ဆားလင်းကြီး – ၂၀၂၃ ဧပြီ ၂၉ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာရှိတဲ့ လက်ပံတောင်းတောင်၊ ဝမ်ပေါင်ကြေးနီထုတ်လုပ်ရေးစီမံကိန်းကနေ ကားတွေနဲ့ ကြေးနီတွေထုတ်ဖို့ရှိတာကြောင့် အာဏာသိမ်းစစ်တပ်ဟာ လုံခြုံရေးယူရတယ်ဆိုပြီး စစ်ကြောင်းထိုးလို့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
“ကြေးနီသယ်တဲ့ကားတွေက ရိက္ခာသယ်လာမှာ၊ တရုတ်တွေအတွက်ရယ်၊ CDM မဝင်တဲ့ ကုမ္မဏီဝန်ထမ်းရယ်၊ လုံခြုံရေးစခတွေအတွက်ရယ်”လို့ ဒေသခံကပြောပါတယ်။
လက်ပံတောင်းတောင်မှာရှိတဲ့ ကြေးနီစီမံကိန်းအတွက် အာဏာသိမ်းစစ်တပ်က စစ်သားတွေကို လုံခြုံရေးသီးသန့်ချထားပေးထားပါတယ်။
ကြေးနီကားတွေဟာ ရိက္ခာတွေသယ်လာပြီး အထွက်မှာတော့ စက်ရုံထဲကကြေးနီတွေသယ်သွားမှာဖြစ်ကာ “အခု အံစာတုံးကားတွေနဲ့ တွဲကားတွေအဝင်အထွက်လုပ်နေတယ်”လို့ ဒေသခံကပြောပါတယ်။
ဝမ်ပေါင်ကို လုံခြုံရေးယူပေးဖို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ-မုံရွာ)ကနေ စစ်ကားနှစ်စီးဟာ အင်အားအပြည့်နဲ့ နံနက် ၆း၀၀ နာရီဝန်းကျင်က ထွက်လာကာ လက်ပံတောင်းတောင်တဝိုက် ပုသိမ် – မုံရွာလမ်းဘေးဝဲယာ ရွာစဉ်အလိုက်စစ်ကြောင်းထိုးခဲ့တာလို့ ဒေသခံကပြောပါတယ်။
ဒီနေ့စစ်ကြောင်းထိုးလို့ ကျေးစာကျ၊ ဘိန်းနွယ်ချောင်၊ ဂုဏ်တော၊ ဒုန်းတော၊ ကံကုန်းစတဲ့ကျေးရွာတွေ ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ရှောင်အရေအတွက် ၅,၅၀၀ ဝန်းကျင်ရှိနိုင်ကြောင်း ဒေသစစ်ရှောင်အရေးကူညီပေးသူတွေက ခန့်မှန်းပါတယ်။
ဒီလို ဝမ်ပေါင်ကို အကြောင်းပြပြီး စစ်ကြောင်းထိုးတာဟာ ဆားလင်းကြီးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ မကြာခဏပြုလုပ်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ဆားလင်းကြီးမှာ အာဏာသိမ်းစစ်တပ်ဟာ အရပ်သား ခြောက်ဦးကို ဖမ်းဆီးခေါ်ဆောင်လာပြီး ပစ်ခတ်သတ်ဖြတ်ခဲ့ကာ ဒေသခံတွေလည်း ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။
ပုံစာ – ယနေ့ထွက်ပြေးနေရသော ဆားလင်းကြီးဒေသခံများ
ဓါတ်ပုံ – CJ
#Dailynews

