ရန်ကုန်-၂၀၂၀ မတ် ၁၀ (မော်ကွန်း)
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနှင့် ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့ (BGF) သည် မြဝတီမြို့ရှိ BGF ဆက်ဆံရေးရုံး၌ ယနေ့မွန်းလွဲပိုင်းက လွတ်လပ်စွာ သတင်းရယူခွင့်အတွက် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးကျော်စွာမင်းက ပြောသည်။
“အဓိက ဆွေးနွေးဖြစ်တာကတော့ သတင်းထောက်နှစ်ယောက် ထိန်းသိမ်းခံရတဲ့ ကိစ္စဖြစ်တယ်။ ဒါက အောက်ခြေက လူတွေနဲ့ တွေ့ပြီး ဒီလိုဖြစ်သွားတယ်ဆိုတာ ပြောတယ်၊ အဲဒီလူတွေကိုလည်း အရေးယူပြီးပြီဆိုတာလည်း ပြောတယ်။ နောင်မှာ သတင်းမီဒီယာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုတာ ပြောတယ်”ဟု ဦးကျော်စွာမင်းက ပြောသည်။
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဌ၊ အတွင်းရေးမှူးနှင့် ကောင်စီဝင်တစ်ဦးတို့က သတင်းသမားများ၏ အခွင့်အရေးကာကွယ်ခြင်း၊ သတင်းရယူခွင့်နှင့် သတင်းသမားများ၏ ကျင့်ဝတ်ပိုင်းဆိုင်ရာများကို ပြန်လည်ဆွေးနွေးခဲ့ပြီး နောင်တွင်ယခုလို ကိစ္စရပ်မျိုးမဖြစ်စေရေး သတင်းမီဒီယာကောင်စီနှင့် အရင်ဆုံးအသိပေးဆွေးနွေးရန် စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့သည်ဟု ဦးကျော်စွာမင်းက ပြောသည်။
BGF ဘက်က နောက်တွင် သူတို့ ထိန်းချုပ်နယ်မြေ၌ သတင်းသမားများ လာရောက်သတင်းယူမည်ဆိုပါက ပူပေါင်းကူညီသွားမည်ဟု ပြောဆိုခဲ့ကြောင်း ဦးကျော်စွာမင်းက ပြောသည်။
ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့ (BGF) သည် မတ် ၄ ရက် ညနေပိုင်းက Frontier Myanmar သတင်းဌာနမှ သတင်းထောက် နော်ဘတ်တီဟန်နှင့် မြန်မာတိုင်းမ်ဓာတ်ပုံသတင်းထောက် မာနော်တို့ကို မြဝတီနယ်စပ်တွင် တစ်ရက်ကြာ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက်ပြန်လွှတ်ပေးခဲ့သည်။
ထို့နောက် သတင်းထောက်များအား ဖမ်းဆီးခဲ့သော BGF တပ်ဖွဲ့ဝင်များအား တပ်ဖွဲ့စည်းမျဉ်းအရ ထောင်ဒဏ်များချမှတ်ခဲ့သည်။
#Dailynews