ကျော်ဇေယျ
ရန်ကုန်-၂၀၂၀ စက်တင်ဘာ ၂၃ (မော်ကွန်း)
ရေအားလျှပ်စစ် တည်ဆောက်ရေးအစီအစဉ်များက နိုင်ငံရဲ့ သဘာဝအတိုင်း လွတ်လပ်စွာစီးဆင်းနေတဲ့ မြစ်တွေကို ခြိမ်းခြောက် နေတယ်လို့ ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင်ရံပုံငွေအဖွဲ့(WWF) ရဲ့ အစီရင်ခံစာအသစ်မှာ ဖော်ပြတယ်။
WWFရဲ့ ဒီကနေ့ထုတ်ပြန်တဲ့ “ မြန်မာ့သဘာဝအတိုင်းလွတ်လပ်စွာ စီးဆင်းနေဆဲ မြစ်များအကြောင်း လေ့လာ ဆန်းစစ်ခြင်း” အစီရင်ခံစာမှာ မြန်မာ့မြစ်ကြောင်းတွေကိုဆည်စီမံကိန်းတွေက ခြိမ်းခြောက်နေတဲ့အပေါ် မီးမောင်းထိုးပြ ထားပါတယ်။
“ အသက်မွေးဝမ်းကြောင်းအတွက် မြစ်တွေကို အမှီပြုနေရတဲ့ သူတွေတင်ခံစားရမှာ မဟုတ်ဘဲ တစ်နိုင်ငံလုံးအနေနဲ့ပါ ခံစားရမှာပါ။ ဘာလို့လဲဆိုတော့ ငါးနည်းနည်းပဲ ရတော့မယ်။ အထွက်မကောင်းတဲ့ လယ်ကွင်း တွေဖြစ်လာမယ်။ ပြီးတော့ ရာသီဥတုပြောင်းလဲမှုဒဏ် ကြံ့ကြံ့ခိုင်နိုင်စွမ်းလည်း လျော့နည်းလာမယ်” လို့ WWF မြန်မာရုံးက ရေချိုထိန်းသိမ်းရေးအစီအစဉ်အရာရှိ ဦးဆလိုင်းသူရဇော်က ပြောပါတယ်။
နိုင်ငံအတွင်းက အရှည်ဆုံးမြစ်ဖြစ်တဲ့ ဧရာဝတီမြစ်တစ်ခုတည်းရဲ့ ဂေဟစနစ်ဝန်ဆောင်မှုတန်ဖိုးပင်လျှင် တစ်နှစ်ကို အမေရိကန်ဒေါ်လာ နှစ်ဘီလီယံကနေ ခုနှစ်ဘီလီယံအထိ တန်ဖိုးရှိတယ်လို့ WWF က တွက်ချက်ပြတယ်။ ဒါအပြင် ပုံမှန်မြန်မာ့အစားအစာမှာပါဝင်တဲ့ အသားဓာတ်ရဲ့ သုံးပုံနှစ်ပုံခန့်ကို ဒီမြစ်တွေကနေရရှိတဲ့ ငါးတွေက ထောက်ပံ့ပေး နေတာလို့လည်း အစီရင်ခံစာက တွက်ချက်ပြတယ်။
“ အပူပိုင်းအာရှဒေသရဲ့ နောက်ဆုံး လက်ကျန် ရှည်လျားပြီး သဘာဝအတိုင်း လွတ်လွတ်လပ်လပ်စီးဆင်းနေဆဲ မြစ်ကြီးသုံးစင်းက ဒီနိုင်ငံရဲ့ ပြည်သူတွေ အတွက် ကာကွယ်စောင့်ရှောက်ရမယ့် အရာတွေအဖြစ် သတ်မှတ်ခံရဖို့ လိုပါတယ်” လို့ WWF မြန်မာရုံးရဲ့ ဌာနေညွှန်ကြားရေးမှူး နစ်ကော့စ်ကလည်း ပြောပါတယ်။
