ရန်ကုန် – ၂၀၂၃ နိုဝင်ဘာ ၂၃ (မော်ကွန်း)
လောက်ကိုင်ကနေ ထွက်ပြေးလာတဲ့စစ်ဘေးရှောင်လေးသောင်းခန့်ကို ကူညီပေးထားတယ်လို့ “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) က ပြောပါတယ်။
စစ်ကောင်စီတပ်တွေနဲ့ MNDAA တို့ လောက်ကိုင်မြို့အနီးမှာတိုက်ပွဲဖြစ်နေချိန် အဲ့ဒီဒေသက စစ်ဘေးရှောင်တွေဟာ UWSA ထိန်းချုပ်နယ်မြေအတွင်း ထွက်ပြေးခိုလှုံကြရတာဖြစ်ပါတယ်။
တရုတ်နယ်စပ်မှာအခြေပြုတဲ့ “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ဟာ ရှမ်းမြောက်မှာဖြစ်နေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်လို့ ဘယ်ဘက်ကမှ ဝင်ပါသွားမှာမဟုတ်ဘဲ “ဝ” ဒေသထဲကိုရောက်လာတဲ့ စစ်ဘေးရှောင်တွေကို ချွင်းချက်မရှိ ကူညီသွားမယ်လို့ ယခုလ ၁ ရက်နေ့မှာ ထုတ်ပြန်ချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ပါတယ်။
စစ်ဘေးရှောင်ပြည်သူတွေ နေ့စဉ် “ဝ” ဒေသထဲကို ဝင်ရောက်နေတဲ့ စစ်ဘေးရှောင်အားလုံးကို ဆက်လက်ခံပေးသွားမယ်လို့ UWSA ပြင်ပဆက်ဆံရေးအရာရှိ ဦးညီရမ်းက မော်ကွန်းကို ပြောပါတယ်။
အဲ့ဒီ စစ်ဘေးရှောင်လေးသောင်းအနက် နမ့်တစ် စစ်ဘေးရှောင်စခန်းမှာ လူဦးရေ ၅,၀၀၀ ကို လက်ခံထားပြီး ပန်ဆန်းမှာ ခိုလှုံနေသူတွေက တစ်သောင်းကျော်ထိ ရှိလာပြီဖြစ်တယ်လို့ UWSA က ထုတ်ပြန်ထားပါတယ်။
အဲ့ဒီအပြင် ကျန် လူဦးရေတစ်သောင်းကို လားရှိုးခရိုင်အတွင်းက တန့်ယန်း၊ မိုင်းယန်း စတဲ့ မြို့တွေကို ပို့ဆောင်ပေးခဲ့သလို ကျန်တဲ့ တစ်သောင်းကျော်ကတော့ မိမိတို့ အစီအစဉ်နဲ့ နေရပ်အသီးသီးပြန်ကြတယ်လို့ ဦးညီရမ်းက ပြောပါတယ်။
အဲ့ဒီစစ်ဘေးရှောင်တွေကို နေထိုင်စားသောက်မှု၊ ဆေးဝါးကုသမှုနဲ့ လုံခြုံတဲ့ဒေသတွေဆီ ပို့ဆောင်ပေးတာကို UWSA အနေနဲ့ အခမဲ့ ကူညီပေးခဲ့တာလို့ဆိုပါတယ်။
လောက်ကိုင်မြို့ကို MNDAA အဖွဲ့ဟာ မကြာခင်တိုက်ခိုက်သိမ်းပိုက်မယ်လို့ စစ်ရေးသတင်းတွေ ပျံ့နှံ့နေပြီး လားရှိုး-မူဆယ်-လောက်ကိုင် လမ်းပိုင်းဟာလည်း တိုက်ပွဲတွေဖြစ်နေတာကြောင့် အသုံးပြုမရဖြစ်နေတဲ့အတွက် စစ်ဘေးရှောင်တွေဟာ လောက်ကိုင်-တန့်ယန်း လမ်းပိုင်းကနေ UWSA ရဲ့ ထိန်းချုပ်နယ်မြေထဲကို သွားရောက်ခိုလှုံကြရတာဖြစ်ပါတယ်။
လောက်ကိုင်မြို့မှာ သောင်းနဲ့ချီတဲ့ မြန်မာအလုပ်သမားတွေဟာ မြို့အတွင်းမှာ ပိတ်မိနေဆဲဖြစ်ပြီး မနေ့ကလည်း မြို့အဝင်ကားလမ်းပေါ်မှာ စစ်ဘေးရှောင်တွေတင်လာတဲ့ ကားတစ်စီး လက်နက်ကြီးထိမှန်ခဲ့ကာ ထိခိုက်သေဆုံးမှုတွေရှိခဲ့ပါတယ်။
စစ်ဘေးရှောင်တစ်ဦးကတော့ “လောက်ကိုင်ကနေ ပြန်ချင်တဲ့သူတွေ “ဝ” ဘက်က အရင်က ပတ်ပြန်တာရှိတယ်။ ကိုယ့်အစီအစဉ်နဲ့ကိုယ်ဆိုရင် ကားခကသိန်းဆယ်ချီကုန်တယ်။ အခုက “ဝ” တပ်တွေက လာခေါ်ပေးနေတာ။ လောက်ကိုင်ကနေ နေ့တိုင်း အဲ့ဒီဘက်ကိုစုပြီးခေါ်ပေးနေတဲ့ကားတွေ နေ့တိုင်းနီးပါးထွက်တယ်” လို့ ပြောပါတယ်။
မြောက်ပိုင်းညီနောင်မဟာမိတ် သုံးဖွဲ့ဖြစ်တဲ့ MNDAA ၊ TNLA ၊ AA လက်နက်ကိုင်တွေဟာ အောက်တိုဘာလ ၂၇ ရက်ကစလို့ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ စစ်ဆင်ရေး ၁၀၂၇ ကို ကြေညာပြီး ရှမ်းမြောက်ဒေသက စစ်ကောင်စီတပ်စခန်းတွေကို တစ်ပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။
အဲ့ဒီစစ်ဆင်ရေးကာလ တစ်လနီးပါး ကာလအတွင်းမှာ ညီနောင်မဟာမိတ်တပ်တွေဟာ စစ်ကောင်စီစခန်းပေါင်း ၁၆၀ ကျော်ကို သိမ်းပိုက်နိုင်ခဲ့ပြီး တရုတ်နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းပေါ်က ချင်းရွှေဟော်၊ ကွမ်းလုံ၊ နမ့်ခမ်း အစရှိတဲ့မြို့တွေကိုလည်း သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။
ပုံစာ – UWSA ထိန်းချုပ်ဒေသ နမ့်တစ်မြို့က စစ်ဘေးရှောင်စခန်းမြင်ကွင်း
ဓာတ်ပုံ – WSTV