စစ်တပ်က မြို့ကိုလေကြောင်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေပြီး အရပ်သားများသေဆုံးမှုရှိလာ
လောက်ကိုင် – ၂၀၂၃ ဒီဇင်ဘာ ၂၆ (မော်ကွန်း)
လောက်ကိုင်မြို့ကို မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့က မြို့ပေါ်နေရာအားလုံးနီးပါး သိမ်းနိုင်ပြီဖြစ်ပြီး အာဏာသိမ်းစစ်တပ်ဘက်က လေကြောင်းနဲ့သာမက မြေပြင်မှာပါ နေ့စဥ်ပစ်ခတ်တိုက်ခိုက်နေတယ်လို့ မြို့မှာလက်ရှိနေထိုင်နေသူတွေဆီကသိရပါတယ်။
လက်ရှိလောက်ကိုင်မြို့ပေါ်မှာ MNDAA(ကိုးကန့်တပ်ဖွဲ့)တွေ ရှိနေပြီး မြို့ပြင်တချို့နေရာတွေဖြစ်တဲ့ မီရှန့်ကုန်းနဲ့ နန်ထျန်းမိန်မှာပဲ အာဏာသိမ်းစစ်တပ်ဟာ ကျန်ရှိနေတာလို့ လက်ရှိနေထိုင်နေသူအမျိုးသမီးတစ်ဦးကပြောပါတယ်။
“အခုမြို့ထဲမှာအားလုံးက MNDAA တွေပဲဲ၊ သူတို့ပြောတာတော့ နည်းနည်းလိုသေးတယ်တဲ့၊ ခုမြို့ထဲမှာတော့ အေးအေးဆေးဆေးပဲ၊ ဘယ်သူမှစစ်တာ၊ တားဆီးစစ်ဆေးတာတွေမရှိဘူး၊ အေးဆေးသွားရုံပဲ၊
ဖမ်းတာ ရိုက်နှက်တာလည်းမရှိဘူး၊ စကားပြောရင်လည်းနွေးနွေးထွေးထွေးပဲ”လို့ သူကပြောပါတယ်။
လောက်ကိုင်မြို့ပေါ်ကို MNDAA တပ်တွေ ရောက်ရှိလာပြီးတဲ့နောက် အာဏာသိမ်းစစ်တပ်ဘက်က လေကြောင်းနဲ့ကော မြေပြင်ကနေပါ ဗုံးတွေနဲ့ကျဲပစ်ပြီး တိုက်ခိုက်နေတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
“အမြှောက်နဲ့ထုတဲ့ဟာ ဗုံးအကြီးတစ်လုံး၊ အသေးတစ်လုံး၊ မနေ့ကဆို ဘေးတင်ကျတာ၊ ဘေးတိုက်က ပြတင်းပေါက်မှန်တွေအကုန်ပြုတ်ထွက်ကုန်တယ်၊ လူထိခိုက်တာတော့မရှိဘူး၊ စစ်တပ်ဘက်က လေယာဥ်နဲ့လာပစ်တယ်၊ ဗုံးတွေနဲ့ထုတယ်၊ လေယာဥ်နဲ့လည်းတစ်နေကုန်ဝဲပြီးပစ်တာ “လို့ ဒေသခံတစ်ဦးကပြောပါတယ်။
လောက်ကိုင်မြို့၊ တုန်ချိန်ရပ်ကွက်၊ ဟွမ့်ကွမ်ဟိုတယ်အနီးကို မနေ့ နေ့လယ် ၁း၀၀ နာရီခန့်မှာ အာဏာသိမ်းစစ်တပ်ဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်နှစ်လုံးကျရောက်ပေါက်ကွဲခဲ့တာကြောင့် အရပ်သား ရှစ်ယောက်သေဆုံးပြီး ၂၅ ယောက်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ MNDAA ကသတင်းထုတ်ပြန်ထားပါတယ်။
တိုက်ပွဲဲပြင်းထန်နေတဲ့ လောက်ကိုင်မှာ Wifi အင်တာနက်နဲ့ လျှပ်စစ်မီးတွေပြတ်တောက်နေပြီး အင်တာနက်ရတဲ့ တရုတ်ဆင်းကတ်တွေကိုသာရွေးချယ်သုံးနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။
ပုံစာ – အာဏာသိမ်းစစ်တပ်ရဲ့ လက်နက်ကြီးထိမှန်ပြီး သေဆုံးရသူ အရပ်သားများ။
ဓါတ်ပုံ – The Kokang

