သင်္ဃန်းကျွန်းတွင် တရားမဝင်နေထိုင်သည့် တရုတ်နိုင်ငံသားများအား ပြန်ပို့၊ တရားဝင်နေထိုင်ခွင့်ရှိသူများအား COVID 19 ရှိ၊ မရှိစောင့်ကြည့်မည်

သင်္ဃန်းကျွန်းတွင် တရားမဝင်နေထိုင်သည့် တရုတ်နိုင်ငံသားများအား ပြန်ပို့၊ တရားဝင်နေထိုင်ခွင့်ရှိသူများအား COVID 19 ရှိ၊ မရှိစောင့်ကြည့်မည်

ကောင်းထက်စံ
ရန်ကုန် – ၂၀၂၀၊ မတ် ၂၃ (မော်ကွန်း)

သင်္ဃန်းကျွန်းမြို့နယ်တွင် မတ် ၂၁ ရက် ညပိုင်းက တာဝန်ရှိသူများဝင်ရောက်စစ်ဆေးစဉ်တွေ့ရှိသော တရားဝင်နေထိုင်ခွင့်မရှိသည့် တရုတ်နိုင်ငံသားအချို့အား ယနေ့စတင်ပြန်လည်ပို့ဆောင်နေပြီဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေလှဝင်းက မော်ကွန်းသို့ပြောသည်။

ကနဦးအနေဖြင့် တရုတ်နိုင်ငံသား ၁၈ ဦးကို ယနေ့ညနေပိုင်းလေယာဉ်ဖြင့် ကူမင်းမြို့သို့ ပြန်လည်ပို့ဆောင်ခဲ့ပြီး ကျန်ရှိနေသူများကို ဆက်လက်ပို့ဆောင်သွားမည်ဟုဆိုသည်။

“လေယာဉ်လက်မှတ်မရလို့ ရသလောက်ကိုပို့တာဖြစ်ပါတယ်။ အားလုံးကိုပို့မှာပါ”ဟု ဦးရွှေလှဝင်းက မော်ကွန်းသို့ပြောသည်။
နှင်းဆီနီလမ်းတွင် တရုတ်နိုင်ငံသား ၂၂ ဦးနှင့် ပန်းဝါလမ်းတွင် ၁၀ ဦးသာခွင့်ပြုထားသော်လည်း မတ် ၂၁ ရက်ညဦးတွင်ဝင်ရောက်စစ်ဆေးရာ စုစုပေါင်း ၁၁၈ ဦးနှင့်အတူ လပ်တော့နှင့် ဖုန်းဟန်းအများအပြား ကိုတွေ့ရှိရသည်။ ၎င်းတို့သည် လေဆိပ်မှ တရားဝင်ဗီဇာဖြင့်ဝင်ရောက်လာသော်လည်း ရပ်ကွက်အတွင်း နေထိုင်ခွင့်ပြုထားခြင်းမရှိသေးပေ။ အဆိုပါ လမ်းနှစ်လမ်းရှိ တရုတ်နိုင်ငံသားများ ငှားရမ်းထားသည့် နေအိမ်နှစ်လုံးသည် ပိုင်ရှင်တစ်ဦးတည်းဖြစ်သည်။

မတ်လ ၂၂ ရက် နေ့လယ်ပိုင်းက ရန်ကုန်တိုင်း လ.ဝ.က ဝန်ကြီးနှင့် အိမ်ရှင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ် သုံးဦး၊ One by One နှင့် Fresh Wave ကုမ္ပဏီတို့မှ မန်နေဂျာများနှင့် တွေ့ဆုံမှုပြုလုပ်ခဲ့သည်ဟု သူကပြောသည်။
” ဥပဒေအတိုင်းပဲဆောင်ရွက်ပါမယ်လို့ ခေါ်ပြီးတော့ပြောတယ်” ဟု ဦးရွှေလှဝင်းကပြောသည်။
စစ်ဆေးမေးမြန်းစဉ် တရုတ်နိုင်ငံသားများဘက်မှ ယခုကဲ့သို့ ရပ်ကွက်အတွင်းဝင်ရောက်နေထိုင်မှုအပေါ် တာဝန်ယူပေးသူများသည် ၎င်းတို့ လုပ်ငန်းများမှ မြန်မာနိုင်ငံသားများဖြစ်ပြီး မော်ကွန်းက One by One ကုမ္ပဏီမှ တာဝန်ခံဆိုသူအားမေးမြန်းရာ “အွန်လိုင်းရှော့ပင်းလုပ်တယ်လို့ ပြောတာပဲ”ဟုသာဖြေဆိုနိုင်ခဲ့သည်။

အရေးယူမှုအပိုင်းအား ဆွေးနွေးမှုတွင် မည်သို့ဆုံးဖြတ်ခဲ့သည်ကို မေးမြန်းရာ “အဲ့ဒါကတော့ သံတမန်နည်းအရ သံရုံးတွေဘာတွေနဲ့ သူတို့ ဘယ်လိုလုပ်မယ် မသိဘူး” ဟု ဦးရွှေလှဝင်းကပြောသည်။

တရားဝင်နေထိုင်ခွင့်ရှိသည့် နှင်းဆီနီလမ်းမှ ၂၂ ဦးနှင့် ပန်းဝါလမ်းမှ ၁၀ ဦးတို့အား COVID -19 အတွက် သတ်မှတ်ထားသော ၁၄ ရက်အထိစောင့်ကြည့်မည်ဖြစ်ပြီး ကျန်တရုတ်နိုင်ငံသားများအား ပြန်ပို့မည်ဖြစ်သည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး လဝက ဝန်ကြီး ဒေါ်မိုးမိုးစုကြည်အား လေးကြိမ်တိုင်ဆက်သွယ်ရာ အစည်းဝေးပြုလုပ်နေသည်ဟုသာ ၎င်း၏ရုံးအဖွဲ့က ပြန်လည်ဖြေကြားသည်။
Photo – Supplied


#Dailynews

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."