှင့်ပတ်သက်ပြီး သက်သေများစိစစ်ရန် သက်သေခံအထောက်အထားများ တောင်းခံနိုင်ရန်နှင့် တရားခံအား အသေးစိတ်စစ်ဆေးပြီး ဥပဒေအကြံပြုချက် တောင်းခံနိုင်ရန်အတွက် တရားခံ ဦးဝင်းမြင့်(၇၀)နှစ်၊(ဘ)ဦးထွန်းကျင်၊ ၁၄/ဖနဖ(နိုင်) ၀၀၆၃၄၈၊ အမှတ်(၃၄)(၆)လွှာ၊မဂ္ဂင်လမ်း၊ကျားကွက်သစ်ရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်တိုင်းဒေသ ကြီးနေသူအား (၁-၂-၂၀၂၁)မှ(၁၅-၂-၂၀၂၁) ရက်အထိ (၁၅) ရက် ချုပ်နှောင်ခွင့် ပြုပါနိုင်ပါရန် ချုပ်မိန့် ရီမန်လျှောက်လွှာနှင့်အတူ ဇမ္ဗူသီရိမြိုနယ်တရားရုံးသို့ ပေးပို့တင်ပြတောင်းခံထားအပ်ပါသည်ဟု ပါရှိသည်။
(၂) ဒေါ်အောင်ဆန်းစုကြည်
အမှုမှာ(၁-၂-၂၀၂၁)ရက်နေ့(၀၆၃၀)အချိန်တွင် နေပြည်တော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ကြည်း-၃၈၂၁၂ ဗိုလ်မှူး လင်းထွဋ်ဦး ဦးစီးအဖွဲ့သည် ဇမ္ဗူသီရိမြိုနယ်၊ ဇေယျသိဒ္ဓိရပ်ကွက်၊ မြနန်းဘုံသာလမ်း၊ အမှတ်(A-၃၃) နေ ဒေါ်အောင်ဆန်း စုကြည်၏ နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာ အနီးကပ်လုံခြုံရေး အဖွဲ့ထံမှ Icom စကားပြောစက်(၆)လုံး၊ဂိတ်ကင်းမှ Icom စကားပြောစက် (၃)လုံး၊ ကိုယ်ရေးအရာရှိအဆောင်မှ Icom စကားပြောစက်(၁)လုံးနှင့် Jumber (၁)စုံတို့အား တွေ့ရှိရသဖြင့် အဆိုပါ ဆက်သွယ်ရေးပစ္စည်းများအား သတင်းရဲတပ်ဖွဲ့သို့ ထောက်(၄-ကြီး) ပုံစံနှင့်အတူ ပေးအပ်ခဲ့၍ သတင်းရဲတပ်ဖွဲ့မှ ရဲမှူးကြည်လင်မှ တရားလို ပြုလုပ်ကာ အဆိုပါဆက်သွယ်ရေးပစ္စည်းများအား ခွင့်ပြုချက်မရှိဘဲ တင်သွင်း အသုံးပြုခဲ့သူ ဒေါ်အောင်ဆန်းစုကြည်အား အရေးယူပေးရန် တိုင်တန်းသောအမှု ဖြစ်ပါသည်။
အမှုနှင့်ပတ်သက်ပြီး သက်သေများစိစစ်ရန် သက်သေခံအထောက်အထားများ တောင်းခံနိုင်ရန်နှင့် တရားခံအား အသေးစိတ်စစ်ဆေးပြီး ဥပဒေအကြံပြုချက် တောင်းခံနိုင်ရန်အတွက် တရားခံ ဒေါ်အောင်ဆန်းစုကြည် အမှတ်(၅၄/၅၆) တက္ကသိုလ်ရိပ်သာလမ်း၊ ရွှေတောင်ကြား(၁)ရပ်ကွက်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးနေသူအား (၁-၂-၂၀၂၁)မှ(၁၅-၂-၂၀၂၁) ရက်အထိ (၁၅) ရက် ချုပ်နှောင်ခွင့် ပြုပါနိုင်ပါရန် ချုပ်မိန့်ရီမန်လျှောက်လွှာနှင့်အတူ ဇမ္ဗူသီရိမြိုနယ်တရားရုံးသို့ ပေးပို့တင်ပြတောင်းခံထားပါသည် ဟု ပါရှိသည်။
#Dailynews

