လွန်ခဲ့သော နှစ်ပေါင်း ငါးဆယ်က မြသီလာ

လွန်ခဲ့သော နှစ်ပေါင်း ငါးဆယ်က မြသီလာ

မော်ကွန်းမဂ္ဂဇင်း အမှတ်စဉ် ၇၀ မှ စာအုပ်အညွှန်းဖြစ်ပါသည်

သင့်နော်ရေးသည်

(၁)

ဟုတ်ကဲ့။ လွန်ခဲ့သော နှစ်ပေါင်း ၅၀ က မြသီလာပါခင်ဗျ။ သို့ပေမဲ့ မျက်မြင်ဒိဋ္ဌဓမ္မအနေနဲ့ လက်ဆုပ်လက်ကိုင်ပြပြီး ပြောရမှာကတော့ လွန်ခဲ့သော နှစ်ပေါင်းငါးဆယ်မဟုတ်ဘဲ ၂၀၁၀ ခုနှစ်က စာအုပ်အကြောင်းဆိုတော့ လွန်ခဲ့သော ကိုးနှစ်ခန့်ကပေါ့ဗျာ။

ပထမအကြိမ် ပုံနှိပ်တုန်းကတော့ ၁၉၇၀ ဒီဇင်ဘာမို့ အဲဒီကစပြီး ရေတွက်တဲ့အခါ လွန်ခဲ့သော နှစ်ပေါင်းငါးဆယ်။ ဒုတိယအကြိမ် ပုံနှိပ်တော့ ၂၀၁၀ ဒီဇင်ဘာ ဖြစ်ခဲ့တယ်လေ။ လွန်ခဲ့သော ကိုးနှစ်ခန့်က။

 

(၂)

၂၀၂၀ ပြည့်နှစ်မှာ အနှစ်တစ်ရာတိတိ သက်တမ်းကို ဆိုက်ရောက်တော့မယ့် ရန်ကုန်တက္ကသိုလ်ကို လွန်ခဲ့တဲ့ နှစ်ပေါင်းငါးဆယ်က ထုတ်ဝေခဲ့တဲ့စာတစ်အုပ်နဲ့ နှုတ်ခွန်းဆက်စကား ဆိုချင်စရာကောင်းလှတဲ့ ခံစားမှုနဲ့ နေရစ်တော့ မြသီလာကို ခင်းကျင်းပါရစေ။ ဟုတ်ပါတယ်။ အောင်ပြည့်ရဲ့ အဖွဲ့အနွဲ့ပါ။ နေရစ်တော့ မြသီလာဟာ ရန်ကုန်တက္ကသိုလ်ရဲ့ ရွှေရတုသဘင်ကာလကို ရည်ညွှန်းခဲ့သော်ငြား သူဟာ ရာပြည့်ရတုအထိ တွယ်ငြိနေနိုင်စွမ်းရှိတယ်ဆိုတာ အသေအချာပါ။

 

(၃)

၁၉၇၀ ပြည့်နှစ် ဒီဇင်ဘာမှာ မင်းလှစာပေက ပထမအကြိမ်အဖြစ် ထုတ်ဝေခဲ့တဲ့ အောင်ပြည့်ရဲ့ နေရစ်တော့ မြသီလာ Farewell Then, Mya Thilah အင်္ဂလိပ်-မြန်မာ နှစ်ဘာသာတွဲစာအုပ်က ရန်ကုန်တက္ကသိုလ် ရွှေရတုသဘင်ကို အမှီပြုပါတယ်။ အမှတ်တရအဖြစ် ထုတ်ဝေတဲ့စာအုပ်ပါ။ ၁၆ ချိုး ခဲစာလုံးစီ။ မျက်နှာဖုံးတင်လှဝင်းထင်။

ကာလအလျောက် ခေတ်နဲ့လျော်ညီပြီး လူငယ်တွေ နှစ်သက်စွဲလမ်းခဲ့တဲ့ စာတစ်အုပ်အဖြစ်သူက နှစ်ကာလတွေကို ကျော်ဖြတ်ခဲ့တယ်။ အဲဒီတုန်းက စာရေးသူ အောင်ပြည့်ကိုယ်တိုင်နဲ့ မောင်ကိုယုတို့က မြသီလာအတွက် အမှာစကား တစ်ရပ်စီ ပါးထားတယ်။

‘ကဗျာလို ချိုမယ်လား

ဝတ္ထုလို ယိမ်းညွတ်မယ်လား

စာညွန့်လို ပျောင်းနွဲ့မယ်လား

ဆောင်းပါးလို ခံ့ညားမယ်လား

မသိသား ကျွန်တော် ဆိုးသည်’

