ဝင်းရေး – ၂၀၂၄ ဇူလိုင် ၁၂ (မော်ကွန်း)
ကေအဲန်ယူ တပ်မဟာ ၆၊ ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ်က စစ်ရှောင်ပြည်သူတွေဟာ ရွာပြန်ရင် စစ်တပ်က ပစ်သတ်မှာစိုးလို့ မပြန်ရဲကြဘဲဖြစ်နေကြပါတယ်။
အခုနှစ် မတ်လတုန်းက အာဏာသိမ်းစစ်တပ်ရဲ့ အရှေ့တောင်တိုင်း စစ်ဌာနချုပ်(မော်လမြိုင်၊ရတခ) တိုက်ရိုက်ကွပ်ကဲနေတဲ့ ဝင်းရေးမြို့နယ်၊ အနန်းကွင်းရွာက ဗျူဟာစခန်းကို ကေအဲန်ယူဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။
အဲဒီအချိန်ကစလို့ အနန်းကွင်းအပါအဝင် အနီးအနားကရွာတွေက ပြည်သူတွေဟာ စစ်ရှောင်နေကြရပြီး အနန်းကွင်းရွာ စစ်ရှောင်တွေဆို ပြန်ရင် ပစ်သတ်ခံရမှာစိုးတာကြောင့် မပြန်ရဲကြဘူးလို့ မော်ကွန်းကိုပြောပါတယ်။
“ပြန်လာတဲ့ရွာသားတွေ သတ်ခံထိတာရှိတယ်၊ ပစ်သတ်ခံရပြီးကတည်း မပြန်ကြတော့ဘူးလို့” အနန်းကွင်းရွာသားတစ်ဦးက ပြောပါတယ်။
အနန်းကွင်းရွာ အာဏာသိမ်းစစ်တပ်၊ ဗျူဟာကုန်းစခန်းဟာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ အကြိမ်ကြိမ်တိုက်ခိုက်မှုကို ခံနေရပေမယ့် အခုထိတော့ စခန်းမကျတသေးပါဘူး။
ရွာထဲမှာ စစ်သားတွေဟာ ကင်းပုန်းဝပ်တတ်ပြီး အိမ်အခြေအနေကို ခဏတဖြုတ်ပြန်လာကြည့်တဲ့ ရွာသားတွေကိုဖမ်းဆီးတဲ့အပြင် သတ်ပစ်တာမျိုးအထိ ကြုံတွေ့ရတယ်လို့ ဒေသခံကပြောပါတယ်။
ဒီဒေသမှာ စစ်ရှောင်စခန်းတွေ သီးသန့်မရှိကြဘဲ နီးစပ်ရာ တောစပ်၊ ရွာတွေကို သွားရောက်နေထိုင်ကြရတာပါ။
စစ်ရှောင်တချို့ကတော့ ရွာမှာကျန်ခဲ့တဲ့ သူတို့ပိုင်ပစ္စည်းဥစ္စာတွေနဲ့ တိရစ္ဆာန်တွေကို တိုက်ပွဲတွေ ခဏငြိမ်သွားချိန် ပြန်ကြည့်ကြတာမျိုးလည်းရှိပါတယ်။
အာဏာသိမ်းစစ်တပ်ကတော့ ရွာတွေမှာ ကျန်ခဲ့တဲ့ ဒေသခံတွေရဲ့ အိမ်မွေးတိရိစ္ဆာန်တွေကို ဖမ်းယူသတ်ဖြတ်စားသောက်ပစ်ကြတယ်လို့ ကြုံတွေ့ခဲ့တဲ့ ဒေသခံကပြောပါတယ်။
အနန်းကွင်းကို ဖြတ်ပြီးသွားရတဲ့ ရွာတွေလည်း အနန်းကွင်းမှာ စစ်တပ်ဂိတ်ရှိနေတာကြောင့် ဂိတ်ရှေ့က ဖြတ်မသွားရဲကြလို့ မပြန်ကြသူတွေလည်းရှိပါတယ်။
စစ်ရှောင်ကူညီသူတစ်ဦးရဲ့ပြောပြချက်အရ အနန်းကွင်းအပါအဝင် အဲဒီအနီးတဝိုက်ရွာတွေက စစ်ရှောင်တွေဟာ ၁,၀၀၀ ဝန်းကျင်ရှိနိုင်တယ်လို့ သိရပါတယ်။
အခုနှစ်နွေရာသီတုန်းက အနန်းကွင်းတိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားနေချိန်မှာတော့ စစ်ရှောင်တွေ အများဆုံးရှိခဲ့ပါတယ်။
ဝင်းရေးမြို့နယ်၊ အနန်းကွင်းအနီးက ရွာတွေလည်း အာဏာသိမ်းစစ်တပ် အနန်းကွင်းမှာရှိနေသေးတာကြောင့် စိုးရိမ်ထိတ်လန့်နေရတာလည်းရှိပါတယ်။
မော်ကွန်းကရရှိတဲ့သတင်းတွေအရ ဝင်းရေးမြို့နယ်က အာဏာသိမ်းစစ်တပ်စခန်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ဖြတ်တောက်ပိတ်ဆို့ထားတာကြောင့် ရိက္ခာတွေကို လစဉ် ရဟတ်ယာဉ်တွေနဲ့ ကြဲချကာ ပို့ဆောင်ပေးနေရတယ်လို့သိရပါတယ်။
ပုံစာ – မတ်လကုန်ပိုင်းက အနန်းကွင်းရွာကို ညပိုင်းမှာ အာဏာသိမ်းစစ်တပ်လေယာဉ်နဲ့ဗုံးကြဲခဲ့စဉ် မြင်ကွင်း
ဓါတ်ပုံ – Griffin Drone Force

