လက်ညှိုးထိုး ရောင်းစားခံလိုက်ရတဲ့ လှည်းကူးက ကျူးကျော်ဘဝ ရောက်ရသူတွေ

လက်ညှိုးထိုး ရောင်းစားခံလိုက်ရတဲ့ လှည်းကူးက ကျူးကျော်ဘဝ ရောက်ရသူတွေ

Photo- Kyaw Zay Yar Htun

လှည်းကူး (ဇူလိုင်၊ ၂၀၀၇)

မနက် ၉ နာရီလောက်မှာ ဒေါ်သောင်းတို့ရဲ့ အိမ်ခြံဝင်းထဲကိုတုတ်၊ ဓားတွေကိုယ်စီ ကိုင်ထားတဲ့လူ၂ဝခန့်ဝင်လာပြီး အိမ်ကို ဖြိုဖျက်မှာဖြစ်တာကြောင့် ပစ္စည်းတွေကို ရွှေ့ပေးဖို့ သူတို့ကိုပြောတယ်။ ဒေါ်သောင်းတို့ မိသားစုကလည်း အိမ်ဖျက်မယ့်သူတွေကို မြင်ကတည်းက သိမ်းစရာရှိတဲ့ပစ္စည်းတွေကို သိမ်းဆည်း နေကြတာပါ။

ပစ္စည်းတွေသိမ်းဆည်းပြီးတဲ့ခဏမှာပဲ ရောက်လာတဲ့လူတွေထဲက လွှစက် ကိုင်ထားတဲ့တစ်ယောက်က အိမ်ရဲ့ ဝါးဒေါက်တိုင်တွေကို စတင်ပြီး ဖြတ်တောက်ပါတော့တယ်။ ကျန်လူတွေကလည်း အိမ်ခြံစည်းရိုးတွေကို ဖျက်ဆီးကြတယ်။

”ကြောက်တော့ သေးတွေ၊ ဘာတွေတောင်ထွက်တယ်”လို့ ဒေါ်သောင်းက ဆိုပါတယ်။

သူတို့ရဲ့နားခိုရာအိမ်နဲ့ ခြံဝင်းလေးဟာ နာရီဝက်အတွင်းမှာပဲ မြေပြင်မှာ ပြားပြားဝပ်သွားပါတော့ပါတယ်။ အိမ်အမိုးအကာတွေကို ထပ်ပြီး ဖျက်ဆီးနေမှာ စိုးရိမ်တာကြောင့် ဒေါ်သောင်းက ကိုယ့်ဘာသာ ဖျက်ပေးပါ့မယ်လို့ တောင်းပန်ပြီး အမိုးအကာတွေ ကို ယူထားလိုက်ပါတယ်။

ဇွန်၁၅ရက်က လှည်းကူးမြို့နယ် အပိုင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးရဲ့ မိုင်တိုင် ၃ နဲ့ မိုင်တိုင် ၅ ကြား လမ်းဘေး ဝဲယာမှာရှိတဲ့ ကျူးကျော်နေအိမ်တွေကို ရန်ကုန်တိုင်းအစိုးရက ရှင်းလင်းတဲ့အခါ နေအိမ်အဖျက်ခံလိုက်ရတဲ့ ဒေါ်သောင်းက သူတို့ မိသားစုအိမ် ဖျက်ခံလိုက်ရပုံကို ပြန်ပြောပြနေတာ ဖြစ်ပါတယ်။

 Photo – Banyar Kyaw         အစိုးရသတင်းစာမှာ ပါရှိတဲ့ မြေယာအရောင်းကြော်ငြာ 

လှည်းကူးမြို့နယ်ထဲက အစိုးရပိုင် စိုက်ပျိုးမြေဧက ၁,၄ဝဝ ကျော်ပေါ်က ကျူးကျော်တဲအိမ် ၅,ဝဝဝ ကျော်ကို ရန်ကုန်တိုင်း အစိုးရက ဇွန် ၁၂ ရက်က စပြီး ရှင်းလင်းဖယ်ရှားခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးထဲက ကျူးကျော်သူဦးရေ လေးသိန်းသုံးသောင်းကျော်ကို စိစစ်ပြီး အမှန်တကယ်ဒုက္ခရောက်နေသူတွေကို တိုင်းအစိုးရရန်ပုံငွေနဲ့ ပြန်လည်နေရာချထားပေးမယ်လို့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ၂ဝ၁၆ မေမှာ ပြောပြီး တစ်နှစ်ကျော်မှာ ကျူးကျော်တွေကို နေရာချထားပေးခြင်း မလုပ်နိုင်သေးဘဲ အခုလို ကျူးကျော်အိမ်တွေကို ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။

ကျူးကျော်ရှင်းလင်းရေးမှာ ပြန်ကြားရေးတာဝန်ယူထားတဲ့ ရန်ကုန်တိုင်းဒေသကြီး၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးယုခိုင်က”လက်ရှိ ဒီနေရာကိုတော့ ပြန် မပေးဘူး။ သူတို့က အခြားကျူးတွေနဲ့ မတူဘူး။ စီးပွားရေးကျူးမို့ လို့ ပြန်မပေးဘူး”လို့ ဆိုပါတယ်။

စီးပွားရေးကျူးကျော်လို့ဆိုရခြင်းက ကိုယ်ပိုင်ပစ္စည်းမဟုတ်ဘဲ တစ်ဦးတစ်ယောက်က ငွေကြေးနဲ့ ရောင်းစားကြတာကြောင့်လို့ ဆိုပါတယ်။

Photo – Kyaw Zay Yar Htun                                 အောင်သုခကျေးရွာလို့ အမည်ပေးထားတဲ့ ကျူးကျော်အိမ်ရာများ

လူနေအိမ်တွေ ဘယ်တုန်းကရောက်

အဲဒီနေရာကို လူနေအိမ်တွေ စတင်ရောက်လာခဲ့တာဟာ ၂ဝ၁၄ နှစ်လယ်ပိုင်းလောက်က ဖြစ်တယ်လို့ ကျောက်အိုင်ကျေးရွာနဲ့ စခန်းကြီး ကျေးရွာက ဒေသခံတွေက ဆိုပါတယ်။

ကျူးကျော်အိမ်တွေရှိနေခဲ့တာဟာ လှည်းကူးမြို့နယ်၊ သာယာကုန်းကျေးရွာအုပ်စု၊ ကျောက်အိုင်ကျေးရွာနဲ့ စခန်းကြီးကျေးရွာနယ်နိမိတ်အတွင်းမှာ ရှိနေတာပါ။ ၂ဝ၁၄တုန်းက မြေယာတွေကို စတင်ရောင်းချခဲ့သူတွေဟာ တိုင်းရင်းသားလက်နက်ကိုင်ငြိမ်းချမ်းရေးအဖွဲ့ကလို့ ဆိုသူတွေက ဦးဆောင်ပြီး စတင် ကျူးကျော်ရောင်းချခဲ့တာ ဖြစ်တယ်လို့ သာယာကုန်းကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးဦးလှအေးက ဆိုပါတယ်။

