ရန်ကုန်-၂၀၂၃ အောက်တိုဘာ ၁၂ (မော်ကွန်း)
ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်က မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာတွေမှာ ရေအနည်းငယ်ပဲပြန်ကျလို့ ရေဘေးရှောင်ပြည်သူတွေ နေအိမ်တွေမပြန်နိုင်သေးဘူးလို့ ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ AC.16 နာရေးကူညီမှုအသင်းကမဌေးဌေးလွင်က ပြောပါတယ်။
“နည်းနည်းလေးပဲကျပါတယ်။ အများကြီးမကျပါဘူး။ တချို့နေရာတွေက ပေါင်လောက်ရှိတယ်။ တစ်ချို့နေရာတွေ ဇီးပင်ဝဲတို့ သီတာအေးအောက်ဘက်တို့ဆို ရင်ခေါင်းလောက်ထိရောက်တယ်။ တစ်ချို့နေရာတွေဆို လှေနဲ့သွားရတယ်။ နေအိမ်တွေပြန်လို့ရတဲ့အထိတော့ ရေကမကျသေးဘူး” လို့ သူကပြောပါတယ်။
ရေဘေးရှောင်တွေကို လှည်းကူးမြို့နယ်ထဲက ဘုန်းကြီးကျောင်းတွေ၊ ဓမ္မာရုံတွေနဲ့ ဘောလုံးကွင်းမှာ ကယ်ဆယ်ထားတယ်လို့ သိရပါတယ်။
ကူညီကယ်ဆယ်ရေးတွေ မရောက်သေးတဲ့ လှည်းကူးမြို့နယ်ထဲက ရွာတွေမှာတော့ အရေးပေါ် အကူအညီတွေ လိုအပ်နေသေးတယ်လို့ ဒေသခံ ကယ်ဆယ်ရေးသမားတစ်ဦးကဆိုပါတယ်။
“ရွာတွေဘက်ကရေသိပ်မကျသေးဘူး။ ကယ်ဆယ်ရေးတွေမရောက်တဲ့ တချို့ရွာတွေဆို အရေးပေါ်ရေသန့်၊ ရိက္ခာခြောက်တွေ လိုအပ်နေတယ်။ တစ်ချို့ရွာတွေဆို ရေဝင်လို့ လူတွေသယ်ဖို့နဲ့ ပစ္စည်းတွေရွှေ့ပြောင်းဖို့ ဖောင်တို့ လှေတို့ လိုတယ်” လို့ ကယ်ဆယ်ရေးသမားတစ်ဦးက ပြောပါတယ်။
လှည်းကူးမြို့နယ်ထဲမှာ မနေ့ကနဲ့ ဒီနေ့ နှစ်ရက်မိုးမရွာတာကြောင့် ရေဆက်ကျနိုင်တဲ့ အနေအထားရှိတယ်လို့လည်း ကယ်ဆယ်ရေးလုပ်နေသူတွေက သုံးသပ်ကြပါတယ်။
မိုးလေဝဿနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ မနက်ဖြန်မနက်ပိုင်းအထိ ခန့်မှန်းချက်အရ စစ်ကိုင်း၊ ကချင်၊ ရခိုင်နဲ့ ရန်ကုန်တိုင်းတွေမှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
လှည်းကူးမြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာတွေကို အခုလ ၇ ရက်ကစလို့ ရေဝင်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ မြို့ပေါ်က ကယ်ဆယ်ရေးစခန်းတွေမှာ ကူညီကယ်ဆယ်ထားရတဲ့ ရေဘေးရှောင်ပြည်သူဦးရေ ၄,၆၄၂ ဦး အထိရှိတယ်လို့ ဒေသခံပရဟိတအဖွဲ့တွေရဲ့ ပြောပြချက်တွေအရ သိရပါတယ်။
ပုံစာ-လှည်းကူးမြို့နယ်မှာ အခုလ၇ရက်ကစပြီး မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာတွေ ရေနစ်မြုပ်လို့ ဒေသခံလေးထောင်ကျော်ကို ကူညီကယ်ဆယ်ရေးစခန်းတွေဆီ အရေးပေါ်ရွှေ့ပြောင်းထားရပါတယ်။
ဓာတ်ပုံ-လှည်းကူးမြို့နယ်သူနာပြုကြက်ခြေနီတပ်ဖွဲ့

