လွိုင်ကော် -၂၀၂၃ နိုဝင်ဘာ ၁၅ (မော်ကွန်း)
ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့မှာ စစ်ကောင်စီတပ်တွေရဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေကြောင့် မနေ့က နိုဝင်ဘာ ၁၄ ရက် တစ်ရက်အတွင်း ဒေသခံ ၁၉ ဦး သေဆုံးခဲ့တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က KnHRG က ဒီနေ့ထုတ်ပြန်ပါတယ်။
သေဆုံးသူတွေဟာ လေကြောင်းကနေဗုံးကြဲချမှုကြောင့် အမျိုးသား ကိုးဦး၊ အမျိုးသမီး ငါးဦး၊ လက်နက်ကြီးကျရောက်ပေါက်ကွဲတာကြောင့် အမျိုးသား တစ်ဦး၊ အမျိုးသမီးနှစ်ဦး စုစုပေါင်း ၁၉ ဦးသေဆုံးခဲ့တာလို့ KnHRG က ထုတ်ပြန်ပါတယ်။
အဲဒီသေဆုံးခဲ့သူ ၁၉ ဦးထဲမှာ ကလေးငယ်သုံးဦးပါဝင်ပြီး ထိခိုက်ဒဏ်ရာရှိသူ အမျိုးသား တစ်ဦး၊ အမျိုးသမီးနှစ်ဦးနဲ့ ကျား/မ အတည်မပြုနိုင်သူ နှစ်ဦး စုစုပေါင်း ခုနစ်ဦးရှိတယ်လို့ ဆိုပါတယ်။
ကရင်နီပြည်နယ်အတွင်း တစ်လေးလုံးစစ်ဆင်ရေးစခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်ကနေ ၁၃ ရက် အတွင်းသေဆုံးသူ ၂၀ ဦးရှိတယ်လို့ KnHRG က ထုတ်ပြန်ထားတာကြောင့် ဒီနေ့နဲ့ဆို စုစုပေါင်းသေဆုံးသူဟာ ၃၉ ဦးအထိရှိလာပြီဖြစ်ပါတယ်။
တိုက်ပွဲတွေအတွင်း သေဆုံးမှုနဲ့ထိခိုက်ဒဏ်ရာရသူစာရင်းဟာ ကရင်နီလူ့အခွင့်အရေးအဖွဲ့က ရရှိထားတဲ့ မှတ်တမ်းသာဖြစ်ပြီး အခြားထိခိုက်သေဆုံးမှုတွေလည်း ရှိနိုင်သေးတယ်လို့ KnHRG ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လွိုင်ကော်မြို့တွင်းတိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ရတဲ့ ဒေသခံအများအပြားရှိနေပြီး စစ်ကောင်စီတပ်တွေက ဒေသခံတွေကို မြို့ပြင်ထွက်ခွင့် ပိတ်ပင်ထားတယ်လို့ KnHRG က တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောထားပါတယ်။
ကရင်နီပြည်နယ်အတွင်းမှာ အခုလ ၁၁ ရက်ကစပြီး KA ၊ KNDF ၊ KNPLF ၊ DMO Local PDF ၊ မြို့ပြတော်လှန်ရေးတပ်ဦး(URF)၊ အလယ်ပိုင်းတိုင်း ရှမ်းတောင်စစ်ဒေသခွဲနဲ့ ကယား(ကရင်နီ)စစ်ဒေသခွဲ PDF တပ်ရင်းတွေပူးပေါင်းပြီး “၁၁.၁၁ စစ်ဆင်ရေး” ဆင်နွှဲနေပါတယ်။
အဲဒီစစ်ဆင်ရေးအတွင်း ဒီးမော့ဆို၊ မိုးဗြဲနဲ့ လွိုင်ကော်မြို့နယ်တွေထဲက စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့ စစ်စခန်းခုနစ်ခုကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်း အများအပြားရရှိထားတယ်လို့ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် KNDF က ထုတ်ပြန်ထားပါတယ်။
ဒီနေ့ နေ့လယ်ပိုင်းကလည်း တစ်လေးလုံးစစ်ဆင်ရေးရဲ့ လေးရက်မြောက်နေ့မှာ လွိုင်ကော် တက္ကသိုလ်မှာ တပ်စွဲထားတဲ့ လက်အောက်ခံတပ်ရင်းတွေကို အပြီးသတ်ချေမှုန်းနိုင်ခဲ့ပြီး စစ်သား ၃၂ ဦး အညံ့ခံခဲ့တယ်လို့ KNDF က ထုတ်ပြန်ထားပါတယ်။
KNDF ဟာ ရှမ်းပြည်နယ်မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့အတူ “၁၀၂၇ စစ်ဆင်ရေး”မှာလည်း ပါဝင်တိုက်ခိုက်နေပြီး စစ်ရေးရည်မှန်းချက်တွေ ပြီးမြောက်အောင်မြင်တဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ဆိုထားပါတယ်။
အာဏာသိမ်းစစ်ကောင်စီရဲ့ ပြန်ကြားရေးတာဝန်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ မနေ့ကမနက်ပိုင်းမှာ ကရင်နီပြည်နယ် လွိုင်ကော်တက္ကသိုလ်အနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ စစ်ကောင်စီဝါဒဖြန့်မီဒီယာတွေကို ဖြေကြားထားတာတွေ့ရပါတယ်။ ကရင်နီပြည်နယ် တိုက်ပွဲတွေအတွင်း အရပ်သားထိခိုက်သေဆုံးမှုတွေနဲ့ ပတ်သက်ပြီး ပြောကြားထားတာကိုတော့ မတွေ့ရသေးပါဘူး။
ပုံစာ-စစ်ကောင်စီတပ်တွေရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ထိခိုက်သေဆုံးခဲ့ကြတဲ့ ကရင်နီဒေသခံများ
ဓာတ်ပုံ-KnHRG