ဝက်လက်- ၂၀၂၅ မတ် ၁၇ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ထဲက စဥ့်ကိုင်(မြောက်) ရွာကို မနေ့ည ၁၀ နာရီဝန်းကျင်မှာ စစ်ကောင်စီက လေကြောင်းကဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လသားအရွယ်ကလေးအပါအဝင် လေးဦးသေဆုံးခဲ့တယ်လို့ ဒေသခံတော်လှန်ရေးရဲဘော်တစ်ဦးဖြစ်တဲ့ ကိုဖေဖော်ဝါရီဝမ်းက ပြောပါတယ်။
ဧရာဝတီမြစ်ဘေးမှာရှိတဲ့ ဗုံးကြဲခံရတဲ့ရွာဟာ ဝက်လက်နဲ့စစ်ကိုင်းမြို့နယ်အစပ်မှာရှိပြီး တောင်နဲ့မြောက်နှစ်ရွာကွဲနေကာ စဉ့်ကိုင်(တောင်)ရွာကတော့ စစ်ကိုင်းမြို့နယ်ထဲမှာ ပါဝင်ပါတယ်။
“ လူတွေအိပ်ချိန်လာကြဲတာဆိုတော့ ထိခိုက်သွားကြတာ။ ကလေးက ဦးခေါင်းတခြမ်းပဲ့ပြီး ဆုံးသွားတယ်။ ကလေးမိခင်ကတော့ ထိခိုက်ဒဏ်ရာပဲရတာ။ ဘာတိုက်ပွဲမှမရှိဘဲ ပြည်သူနေအိမ်တွေပေါ် ကြဲသွားတာ။ ကျွန်တော်တို့သွားကြည့်တော့ အိမ်က သုံးလုံးလောက်ပျက်စီးသွားတယ် ” လို့ ကိုဖေဖော်ဝါရီဝမ်းက ပြောပါတယ်။
ဒီလေကြောင်းတိုက်ခိုက်မှုအတွင်း ကလေးတစ်ဦး၊ အမျိုးသမီးနှစ်ဦးနဲ့ အမျိုးသားတစ်ဦးသေဆုံးခဲ့ရပြီး ခြောက်ဦး ဒဏ်ရာရခဲ့တယ်လို့ သူကပြောပါတယ်။
ဒီလ ၁၄ ရက် ညနေပိုင်းမှာလည်း မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်က လက်ပံလှရွာကို စစ်ကောင်စီလေတပ်က ဗုံးကြဲတာကြောင့် အရပ်သား ၃၀ လောက် သေဆုံးခဲ့ရပါသေးတယ်။
ဒါ့အပြင် မနေ့က ညနေ ၅နာရီခွဲလောက်မှာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ပေါ်က စိန်ရတနာပရိယတ္တိစာသင်တိုက်ကို စစ်ကောင်စီလေကြောင်းကနေ ဗုံးကြဲတာကြောင့် သာမဏေလေးပါးနဲ့ ရဟန်းနှစ်ပါး ပျံလွန်တော်မူခဲ့ကာ အရပ်သားသုံးဦးသေဆုံးခဲ့ရသလို သံဃာ ၁၃ ပါးနဲ့ အရပ်သားလေးဦး ဒဏ်ရာရခဲ့တယ်လို့ တအာင်းတပ်(TNLA)က သတင်းထုတ်ပြန်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ လူအခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနကလည်း ၂၀၂၃ ကနေ ဒီနေ့အထိ စစ်ကောင်စီရဲ့ အရပ်သားရပ်ရွာတွေကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးသူငယ် ၃၇၂ ဦး သေဆုံးခဲ့ရပြီးဖြစ်တယ်လို့ ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

ပုံစာ- ဗုံးကြဲတိုက်ခိုက်မှုအတွင်း သေဆုံးသွားခဲ့ရတဲ့ စဉ့်ကိုင်(မြောက်)ရွာသားတစ်ဦးနှင့် ထိုရွာကို ဝေဟင်မြင်ကွင်း။
ဓါတ်ပုံ- ကိုဖေဖော်ဝါရီဝမ်းနှင့် Google