အဲဒီအချိန်တုန်းက ကျူးကျော်တွေဟာ ဦးလှအေးနေတဲ့ ကျောက်အိုင်ကျေးရွာအပိုင်ထဲကို မရောက်သေးဘဲစခန်းကြီး ကျေးရွာအပိုင်ထဲမှာပဲ ရှိခဲ့တာပါ။ ဒါကြောင့် စခန်းကြီးကျေးရွာအုပ်ချုပ်ရေးမှူးဦးအောင်ကိုက ကျူးကျော်တွေ စတင်အကွက် ရိုက်ပြီဆိုကတည်းက လှည်းကူးမြို့အုပ်ချုပ်ရေးမှူးကို အကြောင်းကြားခဲ့ပါတယ်။

မြို့နယ်အုပ်ချုပ်ရေးမှူးကလည်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနကို အကြောင်းကြားပြီး ကျူးကျော်သူတွေဆီ တားမြစ်သတိပေးစာတွေ အကြိမ်ကြိမ်ပို့ခဲ့သလို လူကိုယ်တိုင်လည်း သွားရောက်တွေ့ဆုံကာ တားမြစ်ခဲ့ပေမယ့် ”သွားပြောလည်း မထွက်ဘူး”လို့ ဦးအောင်ကိုက ရှင်းပြပါတယ်။

အစိုးရပိုင်စိုက်ပျိုး မြေယာဖြစ်ကြောင်းနဲ့ မကျူးကျော်ကြဖို့ သတိပေးစာတွေကို ကျူးကျော်အိမ်တွေမှာ လိုက်ကပ်ခဲ့ပေမယ့် မြေရောင်းသူတွေက နောက်ကနေ လိုက်ခွာတာတွေရှိသလို အသိပေးဆိုင်းဘုတ်နဲ့ ကျောက်စာတိုင် အမှတ်အသားတွေကို ဖျက်ဆီးပစ်တာမျိုးလည်း ရှိတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ဆိုပါတယ်။

စခန်းကြးီကျေးရွာ န့ ဲကျောက်အိုင်ကျေးရွာက အုပ်ချုပ်ရေးမှူးတွေကတော့ သူတို့ရွာထဲက ရွာသူရွာသားတွေကို မြေယာတွေ သွားရောက်မဝယ်ဖို့ သတိ ပေးထားကြပါတယ်။ ဒါပေမဲ့ ရောင်းသူ၊ ဝယ်သူများပြီး နေထိုင်သူတွေလည်း ရှိလာတာကြောင့် ကျောက်အိုင်ကျေးရွာက ဦးချစ်စိုးဟာ သူ့အမျိုးတွေအတွက်ပေ ၄ဝ x ပေ ၆ဝ အကျယ်ရှိတဲ့ ငွေကျပ် ၁၂ သိန်းတန်မြေကွက် ခြောက်ကွက်ကို ဝယ်ခဲ့ပါတယ်။

Photo – Kyaw Zay Yar Htun                            ဖျက်ဆီးခံလိုက်ရတဲ့ တဲအိမ်က ဝါးတိုင်တွေကို သယ်ယူနေတဲ့ အမျိုးသမီးငယ်တစ်ဦး

”ရောင်းသူကလည်း ကရင်၊ ဝယ်တဲ့သူတွေကလည်း ကရင်တွေ များတော့ ငါတို့အတူတူစုနေကြမယ်ဆိုပြီး ဝယ်လိုက်တာ”လို့ ကရင်တိုင်းရင်းသား အသက် ၃၉ နှစ်အရွယ် ဦးချစ်စိုးက ဆိုပါတယ်။

မြေယာရောင်းချသူတွေဟာ ရုံးခန်းတွေ ဖွင့်၊ သူတို့လက်နက်ကိုင် အဖွဲ့အစည်းရဲ့ ခေါင်းဆောင်ဓာတ်ပုံကြီးကိုလည်း ရုံးခန်းရှေ့မှာချိတ်ဆွဲပြီး မရှိဆင်းရဲသားတွေအတွက် အစိုးရထံ မြေယာလျှောက်ထားပြီး ရောင်းချပေးတာလို့ ဆိုတာကြောင့်လည်း ဝယ်ဖြစ်ခဲ့တာလို့ သူက ရှင်းပြပါတယ်။

ဘယ်လက်နက်ကိုင်ခေါင်းဆောင်ရဲ့ ဓာတ်ပုံလဲလို့ မေးကြည့်တဲ့အခါ ခေါင်းဆောင်ရဲ့ နာမည်ကိုတော့ အသေအချာမသိဘူးလို့ ဦးချစ်စိုးက ဆိုပါတယ်။

အဲဒီမြေကွက်တွေကို ဝယ်တဲ့အခါ သန်းခေါင်စာရင်း၊ မှတ်ပုံတင်နဲ့ ပတ်ပို့စ် ဓာတ်ပုံတွေကိုပေးရပြီး ပိုက်ဆံချေပြီးပါက ‘ဆင်းရဲနွမ်းပါးမှုပပျောက်ရေး၊ အိုးအိမ်မြေနေရာချထားရေး ကော်မတီ’ဆိုတဲ့ ခေါင်းစဉ်ပါ ဘောက်ချာစာရွက်တစ်ခုကို ထုတ်ပေးတယ်လို့ သူက ဆိုပါတယ်။

ဒါပေမဲ့လည်းဦးချစ်စိုးတို့ မြေ ကွက်တွေ ဝယ်ယူပြီး ခြောက်လအကြာ ၂ဝ၁၅ ဒီဇင်ဘာမှာ အစိုးရကနေ ဘူဒိုဇာနဲ့ လာရောက်ဖျက်ဆီးခဲ့ပါတယ်။

သူ့ရဲ့ အိမ်နဲ့ခြံ ပျက်စီးသွားတာရတာကြောင့် မြေရောင်းသူတွေကို ဆက်သွယ်စုံစမ်းတဲ့အခါ ဖုန်းဆက်မရသလို လူကိုလည်း ရှာမတွေ့တော့ပါဘူး။

”ခေါင်းဆောင်တွေက အလကား လူတွေ။ ရှာလို့ မရတော့တဲ့လူတွေ”လို့ မြေကွက်ရောင်းခဲ့တဲ့သူတွေကို ရည်ညွှန်းပြီး သူက ပြောပါတယ်။