အောင်ပြည့်

 

‘ဤနေရာမှာပင် သစ္စာ၏အတိမ်အနက်ကို တိုင်းထွာခဲ့ရပြီ။ ဤနေရာမှာပင် သစ္စာရှိသူတို့နှင့် သစ္စာဖောက်သူတို့၏ မျက်နှာကို လေ့ကျက်ခဲ့ရပြီ။ ဤနေရာမှာပင် ပညာရှင်တို့၏ ပညာအနိမ့်အမြင့် သိက္ခာအတိမ်အနက်ကို သိရှိခွင့်ရခဲ့ပြီ။ သို့သော် ဤနေရာကို သူသည်ချစ်မြဲချစ်လျက်၊ စွဲမြဲစွဲလျက်၊ တွယ်တာမြဲ တွယ်တာလျက် ရှိချေသေး၏။ ထို့ကြောင့်ပင် သူ၏ရင်သည်းနှလုံးဝယ် စုဆောင်းထားသည့်ခံစားမိရာ ဝေဒနာတို့ကို စာသီကာ မှတ်တမ်းတင်လိုက်လေပြီ။ သူကဲ့သို့ပင် တိုက်ပွဲဝင်ခဲ့သူ၊ မျက်ရည်ပင်လယ်ဝေခဲ့သူ၊ သစ္စာဖောက်ခံရသူ၊ သည်းပွတ် နှလုံးကွဲအက်ခဲ့သူ၊ ဤနေရာကို လွမ်းဆွတ်တမ်းတသူတို့အတွက် သူ၏လက်ဆောင်။

မောင်ကိုယု

(၄)

နေရစ်တော့မြသီလာကို ၂၀၁၀ ဒီဇင်ဘာမှာ ဒုတိယအကြိမ်အဖြစ် ပုဂံစာအုပ်တိုက်က ထုတ်ဝေချိန်မှာတော့ အောင်ပြည့်ရော မောင်ကိုယုပါ ကွယ်လွန်ခဲ့ပါပြီ။ ဒီစာအုပ်ကို ပုဂံက ‘ရန်ကုန်တက္ကသိုလ် နှစ်ကိုးဆယ်ပြည့်သို့’ လို့ Delicate လုပ်ပါတယ်။

ဒုတိယအကြိမ် နေရစ်တော့မြသီလာမှာ First Page နဲ့ မျက်နှာချင်းဆိုင်မှာ ဒို့တာဝန်အရေးသုံးပါး၊ ပြည်သူ့သဘောထား၊ နိုင်ငံရေးဦးတည်ချက်လေးရပ်၊ စီးပွားရေးဦးတည်ချက်လေးရပ်နဲ့ လူမှုရေးဦးတည်ချက် လေးရပ်တို့ကို ထင်းထင်းကြီး ပုံနှိပ်ထည့်သွင်းပေးခဲ့ရပါတယ်။

နေရစ်တော့ မြသီလာမှာ နံ့သာမြကျွန်းညို။ ကံ့ကော်ပွင့်လေးတွေအတွက် ကျွန်တော့အထွေထွေ။ ကျွန်တော့ဘဝ သစ်ပုတ်ပင်နဲ့ ရောင်းရင်းတို့နှင့်ဆိုပြီး အခန်းလေးခန်း ခွဲခြားတင်ဆက်ထားတယ်။ အောင်ပြည့်ရဲ့ နှလုံးသားထဲမှာ မညီမညာတွဲနေခိုနေတဲ့ ခံစားမှုစာစုပေါင်း ပုဒ်ရေ ၅၉ ပုဒ်တိတိ ပါတယ်။

အစအဆုံးဖတ်ဖို့ စိတ်ကူးမရှိသည့်တိုင် ဆတ်ခနဲကောက် ဖျတ်ခနဲကြုံရာစာမျက်နှာကို လှန်ဖတ်မိရင်ပဲ …

 

ရာပြည့်ပွဲသို့

ဘဘိုး ဘဘိုး

ဦးကံသိန်း ဘဘိုးအို

မသေလိုပါနဲ့ဦး

နောင်အနှစ်ငါးဆယ်ကြာ

တက္ကသိုလ်ရာပြည့်နွှဲ

ပွဲကြည့်ပါဦး။

ဘယ်မှာ ရှိ၏

… ထားပါတော့လေ

မြကျွန်းသာနေပါ၏။

စိုနေတဲ့ ခေါင်းအုံးလေးတွေနဲ့

ရှိုက်သံတွေကို

ဘယ်မှာ ဖွက်ထားခဲ့သလဲ။

ပြော။

 

