ရန်ကုန် – ၂၀၂၃ ဇူလိုင် ၅ (မော်ကွန်း)
ပဲခူးမြို့နယ်၊ အဆိပ်တောင်ကျေးရွာအုပ်စု သစ်နီကျေးရွာအနီးက မေတ္တာကမ်းလက် ပရဟိတ မိဘမဲ့ကလေးများစောင့်ရှောက်ရေးကျောင်းမှာ မနေ့ကနေ့လယ်ပိုင်းက ခေါက်ဆွဲကြော်စားပြီး အစာအဆိပ်သင့်တဲ့ ကလေး ၁၂၆ ယောက် ပြန်သက်သာလာလို့ ဒီနေ့ဆေးရုံဆင်းမှာဖြစ်တယ်လို့ ပဲခူးကလျာဏမိတ္တ လူမှုကူညီရေးအသင်း အကျိုးတော်ဆောင် ဦးတင်ဆွေမြင့်က မော်ကွန်းကိုပြောပါတယ်။
“မနေ့ကနေ့လယ်ခင်းမှာ စားရင်းနဲ့ အစာအဆိပ်သင့်တဲ့သဘောမျိုးဖြစ်ပြီး အကုန်မူးမော်အန်ပေါ့၊ ပဲခူးဆေးရုံ အကုန်ရောက်လာတာ။ ဆေးသွင်းပြီး ညနေသုံးနာရီခွဲလောက်မှာ တော်တော်များများက လန်းလန်းဆန်းဆန်းဖြစ်လာတယ်။ ညက ခုနစ်နာရီလောက်ရောက်တော့ အားလုံးကျန်းမာရေးကောင်းသွားတယ်။ ဒီနေ့မနက်မှာတော့ ကျွန်တော်တို့ပရဟိတအဖွဲ့တွေအားလုံးပူးပေါင်းပြီးတော့ ဒီကလေးတွေကို ပြန်ပို့ဖို့ ဆောင်ရွက်နေပါတယ်။ အကုန်လုံးသက်သာသွားကြပါပြီ။ အသက်အန္တရာယ်စိုးရိမ်ရတဲ့သူ တစ်ယောက်မှ မရှိပါဘူး” လို့ သူကပြောပါတယ်။
ကလေးတွေအစာအဆိပ်သင့်ရတဲ့ အကြောင်းရင်းဟာ ခေါက်ဆွဲကြော်ထဲထည့်တဲ့ ဂေါ်ဖီကို ရေသေချာမဆေးတာကြောင့် ဂေါ်ဖီကိုဖြန်းထားတဲ့ ပိုးသတ်ဆေးကြောင့် အစာအဆိပ်သင့်ရတာဖြစ်တယ်လို့ ကျန်းမာရေးဌာနက တာဝန်ရှိသူတွေရဲ့ ကနဦးစစ်ဆေးချက်အရ သိရကြောင်းသူကပြောပါတယ်။
မနေ့က နေ့လယ်ပိုင်းမှာ အလှူရှင်တစ်ဦးက မွေးနေ့အဖြစ် အဲဒီ ပရဟိတ မိဘမဲ့ကလေးများစောင့်ရှောက်ရေးကျောင်းကို ခေါက်ဆွဲကြော်ကျွေးရာကနေ အဲဒီ့ကလေးတွေအစာအဆိပ်သင့်ခဲ့တာဖြစ်ပါတယ်။
ပုံစာ-အစာအဆိပ်သင့်တဲ့ကလေးငယ်တွေကို မနေ့က ပဲခူးဆေးရုံမှာ ဆေးကုသမှုပေးနေစဉ်
Photo – Tin Swe Myint
#Dailynews