သူညွှန်းဆိုတဲ့ မြစ်ကြီးသုံးစင်းက ဧရာဝတီ၊ ချင်းတွင်းနဲ့ သံလွင်မြစ်တွေကို ပြောတာပါ။ နိုင်ငံရဲ့ အဓိက မြစ်မကြီး တစ်စင်းဖြစ်တဲ့ စစ်တောင်းမြစ်ဟာ သူ့ရဲ့ မြစ်လက်တက်တွေမှာ ဆည်တွေတည်ဆောက်မှုကြောင့် သူ့အလုပ်သူ ကောင်းကောင်းမလုပ်နိုင်တော့ဘူးလို့ WWF က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ရှမ်းပြည်နယ်ကနေ မြစ်ဖျားခံလာတဲ့ ဧရာဝတီရဲ့ အဓိက မြစ်လက်တက်တွေထဲက တစ်ခုဖြစ်တဲ့ မြစ်ငယ်မြစ်ဟာဆိုရင်လည်း ဆည်တည်ဆောက်မှုတွေကြောင့် ဒုက္ခ ရောက်ခဲ့ရပြီလို့ WWF က ပြောပါတယ်။
ရေအားလျှပ်စစ်စီမံကိန်းတွေဖော်ဆောင်ပြီး လွတ်လပ်စွားစီးဆင်းနေတဲ့မြစ်ကြီးတွေကို ပိတ်ပင်ပစ်မယ့်အစား လက်ရှိ တည်ဆောက်ပြီးသား ရေအားလျှပ်စစ်စီမံကိန်းတွေကို အဆင့်မြှင့်တာမျိုးပြုလုပ်တာ၊ တစ်ဖက်ကလည်းနေရောင်ခြည်စွမ်းအင်၊ လေစွမ်းအင်လိုအရာတွေကို ပိုမိုထုတ်ယူသုံးစွဲတာတွေ ပြုလုပ်ဖို့ အစိုးရအနေနဲ့ စဉ်းစားသင့်တယ်လို့ WWF ရဲ့ အစီရင်ခံစာမှ အကြံပြုထားပါတယ်။
နိုင်ငံရဲ့ လွတ်လပ်စွာ စီးဆင်းနေဆဲမြစ်တွေက ငါးလုပ်ငန်း၊ စိုက်ပျိုးရေး၊ သောက်သုံးရေ၊ သဘာဝအခြေခံခရီးသွား လုပ်ငန်းတွေနဲ့ ပြည်တွင်းရေကြောင်းသယ်ယူပို့ဆောင်မှုကို အထောက်အပံ့ပြုနေတယ်လို့ WWF ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
အစီရင်ခံစာရဲ့ အကြံပြုချက်တစ်ချက်အဖြစ် သဘာဝအတိုင်းလွတ်လပ်စွာစီးဆင်းဆဲ မြစ်တွေကို စီမံခန့်ခွဲဖို့နဲ့ ထိန်းသိမ်း စောင့်ရှောက်ဖို့ အကျိုးရှိထိရောက်တဲ့ ယန္တရားတစ်ခု အကောင်အထည်မဖော်နိုင်သေးသမျှ မြစ်ကြောင်းတွေရဲ့အနာဂတ် အတွက် ဆည်တည်ဆောက်မှုတွေကို ဆိုင်းငံ့ထားသင့်တယ်လို့လည်း ဖော်ပြထားပါတယ်။
ဓါတ်ပုံ- မော်ကွန်း။
ပုံစာ- စစ်တောင်းမြစ်လက်တက်တစ်ခုဖြစ်သည့် ခပေါင်းချောင်း ပေါ်တွင် ပိတ်ဆို့တည်ဆောက်ထားသည့် ခပေါင်းဆည်ကိုတွေ့ရစဉ်၊
#Dailynews