သူ မလာလို့

မမကြည်ရယ်

မာလာသူကို ပြောပြပါနော်

ညနေ

သူလာရင် သောက်ဖို့

ချိုချဉ်ရည်ဖိုးကို

ကျွန်တော်ပဲ ပေးခဲ့ပါပြီလို့။

 

(၅)

နေရစ်တော့မြသီလာကို အင်္ဂလိပ်ဘာသာပြန်ပေးကြသူတွေက Win Pe ၊ Thaw  ၊ Khin Mg Htay ၊ Ba Moe ၊ Mya Wing Mg  နဲ့  That Swaii တို့ ဖြစ်တယ်။ ပုဂံရဲ့ ဒုတိယပုံနှိပ်မူ ဟာ ၁၇၅ မျက်နှာ ၁၃ _ ၂၁ စင်တီဖြစ်ပြီး အုပ်ရေ ၁,ဝ၀ဝ။ တန်ဖိုး ၂,ဝ၀ဝ ကျပ်။ ကာဗာ ဇော်မောင်။ အဲဒီမှာ နောက်တိုးအဖြစ် မင်းလူရဲ့ အမှာကို ‘လိုက်ခဲ့တော့ မြသီလာ’ လို့ တွေ့ရတယ်။

‘ဒီလိုအချိန်မှာပဲ နေရစ်တော့မြသီလာကဗျာစာအုပ် ထွက်လာခဲ့ခြင်း ဖြစ်၏။ ထိုစာအုပ်ထဲမှ ကဗျာများသည် ကျွန် တော်ဖတ်ဖူးသော အလယ်တန်းကဗျာလက်ရွေးစင်။ ခေတ်သစ်ကဗျာမိတ်ဖွဲ့။ မဂ္ဂဇင်းတွေထဲက ကဗျာများနှင့် လုံးဝခြားနားနေသည်။ အကြောင်းအရာရော ပုံသဏ္ဌာန်ပါ ဆန်းသစ်နေသည်။ ထူးခြားမှုကို ကြိုက်တတ်သော အရွယ်နှင့် အံကိုက်ဖြစ်သွားသည်’ တဲ့။

အဲဒီမှာပဲ မြသီလာကို သူ့အစ်ကို မောင်ဝဏ္ဏရဲ့ ခံစားမှုစာစု လေးကိုပါ မင်းလူက စွက်ထားသေးတယ်။

‘မြသီလာတဲ့လား …

ငြိမ်းချမ်းပါတယ် နွေးထွေးပါတယ်

ဝေဆာကြည်နူးဖွယ်အတိပါ။

ဒါပေမဲ့

ရင်ထဲမှာ အနာတစ်ခုမရဘဲနဲ့တော့

ဘယ်သူမှ သူ့ဆီက စွန့်ခွာ ထွက်မပြေးနိုင်ဘူး’

(၆)

မကြာမတင်မှာ ၂၀၂၀ ပြည့်မယ်။ ရန်ကုန်တက္ကသိုလ် ရာပြည့်ပွဲလာမယ်။ နှစ်ဆန်းမှာပဲ ဂုဏ်ပြုအမှတ်တရ အထိမ်းအမှတ်စာအုပ်တွေ ထွက်ဖို့တာစူနေကြပြီ။

ကိုအောင်ပြည့်၊ မောင်ကိုယု၊ မောင်ဝဏ္ဏ၊ မင်းလူတို့ မရှိကြတော့ပေမယ့် နေရစ်တော့ မြသီလာဟာ ရန်ကုန်တက္ကသိုလ် ရာပြည့်ပွဲမှာ ခေါင်းတထောင်ထောင် ဖြစ်နေဦးမှာပါ။ ဟုတ်ကဲ့။ အောင်ပြည့်ရဲ့ နှုတ်ခွန်းဆက်သံလေးနဲ့ပဲ ကျေနပ်ကြစို့ရဲ့။

ဟိသစ္စံ

အမှန်ဆိုခြင်း သည်စကားများကြောင့်

နောင်အနှစ်ငါးဆယ်ကြာ

မြသီလာအရှင်၏ ‘ရာပြည့်ပွဲ’ သည်

ယခုထက်ထက်ကဲ

ခြိမ့်ခြိမ့်သဲပါစေသတည်း။


#Book_Review


အမျိုးအစား - စာအုပ်အညွှန်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."