အောင်ထူးနိုင်
ရန်ကုန် – ၂၀၂၀ စက်တင်ဘာ ၁၅ (မော်ကွန်း)
ဝန်းရံသူများကို COVID – 19 ရောဂါ ကူးစက်မည်စိုး၍ မဲဆွယ်စည်းရုံးခြင်းအား ခေတ္တရပ်နားလိုက်ကြောင်း အုတ်ဖိုမြို့နယ် NLD အတွင်းရေးမှူး ဦးတင်ကိုကိုထွဋ်က ပြောသည်။
“ကူးစက်ရောဂါဖြစ်ပွားမှုနှုန်းက များလာတဲ့အတွက် ကူးစက်ရောဂါ မပျံ့ပွားဖို့ရယ်၊ ရောဂါ ထိန်းချုပ်ရေးအတွက် ညွှန်ကြားချက်တွေကို လိုက်နာချင်တာရယ်ကြောင့် ကျွန်တော်တို့ မဲဆွယ်စည်းရုံးရေးတွေကို ခေတ္တရပ်နားဖို့ ဆုံးဖြတ်လိုက်ပါတယ်” ဟု ၎င်းက ပြောသည်။
ထိုသို့ ခေတ္တရပ်နားကြောင်းကို ယနေ့ မွန်းလွဲပိုင်းတွင် အုတ်ဖိုမြို့နယ် NLD Facebook Page မှတစ်ဆင့် အသိပေးခဲ့ခြင်းဖြစ်သည်။ ထိုအသိပေးချက်တွင် COVID – 19 ရောဂါကူးစက်မှုနှုန်းသည် ပိုမိုများပြားလာကာ မြန်ဆန်လာသည့်အတွက် ပြည်သူများ၏ ကျန်းမာရေးထိခိုက်မည်ကို စိုးရိမ်ပူပန်ပါသဖြင့် ယခင်က စီစဉ်ထားသည့် ရပ်/ကျေးရုံး ဆိုင်းဘုတ်တင်ခြင်း၊ ရုံးခန်းဖွင့်လှစ်ခြင်းများအား စက်တင်ဘာ ၁၅ ရက်မှစတင်ကာ ခေတ္တရွှေ့ဆိုင်းထားပါကြောင်း သိရှိနားလည်နိုင်ပါရန်နှင့် ပြည်သူများကလည်း လူစုလူဝေးဖြစ်စေမည့် ကိစ္စရပ်များကို ရှောင်ကျဉ်ကာ စီတန်းလှည့်လည်ခြင်းများကို ယခုရက်များအတွင်း မပြုလုပ်ကြရန် အနူးအညွတ် မေတ္တရပ်ခံပါကြောင်း ဖော်ပြထားသည်။
“သတ်မှတ်လူဦးရေ ၅၀ ကျော်ပြီး လူစုလူဝေးဖြစ်မှာစိုးလို့ သင့်တော်တဲ့အချိန်မှာ တခြားမဲဆွယ်စည်းရုံးတဲ့ ပုံစံတွေ ဥပမာ အွန်လိုင်းကနေ ဆောင်ရွက်သွားဖို့လည်း စဉ်းစားနေတယ်”ဟု ဦးတင်ကိုကိုထွဋ်က ပြောသည်။
အုတ်ဖိုမြို့နယ် မဲဆန္ဒနယ်တွင် လွှတ်တော်အသီးသီးအတွက် နိုင်ငံရေးပါတီ ငါးခု ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး မဲဆွယ်စည်းရုံးခြင်း ခေတ္တရပ်နားကြောင်းကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက စက်တင်ဘာ ၁၆ ရက်မှ ၂၁ ရက်အထိ လည်းကောင်း၊ NLD ပါတီက အကြောင်းကြားသော်လည်း မည်သည့်ရက်အထိ ရပ်နားမည်ကို မသိသေးကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသိန်းဝင်းက ပြောသည်။
မဲဆွယ်စည်းရုံးရေးရပ်နားသည့် မြို့နယ်အရေအတွက်ကို သိရှိနိုင်ရန်အတွက် NLD ပါတီ ဗဟိုရွေးကောက်ပွဲ အောင်နိုင်ရေးကော်မတီ ပြောခွင့်ရ ဒေါက်တာမျိုးညွန့်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြောခွင့်ရ ဦးသိန်းထွန်းဦးကို မော်ကွန်းက ဆက်သွယ်ခဲ့သော်လည်း မရခဲ့ပေ။
အုတ်ဖို NLD က စက်တင်ဘာ ၁၁ ရက်တွင် မဲဆွယ်စည်းရုံးမှု မြင်ကွင်းကို တွေ့ရစဉ်
ဓာတ်ပုံ – အမျိုသားဒီမိုကရေစီအဖွဲ့ချုပ် အုတ်ဖိုမြို့
#Dailynews