”နောက်ပိုင်းမှာ မြေကွက် အစားပြန်ပေးမယ်၊ နှစ်သိန်း ထပ်ပေးရမယ်ဆိုပြီး ထပ်လာသေးတယ်။ မယုံတော့ဘူး။ ပေးတဲ့သူတွေ ထပ်ပြီး ခံလိုက်ရတယ်”လို့ ဦးချစ်စိုးက ဆက်ပြောပါတယ်။

ဒီလိုခံလိုက်ရတဲ့အတွက်ကြောင့် ဒုတိယအကြိမ်မြေအရောင်းအဝယ်တွေ ပြန်လုပ်လာကြတဲ့အခါ မြေဝယ်လာကြတဲ့သူတချို့က အဲဒီမြေနေရာတွေကို ဝယ်သင့်၊ မဝယ်သင့် ဒေသခံဖြစ်တဲ့ ဦးချစ်စိုးထံ လာရောက်အကြံဉာဏ်တောင်းတဲ့ အခါမှာ မဝယ်ဖို့ သူက တားမြစ်ခဲ့ပါတယ်။

Photo – Kyaw Zay Yar Htun                                  ကျောက်အိုင်ကွက်သစ်လို့ခေါ်တဲ့ နေရာက ကျူးကျော်တွေကို ရှင်းလင်းစဉ် လုံခြုံရေးယူပေးတဲ့ ရဲတပ်ဖွဲ့

ဒုတိယအကြိမ် ကျူးကျော်ခြင်း

၂ဝ၁၆ နှစ်ဆန်းပိုင်းမှာ ဒုတိယအကြိမ် ပြန်ကျူးကျော်တဲ့သူဟာ ပထမအကြိမ်ကျူးကျော်စဉ်တုန်းက မြေကွက်ရောင်းသူတစ်ဦးဖြစ်ပြီး အဲဒီအချိန်မှာတော့ နောက်ထပ်မြေရောင်းတဲ့ အဖွဲ့တွေပါ ထပ်ပေါ်လာတာဖြစ်တယ်လို့ ကျောက်အိုင်ကျေးရွာ အုပ်ချုပ်ရေးမှူးဦးလှအေးက ဆိုပါတယ်။

”မောင်နိုင်က နာမည်အကြီးဆုံးပေါ့။ သူတို့အဖွဲ့က ပထမ ကျူးရှင်းတုန်းက ကျန်ခဲ့တဲ့ကောင်။ နောက်ပိုင်း ပေါက်စလေးတွေ ပေါ်လာတာကနေ နောက်ဆုံးဆရာကြီးတွေ ဖြစ်သွားတာ”လို့ သူကပြောပါတယ်။

မောင်နိုင်ဟာ ၂ဝ၁၄ ပထမအကြိမ် ကျူးကျော်တဲ့အချိန်တုန်းက မြေယာရောင်းချသူထဲက တစ်ဦးဖြစ်သလို အခု ဒုတိယအကြိမ်ကျူးကျော်ဖို့ကိုလည်း သူကပဲ စတင်ခဲ့တာလို့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ဆိုကြပါတယ်။

ဒုတိယအကြိမ် ဒီလိုထပ်မံ ကျူးကျော်လာတဲ့ မြေရောင်းချသူတွေဟာ လယ်ထွန်စက်၊ ဘူဒိုဇာတွေနဲ့ မြေညှိခြင်း၊ ခြံခတ်ခြင်းတွေကို ပေါ်ပေါ်တင်တင် လုပ်ဆောင်လာကြပါတယ်။

ဒါကြောင့် စခန်းကြီးကျေးရွာက အုပ်ချုပ်ရေးမှူး ဦးအောင်ကိုက ကျူးကျော်သူတွေကို မကျူးကျော်ဖို့ အသိပေးစာ သုံးကြိမ်ပေးပို့ခဲ့သလို မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ကိုလည်း သုံးကြိမ် အသိပေး အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။

ဦးယုခိုင်ကလည်း ၂ဝ၁၆ သြဂုတ်နဲ့ ၂ဝ၁၇ မတ်မှာ ကျူးကျော်သူတွေကို မကျူးကျော်ဖို့ သတိပေးခဲ့ပေမယ့် သြင်္ကန်ပြီးနောက်ပိုင်းမှာ ကျူးကျော်သူ ပိုများလာတယ်လို့ ဆိုပါတယ်။

ပထမတားမြစ်သတိပေးစဉ်က ကျူးကျော်နှစ်ထောင်ဝန်းကျင်အထိသာ ရှိနေပေမယ့် သြင်္ကန်ပြီးနောက်ပိုင်းမှာ နောက်ထပ် နှစ်ထောင်ကျော် ထပ်တိုးလာတယ်လို့ သူက ဆက်ပြောပါတယ်။

Photo – Kyaw Zay Yar Htun                                                 ကျူးကျော်တဲတွေကို လူအင်အားနဲ့ ဖျက်ဆီးနေကြစဉ်

လှည်းကူးမြို့နယ်အုပ်ချုပ်ရေးမှူး နဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေအနေနဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရထံ အသိပေး အကြောင်းကြားမှုတွေလုပ်ခဲ့ပေမယ့် ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ ဘာမှမလုပ်ခဲ့တဲ့အတွက် ဒီအတိုင်း ကြည့်နေခဲ့ရတယ် လို့ ဆိုပါတယ်။

”ငါတို့အသက်လည်း ဘယ်သူမှ တာဝန်ယူတာမရှိဘူးဆို တော့ မသွားဘူး။ လှည့်လည်းမကြည့်ဘူး။ လုပ်ချင်တာ လုပ်ဆိုပြီး ပစ်ထားလိုက်တာ”လို့ သာယာကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးလှအေးက ဆိုပါတယ်။

ဒါကြောင့်လည်း ကျူးကျောမြေတွေကို ဝယ်ရောင်း လုပ်ကိုင်မှုတွေ များပြီး မြေတစ်ကွက်ကို ကျပ်ငွေ သောင်းဂဏန်းကနေ သိန်း ၃ဝ အထိရှိလာခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

နိုင်ငံပိုင် သတင်းစာမှာပါ ကျူးကျော် မြေကွက်ကြော်ငြ ာ

ကျောက်အိုင်ကျေးရွာတိုးချဲ့လို့ခေါ်တဲ့နေရာက နေအိမ် ဖျက်ခံလိုက်ရသူ အသက် ၅၈ နှစ်အရွယ် ဦးတင်လှိုင်က ”သတင်းစာတွေထဲမှာပါတော့ ခိုင်လုံတယ်ဆိုပြီး ဝယ်လိုက်တာ။ ဘယ်သူမှလည်းမကန့်ကွက်ကြဘူး။ အခုကျမှဆိုတော့ အားလုံးခံလိုက်ရတာပေါ့”လို့ ဆိုပါတယ်။

