ရန်ကုန် – ၂၀၂၄ စက်တင်ဘာ ၂၃ (မော်ကွန်း)
ပြီးခဲ့တဲ့ သီတင်းပတ်ထဲက ရေဘေးသင့်နေတဲ့ ကရင်နီပြည်နယ်၊ လွိုင်ကော်မှာ ဒီနေ့ထိ ရေဆက်လက်မြင့်တက်နေတာကြောင့် ကူညီကယ်ဆယ်ရေးနဲ့ ထောက်ပံ့ရေးအတွက် အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတချို့နဲ့ ကူညီကယ်ဆယ်ရေးလုပ်ကိုင်နေသူတချို့က ပြောပါတယ်။
လွိုင်ကော်မြို့ပေါ်မှာ ဘီးလူးချောင်းရေဟာ ဆက်တိုက်မြင့်တက်နေဆဲဖြစ်ပြီး မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ ဒေါနိုးကူးရပ်ကွက်၊ ရှမ်းစုရပ်ကွက်၊ နမ့်ကွတ်ရပ်ကွက်တွေထိ ရေကဆက်တိုက်တက်လာတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
“အင်းလေးကန်ကရေက အင်းလေးကနေ တစ်ဆင့် စံကားအင်းကိုရောက်တယ်။ အဲဒီကမှ မိုးဗြဲဆည်ရဲ့ ထွက်ပေါက်ကနေ ဘီလူးချောင်းက ပြန်ထွက်တာဆိုတော့ အင်းတစ်ခုလုံး ရေမကျမခြင်း လွိုင်ကော်ထဲ ရေတွေဝင်နေတာပေါ့။ ရေထွက်ပေါက်ကလည်း ဒီတစ်ခုထဲရှိတာဆိုတော့ ရေကျဖို့ လနဲ့ချီပြီးကြာရင်လည်း ကြာနိုင်တယ်” လို့ လွိုင်ကော်မြို့ခံ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတစ်ဦးက ပြောပါတယ်။
အင်းလေးဒေသက ကျဆင်းလာတဲ့ ရေထုဟာ အခုလ ၂၀ ရက်ကစပြီးတော့ လွိုင်ကော်မြို့ပေါ်ရပ်ကွက်တွေထိ စတင်ရောက်ရှိလာခဲ့ပြီး လွိုင်ကော်မြို့မဈေးအပါအဝင် မြို့ပေါ် ရပ်ကွက်တွေမှာ ရေတက်နေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
“အခုက တစ်မြို့လုံးရေလွှမ်းသွားပြီလို့ ပြောလို့ရတယ်။ အရင်ရက်က ခြေမျက်စိလောက်ပဲ ဝင်တဲ့နေရာတွေ အခုရက်မှာ ပေါင်လည်လောက်ရှိလာတယ်။ တချို့ အနိမ့်ပိုင်းတွေတော့ အကုန်မြုပ်သွားတယ်” လို့ ၎င်းဒေသခံက ပြောပါတယ်။
လက်ရှိမှာ လွိုင်ကော်မြို့ပေါ်မှာ ကူညီကယ်ဆယ်ရေးနဲ့ အစားအသောက်တွေအတွက် အကူအညီတွေ လိုအပ်နေတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေသူတစ်ဦးက ပြောပါတယ်။
“အဓိကတော့ ဒီမှာက စစ်ပွဲဧရိယာလည်းဖြစ်နေတော့ ကူညီမယ့်သူက တခြားဒေသထက်နည်းတယ်။ အလှူရှင်တွေ သိပ်မလာနိုင်ဘူး။ ကယ်ဆယ်ရေးအဖွဲ့လည်းနည်းတော့ အကူအညီတွေအများကြီးလိုတယ်” လို့ ၎င်း ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေသူက ပြောပါတယ်။
လက်ရှိမှာ လွိုင်ကော်မြို့ပေါ်က ရေဘေးသင့်နေတဲ့ရပ်ကွက်က ဒေသခံတွေဟာ ရေမမြုပ်တဲ့ နီးစပ်ရာ အမြင့်ပိုင်းရပ်ကွက်တွေက ဆွေမျိုးအိမ်တွေ၊ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေကြရပြီး အစားအသောက်နဲ့ အသုံးအဆောင်ပစ္စည်းတွေ လိုအပ်နေတာပါ။
ပြီးခဲ့တဲ့သီတင်းပတ်ကဖြစ်ခဲ့တဲ့ ရာသီဥတုဆိုးဝါးမှုကြောင့် ကရင်နီပြည်နယ်က တခြားမြို့နယ်တွေဖြစ်တဲ့ ဒီးမော့ဆို၊ ဖရူဆို၊ ရှားတော စတဲ့မြို့နယ်တွေမှာလည်း ရေကြီးနစ်မြုပ်နေပြီး စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ဒေသတချို့မှာလည်း ရေဘေးသင့်ခဲ့ပါတယ်။
ဒီရေဘေးမှာ စစ်ဘေးရှောင်စခန်းရှစ်ခုနဲ့ ကျေးရွာတချို့ ရေကြီးနစ်မြုပ်ခဲ့ကာ စိုက်ခင်းတချို့လည်း ပျက်စီးသွားတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က ထုတ်ပြန်ထားပါတယ်။
ကရင်နီလူ့အခွင့်အရေးအဖွဲ့ရဲ့ အစီရင်ခံစာအရတော့ ရေကြီးရေလျှံတာကြောင့် ဖယ်ခုံ၊ ဒီးမော့ဆို၊ လွိုင်ကော်နဲ့ ရှားတောမြို့တွေမှာ လူသေဆုံးမှုအထိရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒီးမော့ဆိုမြို့နယ်မှာ ဒေသခံ ၁၈ သေဆုံးခဲ့ပြီး ဖယ်ခုံမြို့နယ်မှာ လေးဦး၊ လွိုင်ကော်မြို့နယ်မှာ လေးဦး၊ ရှားတောနဲ့ ဘောလခဲမြို့နယ်မှာ တဦးစီသေဆုံးခဲ့ကာ နေအိမ် ၃၀၀ ကျော် ရေထဲမျောပါသွားခဲ့ပြီး ကရင်နီဒေသခံ နှစ်သောင်းခန့် ရေဘေးသင့်နေရတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ရဲ့ မှတ်တမ်းမှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က ဖြစ်ပွားခဲ့တဲ့ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် နိုင်ငံတစ်ဝန်းမှာ ရေကြီးနစ်မြုပ်ခဲ့ပြီး ရှမ်းပြည်နယ်တောင်ပိုင်းဒေသတွေ၊ ကရင်နီပြည်နယ်၊ နေပြည်တော်နဲ့ မန္တလေးတိုင်းတို့မှာ အဆိုးဝါးဆုံး ရေကြီးခဲ့ကာ လူပေါင်း ၃၀၀ ကျော် သေဆုံးခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

ပုံစာ – လွိုင်ကော်မြို့ပေါ် ရေတက်လာတဲ့မြင်ကွင်း
ဓာတ်ပုံ – MKK
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

