လျှပ်စစ်ကဏ္ဍ ကျပ်ဘီလီယံ ၁၀၀ မှ ၂၀၀ ကြားရှုံးဦးမည်ဟုပြော

လျှပ်စစ်ကဏ္ဍ ကျပ်ဘီလီယံ ၁၀၀ မှ ၂၀၀ ကြားရှုံးဦးမည်ဟုပြော

ကျော်ဇေယျ
နေပြည်တော်- ၂၀၂၀ ဇွန် ၈ (မော်ကွန်း)

ဘဏ္ဍာနှစ်စတွင် မြတ်မည်ဟု ခန့်မှန်းထားသည့် လျှပ်စစ်ကဏ္ဍသည် နှစ်ကုန်တွင် ကျပ်ဘီလီယံ ၁၀၀ မှ ၂၀၀ ကြား အရှုံးပေါ်နိုင်သေးကြောင်း ယနေ့ကျင်းပသည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ စတုတ္ထနှစ်ဆောင်ရွက်မှုများဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် အမြဲတမ်း အတွင်းဝန်က ပြောသည်။

ထိုသို့ဖြစ်ရခြင်းသည် ထုတ်လုပ်မှုစရိတ်မြင့်မားသည့် သဘာဝဓါတ်ငွေ့သုံးလျှပ်စစ်ဓါတ်အားပေးစက်ရုံများမှ ဓါတ်အား ပိုမို ထုတ်ယူခဲ့သည့်အတွက်ကြောင့်ဟု ဝန်ကြီးဌာန၏အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦးက ရှင်းပြသည်။

“ အရင်တုန်းကဆိုရင် တစ်နှစ်ကို (ကျပ်)ဘီလီယံ ၇၀၀ လောက်၊ တနေ့ကို နှစ်ဘီလီယံလောက် နိုင်ငံတော်ကနေ ဓါတ်အား ထုတ်လုပ်မှုအပေါ်မှာ စိုက်ထုတ်ပြီးတော့ ရှုံးနေတယ်ဆိုတာ ခင်ဗျားတို့ကြားပြီးဖြစ်မှာပါ။ ဒါကြောင့်မို့ ပြီးခဲ့တဲ့နှစ် ဇူလိုင်လမှာ ဓါတ်အားဈေးနှုန်းအပြောင်းအလဲလုပ်ခဲ့ခြင်းဖြစ်ပါတယ်။ အဲဒီအတွက် ဒီနှစ်မှာတော့ ကျနော်တို့က မြတ်တယ် လို့ မပြောလိုပါဘူး။ ရှုံးတော့ရှုံးပါတယ်။

ဒါပေမဲ့ အရှုံးနည်းသွားပါပြီ၊ အရင်လိုတော့ မရှုံးတောပါဘူး။ တစ်နှစ်လုံးမှာ ဘီလီယံ ၁၀၀ ၊ ၂၀၀ လောက်တော့ ရှုံးနိုင်ပါသေးတယ်” ဟု ဦးတင်မောင်ဦးကပြောသည်။

မီတာခများတိုးမြှင့်ကောက်ယူခဲ့ပြီးနောက် အမြဲရှုံးနေသည့် လျှပ်စစ်ကဏ္ဍမှ ၂၀၁၉-၂၀ ဘဏ္ဍာနှစ်တွင် ကျပ် ၃၂ ဘီလီယံ အမြတ်ရမည်ဟု ပြည်ထောင်စုလွှတ်တော်၏ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြခဲ့သော်လည်း ယခုအခါ ထိုသို့မဖြစ်နိုင်တော့ကြောင်း အမြဲတမ်းအတွင်းဝန်က ရှင်းပြသည်။

“ ရေအားလျှပ်စစ်ကြီးပဲ ကျနော်တို့ အားကိုးလို့ရတာမဟုတ်ပါဘူး။ သဘာဝဓါတ်ငွေနဲ့သုံးတာတွေ၊ ဒီဇယ်စက်တွေနဲ့ မောင်းနေရတာဖြစ်ပါတယ်။ ရေအားလျှပ်စစ်ကလည်း သူတတ်နိုင်သလောက်မောင်းပါတယ်။ ဒါပေမဲ့ ဒီအချိန်မှာ သိတဲ့အတိုင်းပဲ ဆည်တွေမှာ မိုးမရွာတဲ့အတွက် ရေတွေနည်းလာတဲ့အတွက် ထိန်းညှိပြီးတော့ လာမယ့် မိုးတွင်းအထိ ရေကို တစ်ဆက်တည်းဖြစ်သွားအောင် ထိန်းညှိမောင်းနှင်ရတဲ့အတွက် ဒီအပေါ်မှာ သဘာဝဓါတ်ငွေ့ဘက်က ပိုပြီး ထိန်းညှိမောင်းနှင်ရတဲ့အတွက် ပိုပြီးတော့ အနည်းငယ်ရှုံးတာမျိုးတွေ ရှိပါမယ်။ ဒါကျနော် အမှန်အတိုင်း ရှင်းလင်းပြော ကြားခြင်းဖြစ်ပါတယ်” ဟု ဦးတင်မောင်ဦးက ပြောသည်။

ကုန်ခဲ့သည့်နှစ်အထိ နိုင်ငံပိုင်ရေအားလျှပ်စစ်စက်ရုံများမှ တစ်ယူနစ်ထုတ်လုပ်စရိတ်သည် ၁၂ ကျပ်၊ အစိုးရ-ပုဂ္ဂလိက ပူးတွဲ ထုတ်သည့်ရေအားစက်ရုံမှ ၅၄ ကျပ် နှင့် ပုဂ္ဂလိကပိုင်ရေအားလျှပ်စစ်စက်ရုံများမှထုတ်လုပ်မှုကို ဝယ်ယူရာတွင် ၇၂ ကျပ် ကျသင့်သည်ဟု သူက ရှင်းပြသည်။ အပူစွမ်းအင်ဖြင့် ထုတ်လုပ်ပါက တစ်ယူနစ်ကုန်ကျစရိတ် ကျပ် ၁၃၀ မှ ၁၅၀ ကြား ကုန်ကျစရိတ်ရှိပြီး နေရောင်ခြည်စွမ်း အင်မှ ထုတ်ယူသည့် လျှပ်စစ်ကို ဝယ်ယူရာတွင် တစ်ယူနစ် ၁၉၅ ကျပ် ပေးရပြီး ယခုနောက်ဆုံး တင်ဒါခေါ်ကာ ထုတ်ယူ နေသည့် LNG ဖြင့် လျှပ်စစ်ထုတ်ပါက တစ်ယူနစ်လျှင် ကျပ် ၁၅၀ နှင့် ၁၈၀ ဝန်ကျင်ကြား ဝယ်ယူရမည်ဟု ဦးတင်မောင်ဦး က ရှင်းပြသည်။

ပြည်သူတွေစိုက်ထုတ်ကျခံနေရတဲ့ လျှပ်စစ်စီမံခန့်ခွဲမှုအလွဲ


#Dailynews

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."