ဦးတင်လှိုင်ဟာ တပ်မတော်အငြိမ်းစားတစ်ဦးဖြစ်ပြီး အိမ်ငှားဘဝနဲ့နေရာက ဈေးနှုန်းသက်သာတဲ့မြေကွက်တွေ ရောင်းမယ့်အကြောင်း ကြေးမုံသတင်းစာမှာ ဖတ်မိရာက အခုမြေကွက်ကို ဝယ်ဖြစ် ခဲ့တာပါ။

အခုနှစ် မတ် ၃ ရက်ထုတ် ကြေးမုံသတင်းစာရဲ့ ကြော်ငြာ စာမျက်နှာမှာ ”လှည်းကူးမြေကွက်များ ရောင်းမည် (၄ဝx၆ဝ) (၁)ကွက် ၁ဝသိန်း (ညှိနှိုင်းဈေး)”လို့ ဆိုကာ ဖုန်းနံပါတ်နဲ့တကွ ဖော်ပြထားပါတယ်။

မြေရောင်းသူတွေကလည်း ဒီမြေနေရာတွေဟာ အစိုးရ သတင်းစာတွေမှာ တရားဝင် ကြော်ငြာထည့်ပြီးရောင်းတာဖြစ်သလို ပိုက်ဆံပေးဝယ်ရတာကြောင့် ကျူးကျော်မဟုတ်ကြောင်း၊ နောက်ပိုင်းမှာ အစိုးရထံ တင်ပြပြီး တရားဝင် ပိုင်ဆိုင်ခွင့်ရဖို့ လုပ်ပေးသွားမှာဖြစ်ကြောင်း ပြောတာကြောင့် ယုံယုံကြည်ကြည်နဲ့ ဝယ်ခဲ့တာ ဖြစ်တယ်လို့ ဦးတင်လှိုင်က ဆိုပါတယ်။

Photo – Kyaw Zay Yar Htun                                             စိမ်းလန်းစိုပြည်မြေနေရာက အိမ်ရှင်မတွေ့ရတဲ့ ကျူးကျော်နေအိမ်တစ်လုံးကို ဖြိုဖျက်နေစဉ်

သူဟာ ပေ ၄ဝ x ပေ ၆ဝ မြေကွက်ဝယ်ဖို့ သန်းခေါင်စာရင်းမိတ္တူ၊ မှတ်ပုံတင်မိတ္တူနဲ့ ဓာတ်ပုံသုံးပုံပေးကာ ကျပ် ၁၅သိန်းနဲ့ ဝယ်ယူခဲ့ရတာပါ။

မြေရောင်းသူတွေက ရုံးခန်းတွေဖွင့်ပြီး ပေါ်ပေါ်တင်တင် ရောင်းဝယ်ခဲ့တုန်းက ဘာမှအရေးယူ ဆောင်ရွက်တာမျိုးမရှိဘဲ လူနေအိမ်တွေ ထောင်ချီပြီး ရှိလာတဲ့အခါမှ အခုလို ဖျက်ဆီးခံလိုက်ရတဲ့အပေါ် ဦးတင်လှိုင်က အခုလို ညည်းတွားပါတယ်။

”စက်ယ္တနရားတွေနဲ့ ထိုးပြီးရောင်းတာလေ။ ကုန်းကြီးတွေကို ဖော်ပြီးရောင်းတော့ ဦးကြီးတို့ကလည်း ကင်းကင်းရှင်းရှင်းထင်လို့ ဝယ်လိုက်တာပေါ့။ အစတည်းက စိုက်ပျိုးရေးတို့၊ အုပ်ချုပ်ရေးမှူးတို့က ခင်ဗျားတို့ဝယ်ပိုင်ခွင့် မရှိဘူးဆိုပြီး ပြောရင် ဘယ်သူဝယ်မလဲကွာ”

လက်ရှိမှာ နေအိမ်အဖျက်ခံလိုက်ရတဲ့သူတချို့ဟာ မြေရောင်းတဲ့သူတွေကိုလိမ်လည်မှုနဲ့ တရားစွဲပေးဖို့ လှည်းကူးမြို့နယ်ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ ကျူးကျော်ရှင်းလင်းရေးမှာ ပြန်ကြားရေးတာဝန်လည်း ယူထားတဲ့ ဦးယုခိုင်က ဆိုပါတယ်။

မြေကွက်လိမ်လည်ရောင်းချသူတွေကို အရေးမယူဘူးလားလို့ မေးကြည့်တဲ့အခါ ဦးယုခိုင်ဟာ ”သူတို့ကိုယ်တိုင်(မြေဝယ်သူ)တိုင်ကြားမယ်ဆိုရင် ကိုယ်တို့ဌာနဆိုင်ရာတွေက ဒီကိစ္စကို တရားတဲ့ဘက်ကပဲ လိုက်မှာပဲလေ”လို့ ဆိုပါတယ်။

သာယာကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးလှအေးက နောက်ဆုံးမှာ နစ်နာခဲ့သူတွေဟာ အောက်ခြေက မရှိဆင်းရဲသားတွေသာ ဖြစ်တဲ့အကြောင်းကို အခုလိုမှတ်ချက်ပေးပါတယ်။

”တောင်ပို့သေးသေးကို လက်နဲ့တွန်းဖြိုလိုက်ရင်ရတာကို တောင်ပို့ကြီး ခါမှ ပေါက်ပြားတွေ၊ သံတူးရွင်းတွေနဲ့ လုပ်နေရင် အဆင်မပြေဘူး။ နောက်ပိတ်ဆုံး နစ်နာတာက မရှိဆင်းရဲသားတွေပဲ”

ကျောက်အိုင်တိုးချဲ့ရပ်ကွက်ဆိုတဲ့ မြေနေရာမှာ နေအိမ်ဖျက်ဆီးခံလိုက်ရတဲ့ ဦးတင်ရွှေက ကျူးကျော်တွေကို ဖျက်မယ်ဆိုတဲ့ သတိပေးစာ ကြိုတင်သိခဲ့ရမယ် ဆိုပါက မြေရောင်းချတဲ့သူတွေကို ကြိုးတုပ် ဖမ်းပေးထားပြီး ပိုက်ဆံပြန်တောင်းမှာပေါ့လို့ ဆိုပါတယ်။ သူဟာ ဆိုက်ကားနင်းသူတစ်ယောက်ဖြစ်ပြီး သင်္ဃန်းကျွန်းမြို့နယ်ကနေ ပြောင်းလာတာပါ။

Photo- Banyar Kyaw                                             အောင်သုခကျေးရွာရှိ နေအိမ်ဖျက်ခံရတဲ့ မိသားစု

