ရန်ကုန်-၂၀၂၄ ဧပြီ ၁၀ (မော်ကွန်း)
ရန်ကုန်တိုင်းအတွင်းက မြို့နယ်တချို့ သင်္ကြန်ကာလအတွင်း မီးပြတ်မယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း YESC က ဒီနေ့ ထုတ်ပြန်ပါတယ်။
ရန်ကုန်တိုင်းအတွင်းက သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံတွေကို ဓာတ်ငွေ့ပို့လွှတ်နေတဲ့ ရတနာကမ်းလွန် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ပြုပြင်ထိန်းသိမ်းတဲ့လုပ်ငန်းတွေကို ဒီနေ့ကနေစပြီး နှစ်ဆန်းတစ်ရက်၊ ၁၇ ရက်နေ့အထိ ပြုလုပ်မှာဖြစ်တာကြောင့် ဓာတ်အားထုတ်လုပ်ပို့လွှတ်နိုင်မှုလျော့နည်းမှာဖြစ်ပြီး ယာယီဓာတ်အားပြတ်တောက်မှုတွေရှိမယ်လို့ YESC ရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။
YESC က သင်္ကြန်ကာလမီးပြတ်မယ်လို့ ကြေညာပေမယ့် ပြီးခဲ့တဲ့လပိုင်းကတည်းက မီးမမှန်တာလို့ ရန်ကင်းမြို့နယ်နေထိုင်သူတစ်ဦးက ပြောပါတယ်။
“အခုတောင် တစ်ရက်ကို မီးလာချိန်ဘာမှမှမရှိတာ။မီးလာချိန်တောင် လာလိုက်ပြတ်လိုက်နဲ့။ အခုဒီထက်ပိုပြတ်ရင်ဘာလုပ်ရတော့မှာလဲ။ သင်္ကြန်တွင်း အိမ်ကနေ အလုပ်လုပ်ဖို့စဉ်းစားထားတာ၊ မီးမလာရင်တော့ ဘာမှလုပ်ရမှာမဟုတ်ဘူးလေ။ ရာသီဥတုကပူ မီးကမလာနဲ့ ညတောင်အိပ်မရဘူး” လို့ သူကပြောပါတယ်။
ရန်ကုန်မြို့တွင်းမှာ လျှပ်စစ်မီးကို မနက် ၅ နာရီကနေ ၉ နာရီအထိတစ်ကြိမ်၊ ၉ နာရီကနေ နေ့လယ် ၁ နာရီအထိတစ်ကြိမ်၊ ၁ နာရီကနေ ညနေ ၅ နာရီအထိတစ်ကြိမ် အလှည့်ကျပေးနေတာဖြစ်ပြီး တချို့မြို့နယ်တွေမှာ မီးလာရမယ့်အချိန်တောင် မီးမလာဘူးလို့ ရန်ကုန်မြို့ခံတွေက ဆိုကြပါတယ်။
“ညဆိုရင် အိပ်ချိန်ကျမှ မီးပြတ်တော့ ပန်ကာဖွင့်မရ၊ ရာသီဥတုကပူ၊ လူတွေကတိုက်ခန်းနဲ့နေရတာဆိုတော့ လှောင်ပိတ်ပြီး ညတွေဆိုအိပ်ရေးပျက်၊ မနက်လည်း မီးမမှန်တော့ ထမင်းချိုင့်ထည့်ဖို့ ထမင်းအိုးတောင် မတည်နိုင်ဘူး”လို့ သင်္ဃန်းကျွန်းမြို့နယ်အတွင်းနေထိုင်သူတစ်ဦးက ဆိုပါတယ်။
စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ ရန်ကုန်အပါအဝင် နိုင်ငံအနှံ့က မြို့နယ်တွေမှာလည်း လျှပ်စစ်မီးကို အချိန်နဲ့အလှည့်ကျသာ ပေးနိုင်ပြီး မီးပျက်ချိန်က ပိုများတယ်လို့ ရန်ကုန်မြို့ခံတွေက ဆိုကြပါတယ်။
အခုလအစောပိုင်းကစပြီး မန္တလေးမြို့မှာဆိုရင်လည်း လျှပ်စစ်မီးပြတ်တောက်ချိန်များတာကြောင့် လျှပ်စစ်နဲ့ရေမော်တာတင်ပြီး အသုံးပြုသူတွေလည်း ချိုးရေ၊ သုံးရေပြတ်လပ်မှုတွေပါဖြစ်လို့ လူမှုကူညီရေးအသင်းတွေက ရေလိုက်လံကူညီပေးဝေနေရပါတယ်။
သင်္ကြန်ကာလအတွင်း လျှပ်စစ်မီးပြတ်မယ်လို့ ကြေညာထားတဲ့ ရန်ကုန်တိုင်း လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း YESC ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာလည်း မီးပြတ်ချိန်များလို့ ဆဲဆိုဝေဖန်ပြောဆိုနေကြတာတွေ မကြာခဏတွေ့မြင်နေရပါတယ်။
ပုံစာ-ပြီးခဲ့တဲ့ရက်ပိုင်းက သင်္ဃန်းကျွန်းမြို့နယ်တွင်းမှာ လျှပ်စစ်မီးပြတ်တောက်နေစဉ်။
ဓာတ်ပုံ-mawkun