ဝက်လက် – ၂၀၂၃ စက်တင်ဘာ ၂၂ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ဝက်လက်မြိုနယ်တောင်ပိုင်း မန္တလေး-မြစ်ကြီးနားရထားလမ်းတစ်လျောက်ကရွာတွေကို စစ်ကောင်စီတပ်တွေက ရထားလမ်းပြင်ရင်း ဒီနေ့အထိ စစ်ကြောင်းထိုးနေတာကြောင့် ရထားလမ်းအနီးမှာရှိတဲ့ ရွာတွေက ထောင်ချီတဲ့ဒေသခံတွေ ထွက်ပြေးနေ ရတယ်လို့ ဝက်လက်ဒေသခံတွေကပြောပါတယ်။
“သူတိုက ရထားသံလမ်းကို တစ်မိုင်လောက်ပြင်ပြီးလိုက် တစ်ခါမောင်းလိုက်နဲ့ စစ်ကြောင်းထိုးပြီးမောင်းလာတာ။ ဒေသခံကထောင်ချီတယ်ပြေးနေရတာ။ ရိက္ခာဆေးဝါးအကူအညီတွေလည်း လိုနေတယ်” လို့ ရထားသံလမ်းဘေးမှာရှိတဲ့ သုံးဆင့်ကန်ရွာခံတစ်ဦးကပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ အဲဒီရထားလမ်းကို ဩဂုတ်လ အစောပိုင်းကစလို့ ပြင်ဆင်နေတာဖြစ်ပြီး ရထားလမ်းပြင်ဆင်တဲ့ကာလတစ်လျောက် ရထားလမ်းအနီးကရွာတွေကို စစ်ကြောင်းထိုးရင်း ဒေသခံကာကွယ်ရေးအဖွဲ့တွေနဲ့လည်း ထိတွေ့တိုက်ပွဲတချို့ဖြစ်ပွားခဲ့ပါသေးတယ်။
မနေ့ကညပိုင်းက ရထားလမ်းပြင်နေတဲ့ စစ်ကောင်စီတပ်တွေဟာ ကူကောင်းရွာထဲကို လက်နက်ကြီးငယ်ပစ်ခတ်ဝင်ရောက်ခဲ့ပြီး ဒီနေ့မနက်ပိုင်းမှာ ရွာကိုမီးရှို့ဖျက်ဆီးခဲ့သေးတယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
“ပျက်စီးဆုံးရှုံးမှုကတော့ မသိရသေးဘူး။ အဲဒီရွာကဒေသခံတွေကော အနားကရွာတွေပါအကုန်ပြေးနေရတာ။သူတို့(စစ်ကောင်စီတပ်တွေ)က စစ်ကိုင်းကနေ ဝက်လက်ထိသွားချင်တာ။ အခုက ဝက်လက်နားကပ်တော့မှာ။ ဒေသခံအဖွဲ့တွေနဲ့တော့ တိုက်ပွဲက ပြောက်ကြားပဲဖြစ်တာ” လို့ ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
အဲဒီရထားလမ်းပြင်နေတဲ့ စစ်ကောင်စီတပ်တွေဟာ ဒီနေ့မနက်ပိုင်းကလည်း သုံးဆင့်ကန်ရွာကနေ ပေါက်ကန်ဘူတာအထိရထားမောင်းနှင်လာပြီး ရထားပေါ်ကနေလက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်သွားသေးတယ်လို့ ဝက်လက် Information Network ကလည်း ဒီနေ့ သတင်းထုတ်ပြန်ထားပါတယ်။
လက်ရှိအချိန်မှာတော့ ရထားလမ်းအနီးမှာရှိတဲ့ ဝက်လက်နယ်ထဲက သုံးဆင့်ကန်၊ ကူကောင်း၊ ရေသောက်ကန်၊ ပေါက်ကန်၊ ညောင်ပင်ကြီးတော၊ ထန်းကြီးစတဲ့ရွာတွေက ဒေသခံထောင်ချီထွက်ပြေးတိမ်းရှောင်နေရပြီး အကူအညီတွေလိုအပ်နေတယ်လို့ သိရပါတယ်။
ပုံစာ-စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးခံနေရတဲ့မန္တလေး-မြစ်ကြီးနားရထားလမ်းအနီးကရွာများ
ဓာတ်ပုံ-MIMU
#Dailynews