အခုတော့ ဘာမှ အသိပေးကြေညာတာ မရှိဘဲ ”ဒီနေ့ဝင် ဒီနေ့ဖျက်သွားတာ။ ဒီနေရာတွေကို စစ်ဆေးရေးဝင်မယ် ဆိုပြီး ရောင်းတဲ့ကောင်တွေက ပြောသွားတယ်။ ကိုယ့်အိမ်ကိုယ် ရှိပါ။ အိမ်ဆောက်ပါ ဆိုတော့ ငါတို့က ယုံယုံကြည်ကြည်နဲ့ ဆောက်လိုက်တာလေ”လို့ သူက ဆိုပါတယ်။

မြေယာရောင်းချတဲ့သူတွေက ကျူးကျော်ထားတဲ့မြေပေါ်က တဲအိမ်တွေကို ရှင်းလင်းမယ်၊ ဒီနေရာတွေဟာ ကျူးကျော်နေရာတွေဖြစ်တယ်ဆိုတဲ့ သတင်းစကားတွေနဲ့ပတ်သက်လို့ ဒီသတင်းစကားတွေဟာ ဘေးပြော စကားတွေ ဖြစ်ပြီး မယုံကြဖို့ မြေဝယ်သူတွေကို မကြာခဏအစည်းအဝေးခေါ် ပြီး ပြောလေ့ရှိတယ်လို့ တဲအိမ်ဖျက်ခံရတဲ့သူတွေက ဆိုပါတယ်။

ပြင်ဆင်မှု မရှိတဲ့ အစိုးရ

အစိုးရအနေနဲ့ ကျူးကျော်တဲတွေကို တစ်တဲကျူး တစ်တဲဖျက်ဖို့ ညွှန်ကြားထားပေမယ့် ကျူးကျော်တဲ့သူက အင်အားများပြီး အုပ်ချုပ်ရေးပိုင်းက အင်အားနည်းတာကြောင့် ထိထိရောက်ရောက် မလုပ်နိုင်ဘူးလို့ ဦးယုခိုင်က ဆိုပါတယ်။

မြို့ပြအိမ်ရာဖွံ့ဖြိုးတိုးတတ်ရေးဌာနရဲ့ဖွဲ့စည်းပုံအရ မြို့နယ်တိုင်းမှာ ဝန်ထမ်းတွေ ခန့်ထားရမှာဖြစ်ပေမယ့် ရုံးချုပ်နဲ့ ရန်ကုန်တိုင်းရုံးမှာသာ ခန့်အပ်ထားနိုင်တယ်လို့ သူက ရှင်းပြပါတယ်။

”ဒါကြောင့်မို့ ကိုယ်တို့လည်း မျက်စိဒေါက်ထောက် မကြည့်နိုင်ဘူး”လို့ သူက ဆင်ခြေပေးပါတယ်။

Photo –  Kyaw Zay Yar Htun                            ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးဘေးမှာ စိုက်ထူထားတဲ့ ဆိုင်းဘုတ်အသစ်

ဒါကြောင့်လည်း ဒေသခံအုပ်ချုပ်ရေးမှူးတွေဆီက သတင်းပေးပို့လာမှသာ ကျူးကျော်သူတွေ ရှိ၊ မရှိဆိုတာကို သိရှိရတယ်လို့ ဦးယုခိုင်က ရှင်းပြပါတယ်။

အခုရှင်းလင်းမှုမှာ ကျူးကျော်တဲအိမ် ငါးထောင်ကျော်ကို စက်ယ္တနရားကြီးများ အသုံးမပြုဘဲ လူအင်အား နှစ်ထောင်ခန့်နဲ့ ရှင်းလင်းခဲ့တာဖြစ်တယ်လို့ ဆို ပါတယ်။

ကျူးကျော်တဲတွေကို ဖျက်ဖို့ လူတစ်ယောက်ကို တစ်ရက် ကျပ် ၁၅,ဝဝဝနဲ့ ငှားရမ်းရတာဖြစ်လို့ လူအင်အား ၂,ဝဝဝနဲ့ ထွက်မယ်ဆိုရင် တစ်ရက် ကုန်ကျစရိတ်က ကျပ်သိန်း ၃ဝဝ ကုန်ကျမှာ ဖြစ်ပါတယ်။ ကျူးကျော်တဲအိမ်တွေကို စုစုပေါင်း ကိုးရက်ကြာခန့် ဖျက်ခဲ့တာကြောင့် ကျူးကျော်တဲဖျက်ဖို့ လူငှားရမ်းခဲ့ရတဲ့ ကုန်ကျစရိတ်ဟာ ကျပ်သိန်း ၂,၇ဝဝ ဝန်းကျင် ဖြစ်ပါတယ်။

ရန်ကုန်မြို့မှာ ကျူးကျော်နဲ့ပတ်သက်ပြီး လေ့လာမှုတွေ၊ ပြန်လည် နေရာချထားရေးတွေ လုပ်ဆောင်ပေးနေတဲ့ ကျူးကျော်နဲ့ အိမ်ရာချထားရေး၊ ကူညီပေးရေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ပျိုမေ့အိမ် လူမှုဖွံဖြိုးတိုးတက်ရေးအသင်း (အင်းစိန်) မှဒါရိုက်တာ ဒေါ်ဗန်လီဇာအောင်က ရန်ကုန်တိုင်းအစိုးရရဲ့ လူအင်အားသုံးပြီး ဖယ်ရှားတာဟာ လက်တွေ့ကျတဲ့ နည်းလမ်းမဟုတ်ဘူးလို့ ထောက်ပြပါတယ်။

Photo – Kyaw Zay Yar Htun                      ၂၀၁၄ က မြေကွက်ဝယ်ယူစဉ် ရရှိခဲ့တဲ့ ဦးစိုးချစ်ဆီက စလစ်များ

အစိုးရအနေနဲ့ ကျူးကျော်မိသားစုတွေကို တွေ့ဆုံဆွေးနွေးပြီး ဘာကြောင့် ရှင်းလင်းတယ်၊ ဘယ်စီမံကိန်းမြေနေရာ ဖြစ်တယ်၊ ဘယ်တော့ရှင်းလင်းမယ် စသဖြင့် သတင်းအချက်အလက်တွေကို ကြိုတင်အသိပေးသင့်တယ်လို့ ဆိုပါတယ်။

”အခုကျတော့ ဘာမှကိုမလုပ်ပေးဘဲ ချက်ချင်းဖျက်ဆီးလိုက်တာ တော်တော်ဒုက္ခရောက်ကျတယ်။ လူတစ်ယောက်က ချက်ချင်းအိမ်ငှားနေဖို့ ဆိုတာ မဖြစ်နိုင်ဘူး”

တချို့မြေဝယ်ယူထားသူတွေဟာ ဘယ်မှသွားစရာမရှိတဲ့သူတွေဖြစ်တာကြောင့် အစိုးရအနေနဲ့ မြေနေရာတစ်နေရာ ပြန်ပေးသင့်တယ်လို့ ဒေါ်ဗန်လီဇာအောင်က ဆိုပါတယ်။

