ရန်ကုန် – ၂၀၂၄ ဇူလိုင် ၁၀ (မော်ကွန်း)
ရန်ကုန်မြို့ ၊ ကြည့်မြင်တိုင်တစ်ဖက်ကမ်း လှိုင်မြစ်ထဲမှာ ဒီနေ့မနက်ပိုင်းက ရန်ကုန်ဘက်ကိုကူးလာတဲ့ စက်လှေတစ်စင်းတိမ်းမှောက်ခဲ့ပြီး လူရှစ်ဦးပျောက်ဆုံးနေတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ကိုင်နေသူတချို့က ပြောပါတယ်။
ဒီနေ့မနက် ၈း၀၀ နာရီခန့်က ရန်ကုန်တစ်ဖက်ကမ်းကနေ ကြည့်မြင်တိုင်ဘက်ကို ကူးလာတဲ့ စက်လှေဟာ တွဲသင်္ဘောတစ်စင်းကိုဝင်တိုက်ခဲ့ပြီး တိမ်းမှောက်ခဲ့တာလို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ခဲ့တဲ့ ရောင်စဉ်မဲ့ လူမှုကူညီရေးအသင်းက တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။
စုစုပေါင်း လူ ၁၆ ဦး လိုက်ပါလာတဲ့ စက်လှေပေါ်မှာ လူရှစ်ဦးကိုတော့ ရေကြောင်းရဲတပ်ဖွဲ့နဲ့ လူမှုကူညီရေးအသင်းတွေက ကယ်ဆယ်လိုက်နိုင်ပြီး ကျန်တဲ့လူရှစ်ဦးက ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့ပြင် အဲဒီပျောက်ဆုံးနေတဲ့လူရှစ်ဦးထဲမှာ ကျောင်းသားအရွယ်သုံးဦးလည်းပါဝင်တယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူက ပြောပါတယ်။
“အဲဘက်ကမ်းကကူးလာတဲ့သမ္ဗာန်က ရပ်ထားတဲ့တွဲသင်္ဘောကို ဝင်တိုက်ပြီးမြုပ်သွားတာ၊ အခုက ရေကြောင်းရဲတပ်ဖွဲ့ကတော့ ကျန်ပျောက်နေတဲ့သူတွေ ရှာနေတုန်းပါပဲ” လို့ ၎င်းကပြောပါတယ်။
လူမှုကူညီရေးအသင်းတွေက ထုတ်ပြန်ထားတဲ့ဓာတ်ပုံအရ ကျောင်းသားတွေရဲ့ လွယ်အိတ်တွေကို ဆယ်ယူရရှိထားတာ တွေ့ရှိရပါတယ်။
ကယ်ဆယ်ထားတဲ့ လူရှစ်ဦးကိုတော့ ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။
ပုံစာ – လှိုင်မြစ်အတွင်း ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေတဲ့မြင်ကွင်း
ဓာတ်ပုံ – ရောင်စဉ်မဲ့ လူမှုကူညီရေးအသင်း