ရန်ကုန်- ၂၀၂၂၊ ဒီဇင်ဘာ ၂၉ (မော်ကွန်း)
လှိုင်သာယာမြို့နယ်မှ အသက်၂၀ ဝန်းကျင် ဇနီးမောင်နှံစုံတွဲ မြောက်ဥက္ကလာပမြို့နယ်ရှိ မိခင်နေအိမ်သို့သွားတဲ့လမ်းမှာ ပျောက်ဆုံးနေတာ သုံးရက်ကြာတဲ့အထိရှာမတွေ့သေးဘူးလို့ မိသားစုဝင်တစ်ဦးကမော်ကွန်းကိုပြောပါတယ်။
“ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၇ ရက် ကပျောက်သွားတာ။ နေ့လယ်လောက်ပေါ့။ မြောက်ဥက္ကလာ (ဃ) ဈေး နားလောက်ရောက်တော့လုံးဝအဆက်အသွယ်မရတော့တာအခုထိပဲ” လို့ အမျိုးသမီးရဲ့ဖခင်ဖြစ်သူကပြောပါတယ်။
အဲ့နေ့ကသူတို့နှစ်ဦးဟာ မြောက်ဥက္ကလာပမြို့နယ်မှ မိခင်ဖြစ်သူနေအိမ်သို့သွားဖို့ လှိုင်သာယာမီးခွက်ဈေးအနီးမှ အငှါးယာဉ်တစ်စီးနဲ့ထွက်လာခဲ့ကြပြီးလမ်းတစ်ဝက်မှာပျောက်သွားတာပါ။
ပျောက်ဆုံးနေသူတွေဟာ အသက် (၁၉) နှစ်အရွယ် မောင်ထက်အာကာထွန်း (ခ) ဒေါ်လာ နဲ့ အသက်(၁၈) နှစ် အရွယ် မမြတ်သိမ်မွေ့ထွန်း (ခ) ဂျူးဂျူး တို့ဖြစ်ပါတယ်။
သူတို့နှစ်ဦးဟာ အိမ်ထောင်သက်တမ်း နှစ်လကျော်သာရှိသေးပြီး လှိုင်သာယာမြို့နယ်က ဖခင်ပိုင်ဆိုင်တဲ့ အဆောင်တိုက်ခန်းမှာ ငှါးနေကြတာပါ။
လတ်တလောမှာတော့နှစ်ဖက်မိသားစုဟာမြောက်ဥက္ကလာမြို့နယ်ရဲစခန်းမှာအမှုဖွင့်ထားသလို၊ အုပ်ချုပ်ရေးမှူးရုံး နဲ့ မြို့အဝင်အထွက်စစ်ဆေးရေးဂိတ်တွေကိုလည်း အကြောင်းကြားထားတယ်လို့ဆိုပါတယ်။
လက်ရှိရန်ကုန်မြို့မှာဆိုရင် အသက်၂၀ ဝန်းကျင်အရွယ်လူငယ်တွေအပျောက်များလာနေသလို လူပျောက်ကြော်ငြာတွေဟာလည်း နေရာအနှံ့မှာ ပိုပိုပြီးတွေ့လာနေရပါတယ်။
#Dailynews