နေအိမ်ဖျက်ဆီးခံလိုက်ရတဲ့ ကျူးကျော်တွေနဲ့ပတ်သက်လို့ ဘယ်လိုစီစဉ်ပေးမှုတွေရှိလဲဆိုတာကို စခန်းကြီးကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ကိုကိုမေးကြည့်တဲ့အခါ စာရင်းကောက်ထားတဲ့ ၂ဝ၁၆ မေ ၂၅ရက် မတိုင်ခင်က ကျူးကျော်တွေကို စမတ်ကတ် ထုတ်ပေးခွင့်ရှိတယ်လို့ လှည်းကူးမြို့နယ် အုပ်ချုပ်ရေးမှူးက ညွှန်ကြားထားတဲ့အကြောင်း ပြန်ဖြေပါတယ်။

၂ဝ၁၆ မေလထဲမှာ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကလည်း မေ ၂၅ ရက်နောက်ပိုင်း ထပ်မံကျူးကျော်တဲ့သူတွေကို သူ့ရဲ့ကျူးကျော်ပြန်လည်နေရာချထားရေးအစီအစဉ်မှာ အကျူံးမဝင်ဘူးလို့ ပြောကြားခဲ့တာ ရှိပါတယ်။

ဒါကြောင့်လည်း လှည်းကူးမြို့နယ်ထဲက တဲအိမ်ဖျက်ခံရတဲ့ ကျူးကျော်တွေရော၊ တဲအိမ်အဖျက်မခံရတဲ့ ကျူးကျော်တွေကိုပါ စမတ်ကတ်ထုတ်ပေးနေတယ်လို့ ဦးအောင်ကိုက ဆိုပါတယ်။

Photo – Banyar Kyaw           ကျူးကျော်လို့ ဆိုတဲ့သူတွေထံက မြေပိုင်ဆိုင်ကြောင်း အထောက်အထား စာရွက်

နေအိမ်အဖျက်ခံရလို့ နေပြည်တော်အထိ လမ်းလျှောက်ဆန္ဒပြခဲ့တဲ့ ကံ့ကော်ကျွန်းကျေးရွာမှ ဒေါ်ခင်မမကတော့ အစိုးရက စမက်ကတ်တွေ ထုတ်ပေးထားပေမယ့် ”ဘယ်မှာနေရမယ်၊ ဘယ်ရက်နေရမယ်ဆိုတာတော့ အခုထိ မသိရသေးဘူး”လို့ ဆိုပါတယ်။

အခုတော့ ဘုန်းကြီးကျောင်းမှာ နေနေရပြီး အလှူရှင်တွေပေးတဲ့ ခေါက်ဆွဲခြောက်၊ ဆန်နဲ့ ဆီတို့ကိုပဲ စားသောက်နေရတယ်လို့ ဆိုပါတယ်။

ကံကော်ကျွန်းကျေးရွာဖြစ်မြောက်ရေးကို ဦးဆောင်တဲ့ မြေယာရောင်းချသူ ဦးမောင်နိုင်ကလည်း စမတ်ကတ် ထုတ်ပေးထားတာကြောင့် မျှော်လင့်ချက်ရောင်ခြည် သန်းလာပေမယ့် ဘာတွေလုပ်ပေးမယ်ဆိုတဲ့ အစီအစဉ်တွေ မပါတာကြောင့် ”ဒါ(ဘာလုပ်ပေးမယ်ဆိုတာ)လေးတွေကိုတော့ သိချင်တာပေါ့”လို့ ဆိုပါတယ်။

အခု စမတ်ကတ် ရရှိတဲ့သူတွေထဲမှာ ၂ဝ၁၄၊ ၂ဝ၁၅ တုန်းက သူ အကောင်အထည်ဖော်ခဲ့တဲ့ ကံ့ကော်ကျွန်းက လူတွေ ရရှိခဲ့ပေမယ့် ၂ဝ၁၆ ထဲမှာ ရောက်လာတဲ့သူတွေတော့ မရဘူးလို့ သူကဆိုပါတယ်။ ဦးတင်ရွှေ၊ ဦးတင်လှိုင်နဲ့ ဒေါ်သောင်းတို့ဟာ ၂ဝ၁၇ နှစ်ဆန်းပိုင်းမှ အဲဒီနေရာကို ရောက်လာသူတွေဖြစ်တာကြောင့် စမတ်ကတ်ရတဲ့သူတွေထဲမှာ မပါသေးဘူးလို့ ဦးတင်ရွှေက ဆိုပါတယ်။

လူမရှိတဲ့ ကျူးကျော်တဲများ

သာယာကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးလှအေးဟာ ကျူးကျော်မြေယာရောင်းချသူတွေနဲ့ ခပ်ကင်းကင်းပဲ နေခဲ့တယ်ဆိုပေမယ့် ကျူးကျော်တဲတွေဘက်ကို တစ်လတစ်ကြိမ် လောက်တော့ သွားကြည့်ဖြစ်ခဲ့တယ်။ ကျူးကျော်မြေ လာဝယ်ယူသူတွေကို သူလေ့လာကြည့်တဲ့အခါမှာ ၅ဝ ရာခိုင်နှုန်းဟာ ချမ်းသာသူတွေဖြစ်ပြီး မရှိဆင်းရဲသားက ၃ဝ ရာခိုင်နှုန်း၊ စားနိုင်သောက်နိုင်တဲ့သူက ၂ဝ ရာခိုင်နှုန်းရှိတယ်လို့ ဆိုပါတယ်။

ဒါကြောင့်လည်း ဇွန် ၁၂ရက်က ကျူးကျော်တဲတွေကို အစိုးရက စတင်ဖျက်ဆီးခဲ့တဲ့အခါ တဲအိမ် ၁ဝဝ ကျော်မှာ လူမရှိတဲ့တဲအိမ်တွေက အများစုဖြစ်ပါတယ်။ ခြံခတ်၊ ဓနိမိုး၊ ဝါးထရံကာထားတဲ့ တဲအိမ်တွေကို လူမနေဘဲ ဒီအတိုင်း တည်ဆောက်ထားကြတာပါ။

ဒါနဲ့ပတ်သက်လို့ ကျူးကျော်တဲတွေကိုရှင်းလင်းခဲ့တဲ့ ဦးယုခိုင်က အခုလို ဆိုပါတယ်။

”ပထမဆုံး စရှင်းတဲ့နေ့က တဲအိမ်နှစ်ရာကျော်ပေါ့။ အဲဒီ နှစ်ရာကျော်မှာ တကယ်တမ်း(လူ)ရှိတာက ရှစ်လုံး၊ ကိုးလုံးလောက်ပဲ ရှိတယ်”

