သူတို့ဆင်ယင်ထားတဲ့ ရတနာ
ကျောက်စိမ်း နီလာ ပတ္တမြားတွေဟာ
ငါတို့ရဲ့ တွင်းထွက်တွေပါ။
သူတို့ရဲ့ အိမ်ဂေဟာမှာ တောက်ကြွားနေတဲ့
ပရိဘောဂပစ္စည်းတွေဟာလည်း
ငါတို့ရဲ့ ကျွန်းသစ်တွေပါပဲ။
သူတို့ရဲ့ လမ်းဘေးမှာ စိမ်းစိုဖားလျား
အရိပ်ကောင်းကောင်း မိုးပေးထားတာတွေကတော့
ငါတို့ဆီက သစ်ပင်ကြီးတွေပေါ့။
သူတို့ဆီက မော်တော်ကားတွေ
လမ်းတွေပေါ် တဝေါဝေါ မောင်းနှင်နေတာလည်း
ငါတို့ဆီက ရေနံကြောင့်ပဲ။
သူတို့ရဲ့ ခေတ်မီမြို့ကြီးတွေ
လျှပ်စစ်မီး ပြိုးပြက်ထိန်ငြီးနေတာ
ငါတို့ရဲ့ ဓာတ်ငွေ့ကြောင့်သာ။
သူတို့စားနေတဲ့ ဆန်တွေ၊ ပဲတွေဟာလည်း
ငါတို့တောင်သူလယ်သမားတွေ စိုက်ပျိုးထားတဲ့
ငါတို့ရဲ့ သီးနှံတွေပါပဲ။
သူတို့ စက်ရုံကြီးတွေ တဒီးဒီးလည်ပတ်ပြီး
ထုတ်ကုန်တွေ အဆက်မပြတ်ထွက်နေတာ
ငါတို့ဆီက အလုပ်သမားတွေ ကြိုးစားလို့ပါ။
သူတို့ဆီမှာ ရှားပါးတဲ့ ဇနီးမယားအဖြစ်
လိင်ကုန်ကူးခံရပြီး ရေတိမ်နစ်သွားရှာတာလည်း
ငါတို့ရဲ့ နှမငယ်ကလေးများပါပဲ။
ဒါတွေဟာ နှစ်ပေါင်းများစွာ
ငါတို့ ပေးခဲ့ရပုံများပေါ့
သူတို့ဆီက ငါတို့ ဘာတွေ ပြန်ရခဲ့ကြလေသလဲ။
ငါတို့ရဲ့ နေ့စဉ်ဘဝထဲ
တစ်ခုပျက် တစ်ခုလဲ ဝယ်ယူသုံးစွဲရစ်ဖို့
ခပ်ညံ့ညံ့ပလတ်စတစ်ပစ္စည်းအချို့။
သူတို့ဆီမှာ အဟောင်းတွေ မလိုတော့တာမို့
အမှိုက်ပမာ စွန့်ပစ်လိုက်ပါတဲ့
မော်ဒယ်လ်နိမ့် ယာဉ်အချို့။
ငါတို့ကို အဆင့်ဆင့်ညွှန်ကြားခိုင်းစေသွားဖို့
သူတို့ရဲ့ ဘာသာစကားအချို့နဲ့
ဆက်သွယ်ရေးကိရိယာအချို့။
ချောင်ပိတ်နေတဲ့ ငါတို့အိပ်မက်တွေကို
မျှော်လင့်ချက်ပေးပြီး မွဲဆေးဖော်စေဖို့
နှစ်လုံး၊ သုံးလုံး ကစားနည်းအချို့။
ငါတို့ရဲ့ ရိုးရာယဉ်ကျေးမှုတွေကို
တစ်ခုပြီး တစ်ခု ဝါးမျိုပစ်ဖို့
သူတို့ရဲ့ ခေတ်ပေါ် ယဉ်ကျေးမှုအချို့။
ငါတို့ရဲ့ မျိုးဆက်သစ်လူငယ်တွေ
ငယ်ငယ်ရွယ်ရွယ်နဲ့ လူညွန့်တုံးသွားစေဖို့
မူးယစ်ထုံထိုင်း ဆေးဝါးအချို့။
ငါတို့တိုင်းရင်းသားအချင်းချင်း
ကိုယ့်ပြည်တွင်းထဲ စစ်ခင်းတိုက်ခိုက်ကြဖို့
သွေးဆာနေတဲ့ လက်နက်အချို့။
ပြီးတော့ ငါတို့ရဲ့ နွံနစ်မှုတွေကို
ပိုလို့ ခိုင်မြဲ အဓွန့်ရှည်စေဖို့
ဘီလီယံချီတဲ့ ကြွေးမြီ အမြောက်အမြား။
ငါတို့ပေးရတာနဲ့
ငါတို့ပြန်ရတာ တန်ရဲ့လား
ဦးနှောက်ခြောက်
အချိန်ကုန်ခံပြီး
မစဉ်းစားပါနဲ့တော့ ။ ။
၂၀၁၃-ဇူလိုင်လထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၆) မှ ကဗျာ ဖြစ်ပါသည်။
မင်းထက်မောင် ရေးသည်။