ရန်ကုန် – ၂၀၂၅ မေ ၈ (မော်ကွန်း)
မနေ့က မွန်းလွဲပိုင်းမှာ စစ်ကောင်စီက မန္တလေးတိုင်း သပိတ်ကျဉ်းမြို့နယ်ထဲကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံ ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ပြင်ဦးလွင်ခရိုင် က ထုတ်ပြန်ထားပါတယ်။
မန္တလေးတိုင်း တံတားဦးလေဆိပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာတစ်စင်းဟာ မနေ့ကမွန်းလွဲမှာ သပိတ်ကျဉ်းမြို့နယ်တောင်ဘက်မှာရှိတဲ့ ရေထွက်ရွာကို လေကြောင်းကနေ နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။
ဒီတိုက်ခိုက်မှုကြောင့် ဒေသခံ အမျိုးသားခုနစ်ဦးနဲ့ အမျိုးသမီးသုံးဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဟာ ငလျင်ဘေးကြောင့် ယာယီအပစ်အခတ်ရပ်စဲရေးကြေညာချက်ကို ထုတ်ပြန်ခဲ့တဲ့ အခုလဆန်းပိုင်းမှာပဲ မန္တလေးတိုင်းက မိုးကုတ်၊ စဉ့်ကူး၊ သပိတ်ကျဉ်းနဲ့ မတ္တရာမြို့တွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်ရက်က သပိတ်ကျဉ်းမြို့နယ်ရဲ့ မြောက်ဘက် ဧရာဝတီမြစ်အနောက်ဖက်ကမ်းမှာရှိတဲ့ မလယ်တိုက်နယ်ကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ အပြင်းအထန်ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။ ၎င်းကျေးရွာဟာ ဒေသတွင်းတော်လှန်ရေးတပ်တွေ စိုးမိုးထားတဲ့ ဒေသဖြစ်ပါတယ်။
ပြီးခဲ့တဲ့ငါးရက် ညပိုင်းကလည်း မန္တလေးတိုင်း စဉ့်ကူးမြို့နယ် ထုံးကြီးကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတစ်ဦးသေဆုံးကာ သုံးဦးထိခိုက်ဒဏ်ရရသွားပါတယ်။
လက်ရှိမှာ မတ္တရာ-သပိတ်ကျဉ်း ကားလမ်းပိုင်းတွေမှာ တိုက်ပွဲတွေကြောင့် ဒေသခံတွေ ကူးသန်းသွားလာရေး အခက်အခဲတွေရှိနေတယ်လို့ မတ္တရာစစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။
“မတ္တရာ၊ သပိတ်ကျဉ်းတကြောကတော့ တိုက်ပွဲမဖြစ်တဲ့နေ့မရှိသလောက်ပဲ။ လက်နက်ကြီးကလည်းနေ့တိုင်းပစ်တယ်။ ဗုံးသံလေယာဉ်သံကလည်း နေ့တိုင်းကြားနေရတာပဲလေ။ အခုထိ ဒီလမ်းပိုင်းတွေ သွားလို့မရသေးဘူး။ သွားရင်လည်း လမ်းတွေကိုကွင်းပြီး ရွာတွေကိုရှောင်သွားရတော့ ကုန်ကျစားရိတ်လည်းများတယ်” လို့ ၎င်းဒေသခံက ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း တအာန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ဆွေးနွေးပွဲပျက်ပြီးနောက် စစ်ကောင်စီဟာ မိုးကုတ်၊ နောင်ချိုနဲ့ ကျောက်မဲမြို့တွေကို လေကြောင်းကနေ ဆက်တိုက်ဆိုသလို ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။
ဒါ့အပြင် စစ်ကောင်စီဟာ စစ်ကိုင်းငလျင်လှုပ်ခတ်ခဲ့တဲ့ မတ် ၂၈ ရက်ကနေ မေလဆန်းပိုင်းထိ နိုင်ငံအနှံ့အပြားမှာ လေကြောင်းတိုက်ခိုက်မှုပေါင်း အကြိမ် ၂၀၀ ကျော်လုပ်ဆောင်ခဲ့ပြီး အရပ်သား ၂၇၀ ကျော်ထိ သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီးဌာနက သတင်းထုတ်ပြန် ဖော်ပြထားပါတယ်။

ပုံစာ – လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားတဲ့နေအိမ်အပျက်အစီးတချို့
ဓါတ်ပုံ – ပြည်ဦးလွင်ခရိုင် ပကဖ

