Illustration – MAUNG NOE
လူကြိုက်များတဲ့ သီချင်းတစ်ပုဒ်ထဲက
တိမ်ပြာပြာနေ့တစ်နေ့မှာ
ခင်ဗျားဟာ ခင်ဗျားချစ်ရတဲ့သူနဲ့ လက်တွဲ
ပျော်စရာ မင်္ဂလာပွဲကလေး ကျင်းပချင်ပေမယ့်
အကြောင်းကြောင်းသော အကြောင်းကြောင်းတွေကြောင့်
မကျင်းပနိုင်ဘဲ မှိုင်တွေမောလျ
ကိုယ့်ဘဝကိုယ် စိတ်ပျက်လို့ နေချင်နေပေမယ်။
အဲဒီ တိမ်ပြာပြာနေ့တစ်နေ့မှာ
လမ်းဘေးက ခွေးဝဲစားတစ်ကောင်ဟာ
လတ်ဆတ်တဲ့ အမဲသားတုံးတစ်တုံးကို အမှတ်တမဲ့ တွေ့ရှိ
ချက်ချင်းပဲ ဝမ်းသာလုံးဆို့ကာ အငမ်းမရ စားမိ
နောက်တော့မှ ဒါဟာ အဆိပ်ခတ်ထားတဲ့ အစာဖြစ်ကြောင်း
သဘောပေါက်ကောင်း ပေါက်သွားပေလိမ့်မယ်။
အဲဒီ တိမ်ပြာပြာနေ့တစ်နေ့မှာ
ဒေါ်လာဈေးနှုန်း ခုန်တက်တာ မတက်တာထက်
ကန်စွန်းရွက်တစ်စည်းဟာ ၄ဝဝ ကျပ် ဖြစ်လို့
ကြက်သွန်နီတစ်ပိဿာဟာ ၂ဝဝဝ ကျပ်အထိ ဈေးမြင့်တက်
ဈေးဝယ်သူ အိမ်ရှင်မတွေ ညည်းညူဒေါသထွက်
လက်ရှိအစိုးရကို မေတ္တာပို့သလျက် နေချင်နေကြမယ်။
အဲဒီ တိမ်ပြာပြာနေ့တစ်နေ့မှာ
ဟိုက်ပါမားကက်ထဲ လူတွေ တရုန်းရုန်း စည်ကားနေတုန်း
M-150 အချိုရည်ပုလင်းဗုံးတွေ ပေါက်ကွဲလို့
တစ်နေရာမှာတော့ ဘာမှန်းမသိတဲ့ အရာဝတ္ထုကြီးတစ်ခု
ကောင်းကင်ပေါ်က ဗြုန်းခနဲ ပြုတ်ကျလာ
ရဲနဲ့ သတင်းထောက်တွေခမျာ အလုပ်ရှုပ်နေရှာကြမယ်။
အဲဒီ တိမ်ပြာပြာနေ့တစ်နေ့မှာ
ကံမကောင်း အကြောင်းမလှစွာ ကြုံကြိုက်ကာ
ဘတ်စ်ကားစပယ်ယာရိုက်လို့ အရေးပေါ် ရောက်သူရောက်
အဓမ္မပြုကျင့် သတ်ဖြတ်ခံရလို့ ရင်ခွဲရုံ ရောက်သူရောက်
၆၆(ဃ)နဲ့ ဖမ်းဆီးခံရလို့ ထောင်ထဲ ရောက်သူရောက်
လောကကြီးထဲ ဒီလိုလည်း ယောက်ယက်ခတ်နေနိုင်ပါတယ်။
အဲဒီ တိမ်ပြာပြာနေ့တစ်နေ့မှာ
ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခမုန်တိုင်းတွေ ထန်ပြီး
နယ်မြေသိမ်းပိုက် ချေမှုန်းရေး စစ်မီးလျှံတွေ လောင်မြိုက်
ငြိမ်းချမ်းရေးချိုးငှက်ခမျာ စပါးနှံကို ကိုက်ချီမလာနိုင်
သွေးညှီနံ့နဲ့ ယမ်းငွေ့ဝေ မြိုင်တစ်ကြောဝယ်
အဟောသိကံ ပန်းကလေးတွေ ပွင့်ချင်လည်း ပွင့်နေမယ်။
လူကြိုက်များတဲ့ သီချင်းတစ်ပုဒ်ထဲက
အဲဒီ တိမ်ပြာပြာနေ့တစ်နေ့မှာပေါ့ဗျာ…
ပင်လယ်ကမ်းခြေမှာ အပန်းဖြေ ဟန်းနီးမွန်းထွက်နေသူ
ထီဆုကြီးပေါက်ကာ အူမြူးဝမ်းမြောက်လို့ နေလေသူ
ထီးမွေနန်းလျာဆက်ခံပြီး ဘုရင်သစ်အဖြစ် နန်းတက်လေသူ
သူတို့ဟာ လူအများကြီးထဲက အနည်းစုမျှသာလား
အားမငယ်ပါနဲ့၊ စိတ်ဓာတ်မကျပါနဲ့
ကံကောင်းခြင်းဟာ တစ်နေ့တော့
သင့်ထံကိုလည်း ဆိုက်ရောက်လို့ လာမှာ မလွဲပါ
ဘာပဲဖြစ်ဖြစ် ဒီကဗျာကို ဒီလိုပဲ အဆုံးသတ်လိုက်ချင်ပါတယ်။
(၃ဝ.၁၁.၂ဝ၁၆)
၂၀၁၇-ဇန်နဝါရီလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၂)မှ ကဗျာ ဖြစ်ပါသည်။
မင်းထက်မောင် ရေးသည်။