ဒီအတိုင်းပါပဲ။ ဒုတိယနေ့ တဲအိမ် ၆ဝဝ ခန့်ကို ရှင်းလင်းတဲ့ အခါမှာ တဲအိမ် ၂ဝ လောက်သာ လူနေတာ တွေ့ရတယ်လို့ သူက ဆိုပါတယ်။

စိမ်းလန်းစိုပြည်ဥယျာဉ် ၂ လို့ အမည် ပေးထားတ့ဲနေရာမှာ ပေ ၄ဝ x ပေ ၆ဝ ခြံတစ်ကွက်ဝယ်ထားတဲ့ လှိုင်သာယာမြို့နယ်က ဦးချစ်စမ်းမောင်ဆိုရင် ကျူးကျော်တဲတွေကို ဖျက်ဆီးတဲ့ ဒုတိယမြောက်နေ့မှာတဲအိမ်ဆောက်ဖို့ ရောက်လာခဲ့တာပါ။ မြေရောင်းထားသူက ဝယ်ထားတဲ့မြေကို ခြံခတ်ဖို့၊ အပင်စိုက်ဖို့နဲ့ အိမ်ဆောက်ဖို့ မကြာခဏ တိုက်တွန်းသလို အိမ်လာမဆောက်ပါက တစ်ပတ်ကို ကျပ်တစ်သိန်းစီ ဒဏ်ရိုက်မယ်လို့ ဆိုတာကြောင့် အိမ်ဆောက်ဖို့ ရောက်လာတာလို့ ဆိုပါတယ်။

”အိမ်လာမဆောက်ဘူးဆိုရင် အိမ်ဆောက်ပြီးနေနိုင်တဲ့ သူဆီကို ရောင်းပစ်မယ်လို့လည်းပြောသေးတယ်”လို့ ဦးချစ်စမ်းမောင်က ရှင်းပြပါတယ်။

ဒါကြောင့်လည်း ဦးချစ်စမ်းမောင်ဟာ ခြံထဲမှာ အိမ်ဆောက်ဖို့ လက်သမားနှစ်ယောက်နဲ့အတူ လက်သမားပစ္စည်းတွေယူပြီး လှည်းကူးက သူ့ခြံဆီ ရောက်လာခဲ့တာပါ။ သူတို့ ရောက်လာတဲ့အချိန်မှာတော့ တဲအိမ်တွေ အဖျက်ခံနေရတယ် ဆိုတာကို သိလိုက်ရပါတယ်။

”တဲမဆောက်လိုက်ရဘဲ လက်သမားခ ကြားထဲက ကုန်သွားတယ်”

Photo – Kyaw Zay Yar Htun                       အိမ်ဖျက်ခံလိုက်ရတဲ့ မိသားစု

ကျူးကျော်အရေး ဘယ်လိုဖြေရှင်းပေးမလဲ

ပျိုမေ့အိမ်လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းက ကျူးကျော်တွေကို လေ့လာကြည့်တဲ့အခါမှာ ကျူးကျော်သူတွေဟာ ကျေးလက်တောရွာကနေ ပညာရေး၊ ကျန်းမာရေးအဆင်ပြေပြီး ပိုမို ကောင်းမွန်တဲ့လူမှုဘဝနဲ့ အလုပ်အကိုင်ပေါတဲ့ မြို့ကြီးတွေဆီကို ပြောင်းရွှေ့လာကြတာမျိုးလည်းရှိသလို စစ်ဘေး၊ သဘာဝဘေးဒဏ်တွေကြောင့် ပြောင်းရွှေ့လာကြသူတွေလည်း ရှိကြပါတယ်။

ဒီလူတွေဟာ မြို့ပေါ်ကို ပြုံတိုးလာတဲ့အခါမှာ မြို့ရဲ့ လူနေ အိမ်တွေ၊ လမ်းတွေနဲ့ လျှပ်စစ်မီးမလုံလောက်မှုတွေ ဖြစ်လာပါတယ်။ အိမ်ခန်းငှားရမ်းခဈေးနှုန်းတွေကလည်း မြင့်တက်လာတာကြောင့် ငွေကြေး မတတ်နိုင်တဲ့ ဝင်ငွေနည်းတဲ့သူတွေဟာ သူတို့ အလုပ်လုပ်တဲ့နေရာနဲ့ နီးတဲ့ မြေလွတ်မြေလပ်တွေမှာ အုပ်ချုပ်ရေးမှူးတွေနဲ့ နားလည်မှုယူပြီး အခြေချနေထိုင် ကြတယ်လို့ ဒေါ်ဗန်လီဇာအောင်က ဆိုတယ်။

”သူတို့က အိမ်လခတွေပေးစရာ မလိုတော့ဘူး။ ကားခတွေလည်း မကုန်တော့ဘူး။ ဒီလိုနေရင်းနဲ့ အိမ်ရာအစု အဖွဲ့တွေက ပေါ်ပေါက်လာတာ”လို့ သူက ရှင်းပြပါတယ်။

ဒါကြောင့် ဝင်ငွေနည်းတဲ့ ကျူးကျော်သူတွေဟာ နေစရာ၊ စားစရာ၊ အလုပ်အကိုင်၊ ကျန်းမာရေး၊ ပညာရေး စတဲ့ကိစ္စတွေကို သူတို့ဘာသာသူတို့ ဖန်တီးကြရပါတယ်။ ပြီးတော့ သူတို့တွေဟာ ရပ်ကွက်ထဲမှာ နေထိုင်တာမျိုးမဟုတ်ဘဲ တရားမဝင် ခေါင်းစဉ် အောက်က ဖြစ်တာကြောင့် ”တဖြည်းဖြည်းနဲ့ဖယ်ထုတ်ခံထားရတဲ့ လူမှုအဖွဲ့အစည်းရဲ့  သီးခြားတစ်ခုဖြစ်လာတယ်”လို့ ဒေါ်ဗန်လီဇာအောင်က ဆိုပါတယ်။

အဲဒီလို နယ်မြို့တွေကနေ မြို့ပေါ်ပြောင်းရွှေ့လာပြီး ဝင်ငွေ နိမ့်တာကြောင့် အိမ်ခန်းမငှားနိုင်ဘဲ ကျူးကျော်အဖြစ် နေထိုင်နေရတဲ့သူတွေနဲ့ ပတ်သက်လို့ ဘယ်သူ့မှာ တာဝန်ရှိသလဲလို့ ဒေါ်ဗန်လီဇာအောင်ကို မေးကြည့်တဲ့အခါ သူက အခုလို ပြန်ဖြေပါတယ်။

”အစိုးရရဲ့စီမံခန့်ခွဲမှုနဲ့ ဆိုင်တယ်။ ဘယ်သူ့မှာ တာဝန်ရှိသလဲဆိုရင် အစိုးရတာဝန်ပေါ့။ အစိုးရရဲ့ တာဝန်ဖြစ်တဲ့အတွက် ကိုင်တွယ်ဖြေရှင်းပေးရမယ်။ အစိုးရသာလျှင် လုပ်ပိုင်ခွင့်အာဏာရှိတာလေ”

မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးပညာရှင် ဦးမြင့်မိုရ်ဆွေက အစိုးရအနေနဲ့ ကျူးကျော်ပြဿနာကို ဖြေရှင်းမယ်ဆိုပါက လတ်တလော နေစရာမရှိတဲ့သူတွေကို အိမ်ခန်းဖြည့်ဆည်းပေးတာ၊ နှစ်ရှည်အရောင်းစနစ်နဲ့ ဖြေရှင်းတာ၊ အငှားစနစ်နဲ့ အိမ်ရာတွေ ဖြည့်ဆည်းပေးတာစတဲ့ စနစ်တွေနဲ့ လုပ်ပေးသင့်တယ်လို့ ဆိုပါတယ်။

လက်တလော ကျပ်သိန်း ၄ဝဝ၊ ၅ဝဝ နဲ့ရောင်းချပေးနေတဲ့ တန်ဖိုးနည်း အိမ်ရာတွေကို အောက်ခြေလူတန်းစားတွေ လက်လှမ်းမမီတာကြောင့်ကျပ် သိန်း ၁ဝဝ ဝန်းကျင်အထိရောက်အောင် ဈေးနှုန်းလျှော့ချပေးဖို့ လိုတယ်လို့ ဆိုပါတယ်။

ကျပ်သိန်း ၁ဝဝ တိုက်ခန်းအတွက် တစ်လကို ကျပ်ငါးသောင်း သွင်းမယ်ဆိုရင် အနှစ် ၂ဝ ပြည့်တဲ့အခါ ”(တိုက်ခန်းကို)သူတို့ပိုင်မယ်လေ” လို့ ဦးမြင့်မိုရ်ဆွေက ဆိုပါတယ်။

ဒါပေမဲ့ ဒီလိုအခြေအနေဖြစ်လာဖို့ အစိုးရက ရေ၊ မီး စုံလင်တဲ့ အခြေခံ အဆောက်အအုံတွေအတွက် ရင်းနှီး မြှုပ်နှံပေးထားဖို့ လိုအပ်တယ်လို့ သူက ဆက်ပြောပါတယ်။ တစ်ဖက်မှာလည်း ကျူးကျော်တွေကို ဒီလိုလုပ်ပေးလိုက်တဲ့အခါမှာ နောက်ထပ် အခွင့်အရေးလိုချင်တဲ့သူတွေက ထပ်ပြီးတိုးလာနိုင်မယ့် အခြေအနေလည်း ရှိနေတာကြောင့် ဒီ့အတွက်လည်း ကြိုတင်စဉ်းစားထားသင့်တယ်လို့ သူက ဆိုပါတယ်။

ကျူးကျော်တွေအတွက် အိမ်ရာစီမံကိန်းတွေ အကောင်အထည်ဖော်မယ်ဆိုရင် ကျူးကျော်သူတွေကိုယ်တိုင် ပူးပေါင်းပါဝင်နိုင်အောင် ဆောင်ရွက်သင့်တယ်လို့ ဒေါ်ဗန်လီဇာအောင်က ဆိုပါတယ်။ ဒီလိုမှမဟုတ်ဘူးဆိုရင် စီမံကိန်း အကောင်အထည်ဖော်တဲ့အခါမှာ ကျူးကျော်သူတွေ မဆိုထားနဲ့၊ လူလတ်တန်းစားတွေတောင် လက်လှမ်းမမီတဲ့ ဈေးနှုန်းတွေဖြစ်နေရင် ”အိမ်လွတ်၊ အခန်းလွတ်တွေပဲ ဖြစ်မှာလေ။ အဲဒီတော့ ကျူးတွေအတွက် ဘာလုပ်မှာလဲ”လို့ သူက မေးခွန်းထုတ်ပါတယ်။

”ယုဇနဥယျာဉ်မှာ အဆောက်အအုံတွေ ဆောက်တယ်။ နောက်ဆုံး ဘယ်သူတွေပဲ ဝယ်နိုင်လဲဆိုရင် ပိုက်ဆံပိုလျှံတဲ့သူတွေက ဝယ်နိုင်တယ်။ သူတို့ကပဲ ငှားစားထားတာ”လို့ အိမ်ရာ စီမံကိန်းတွေမှာ တကယ်တမ်းလိုအပ်တဲ့ကျူးတွေ၊ တဲထိုးနေရတဲ့သူတွေ မဝယ်နိုင်တဲ့အကြောင်း ဒေါ်ဗန်လီဇာအောင်က ထောက်ပြပါတယ်။

ဒါကြောင့် အစိုးရအနေနဲ့ အိမ်ရာစီမံကိန်းတွေ အကောင်အထည်ဖော်တဲ့အခါမှာ အရစ်ကျဝယ်ယူနေထိုင်နိုင်တဲ့ စနစ်တွေကို ထည့်သွင်းစဉ်းစားပြီး အရင်လမ်းဟောင်းကို မလိုက်သင့်ဘူးလို့ သူက သတိပေးပါတယ်။

လောလောဆယ်မှာတော့ အောက်ခြေလူတန်းစာအတွက် အိမ်ရာစီမံကိန်းဆိုတာတွေ မရှိသေးတာကြောင့် ကျူးကျော်လို့ဆိုတဲ့ ဒေါ်သောင်းတို့ မိသားစုဝင်ခြောက်ဦးကတော့ ဖျက်ခံထားရတဲ့ သူတို့ တဲအိမ်အပျက်ဆီက ပြန်သုံးရမယ့် ပစ္စည်းလေးတွေကို လိုက်လံရှာဖွေ သိမ်းဆည်း နေပါတယ်။ ဒေါ်သောင်းဟာ နောက်ရက်တွေမှာ လမ်းဘေးတဲထိုးနေဖို့ ဆုံးဖြတ်ထားပြီးဖြစ်ပါတယ်။ ဒါပေမဲ့ သူ့စိတ်ထဲ တွေးပူမိတာတစ်ခုကို သူက အခုလိုပြောပါတယ်။

”လမ်းဘေးရောက်သွားတော့ လမ်းဘေးမှာနေတဲ့ အဆင့် ဖြစ်သွားတာပေါ့။ လမ်းဘေးနေနေရတော့ ကလေးတွေအတွက် မကောင်းဘူးလေ။ ဒါကိုကြည့်ပြီး စိတ်ထဲမကောင်းဘူး”

၂၀၁၇-ဇူလိုင်လထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၈)မှ မျက်နှာဖုံးဆောင်းပါး ဖြစ်ပါသည်။

မော်ကွန်းသတင်းအဖွဲ့ ရေးသည်။

 

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."