ရန်ကုန် – ၂၀၂၁ ဒီဇင်ဘာ ၁၀ (မော်ကွန်း)
လှည်းတန်းလမ်းမပေါ်ရှိ ဒီနေ့မဖွင့်တဲ့လမ်းဘေးစျေးဆိုင်တွေက ပစ္စည်းတွေနဲ့ဆိုင်းဘုတ်တွေကို အာဏာသိမ်းစစ်ကောင်တပ်တွေက လိုက်လံသိမ်းယူနေတယ်လို့ လှည်းတန်းမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
မနက် ၁၀ နာရီလောက်က လိုက်လံ သိမ်းယူနေတာဖြစ်ပြီး စည်ပင်ဝန်ထမ်းများလည်း လိုက်ပါလာတယ်လို့ ဆိုပါတယ်။
“ အဲ့ကောင်တွေ တော်တော် တရားလွန်တယ်။ မဖွင့် ဖွင့်အောင် လုပ်ခိုင်းနေတာ။ ကျွန်မတို့လဲ သိသိချင်း ဆိုင်ပစ္စည်းတွေ သိမ်းဖို့လာတာ။ အခုအဲ့နားမသွားရဲဘူး။ အင်အားတော်တော်များတယ်။ အခုပစ္စည်းတွေ သိမ်းသွားပြီလား၊ မသိမ်းဘူးလားတောင်မသိပါဘူး” လို့ လှည်တန်းလမ်းမပေါ်ကဆိုင်ရှင်တစ်ဦးကဆိုပါတယ်။
လှည်းတန်းလမ်းမ အနောက်ရှိ ပေ ၅၀ လမ်း စျေးကိုပါ ဝင်လာမှာ စိုးရိမ်တဲ့အတွက် ဆိုင်ရှင်တွေက ပစ္စည်းများသိမ်းကာ ရွှေ့ပြောင်းလျက်ရှိပါတယ်။
“ ကျွန်တော်တို့က ညနေ ၄ နာရီမှဖွင့်မလို့ဗျာ။ အခုထဲက ပစ္စည်းတွေချထားတာပေါ့။ ဒီကောင်တွေက ပြောမရဘူးလေ။ လမ်းမကြီးမှာ လိုက်သိမ်းနေတော့ ကျွန်တော်တို့ ဒီစျေးထဲမဝင်လာနိုင်ဘူးဆိုတာ အာမမခံနိုင်ဘူး။ အဲ့ဒါကြောင့် ခုံတွေ ပစ္စည်းတွေ ကိုယ့်ဖာသာကိုယ်သိမ်းနေရတာပေါ့”လို့ အသားငါးရောင်းတဲ့ ဆိုင်ရှင်တစ်ဦးက ဆိုပါတယ်။
စစ်ကောင်စီတပ်များမှ လုံခြုံရေး အင်အား ၃၀ ခန့် စည်ပင်အမှိုက်သိမ်းကားကြီး တစ်စီးနဲ့ သိမ်းဆည်းနေတာဖြစ်ပါတယ်။
ဒီနေ့ဟာဆိုရင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်ပါတယ်။
လူ့အခွင့်အရေးချိုးဖောက်ခံနေရတဲ့ မြန်မာနိုင်ငံမှာတော့ ဒီနေ့ကျရောက်တဲ့ လူအခွင့်အရေးနေ့ကို ပြည်သူလူထုရဲ့ တိတ်ဆိတ်ခြင်းဖြင့်တော်လှန်ကြမယ်ဆိုတဲ့ တိတ်ဆိတ်ခြင်းသပိတ်ကို ပြုလုပ်နေတာလည်းဖြစ်ပါတယ်။

ပုံစာ – စစ်ကောင်စီက ဆိုင်တွေက ပစ္စည်းတွေကို လိုက်သိမ်းနေလို့ အသိမ်းခံရမှာစိုးတဲ့ ဆိုင်တွေက ကြိုတင်သိမ်းဆည်းရှောင်ရှားနေစဉ်။
#Dailynews

