ရန်ကုန် – ၂၀၂၅ ဇန်နဝါရီ ၁၄ (မော်ကွန်း)
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြားမှာ ကူညီကယ်ဆယ်ရေးတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ ဖားကန့်မြို့နယ်က နွံကန်ပြိုကျမှုအတွက် ကူညီကယ်ဆယ်ရေးလုပ်ကိုင်နေတဲ့ ဒေသခံ စေတနာ့ဝန်ထမ်းတချို့က ပြောပါတယ်။
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်အုပ်စု၊ စပေါ့ကျေးရွာအနီးက စွန့်ပစ်မြေစာပုံသွန်ချတဲ့နွံကန်ဟာ မနေ့က မနက်အစောပိုင်း ၁ နာရီခန့်မှာ ပြိုကျခဲ့ပြီး အဲဒီနွံကန်အနီးက နေအိမ်ပေါင်း ၅၀ ကျော် မြေအောက်နစ်မြုပ်သွားခဲ့ကာ လူ ၅၀ နီးပါးခန့် ပျောက်ဆုံးနေခဲ့တာပါ။
ဒါ့အပြင် ဒီဒေသဟာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ရဲ့ ထိန်းချုပ်ဒေသထဲမှာရောက်နေပြီး စစ်ကောင်စီလည်း ပြီးခဲ့တဲ့ရက်ပိုင်းကပဲ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ထားတယ်လို့ ဒီဒေသခံတချို့က ပြောပါတယ်။
ဒီနွံကန် ပြိုကျမှုကို မနေ့ကမနက်ပိုင်းကစလို့ ကူညီကယ်ဆယ်ရေးတွေ စတင်လုပ်ဆောင်နေတာဖြစ်ပြီး နွံကန်အောက်ထဲကနေ ရုပ်အလောင်း ၁၅ လောင်းကို ဆယ်ယူထားတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေသူတချို့က ပြောပါတယ်။
လူအိပ်ချိန်ပြိုကျခဲ့တဲ့မြေစာပုံကြောင့် မိသားစုလိုက် မြေစာပုံထဲနစ်မြုပ်သွားသူတွေရှိပြီး လက်ရှိအချိန်ထိ ကူညီကယ်ဆယ်ရေးတွေကို ဒေသခံပရဟိတအဖွဲ့တွေက ဆက်လက်လုပ်ဆောင်နေတာပါ။
ဒီနေ့မနက်ပိုင်းမှာတော့ ဆယ်ယူရရှိထားတဲ့ ပျောက်ဆုံးနေတဲ့ ရုပ်အလောင်းတွေကို ဘာသာရေးလုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဈာပနအခမ်းအနားတွေ လုပ်ဆောင်ပေးခဲ့တယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေသူတစ်ဦးက ပြောပါတယ်။
“ဒီမနက်စောစော ခရစ်ယာန်ဘာသာ ဆုတောင်းပွဲနဲ့ ဗုဒ္ဓဘာသာ လုပ်ထုံးနဲ့အညီပေါ့ ဈာပနအခမ်းအနားကို စုပေါင်းပြီး လုပ်ပေးလိုက်တယ်။ ကျန်သေးတဲ့ ရုပ်အလောင်းတွေလည်း ရှာဖွေကယ်ဆယ်ရေးတွေ ဆက်လုပ်နေပါတယ်” လို့ ၎င်းက ပြောပါတယ်။
လက်ရှိမှာတော့ ပျောက်ဆုံးသွားတဲ့ လူဦးရေအတိအကျကို အတည်မပြုနိုင်သေးဘဲ နေအိမ် ၅၇ လုံး နွံကန်ထဲ နစ်မြုပ်သွားတာကိုပဲ အတည်ပြုနိုင်သေးတာပါ။
“တချို့ မိသားစုလိုက် အလောင်းပြန်ရသလို၊ တချို့လည်း မိသားစုလိုက် ပျောက်နေသေးတယ်။ ကူညီရှာဖွေရေးကတော့ နေ့ရောညရော လုပ်နေပါတယ်” လို့ ဒေသခံ စေတနာ့ဝန်ထမ်းတစ်ဦးက ပြောပါတယ်။
ကချင်ပြည်နယ် ဖားကန့်မြို့နယ်က ဒေသတချို့ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ထိန်းချုပ်ထားကာ မြေပြင်မှာ တိုက်ပွဲဖြစ်ပွားမှုတွေလည်း ရှိနေပြီး စစ်ကောင်စီလည်း ဖားကန့်ဒေသကို လေကြောင်းတိုက်ခိုက်မှုတွေ မကြာခဏပြုလုပ်နေတာပါ။

ပုံစာ – နွံကန်မှာ ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေသူတွေနဲ့ ရရှိလာတဲ့ ရုပ်အလောင်းများ
ဓါတ်ပုံ – မှော်မင်းသား

