လူ့အခွင့်အရေး လှုပ်ရှားသူများကို ဖိနှိပ်အရေးယူနေမှုများအား ရပ်တန့်ပေးရန်နှင့် အရေးယူခံနေရသော အမှုများကို အမြန်ဆုံးရုပ်သိမ်းပေးရန်အပါအဝင် အချက် ရှစ်ချက်အား အမြန်ဆုံးအကောင်အထည်ဖော်ပေးရန် အစိုးရကို တိုက်တွန်းကြောင်း ထုတ်ပြန်ချက်တစ်ခုအား ယနေ့ကျရောက်သော (၇၁) ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အထိမ်းအမှတ်အဖြစ် လူ့အခွင့်အရေးနေ့ အခမ်းအနားကျင်းပရေးကော်မတီ(ရန်ကုန်)က ထုတ်ပြန်သည်။
ဒါ့အပြင် အခြေခံလူ့အခွင့်အရေးများ ကျင့်သုံးရာတွင် အဟန့်အတားဖြစ်စေသည့် မီဒီယာဥပဒေ၊ ငြိမ်းစုစီဥပဒေနှင့် ဆက်သွယ်ရေးဥပဒေကဲ့သို့ ဥပဒေများထဲတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကိုထိခိုက်ပြီး ဖမ်းဆီးမှုများ ရှိနေသည့်အတွက် ဥပဒေပြောင်းရန် လွှတ်တော်မှတဆင့် လုပ်ဆောင် သွားမည်ဟု ညီမျှခြင်းမြန်မာမှ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောသည်။
“လက်ရှိတိုင်းပြည်မှာဖြစ်နေတဲ့ပြဿနာတွေထဲမှာ ဥပဒေတွေကို လိုသလို အသုံးချပြီးတော့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကိုထိခိုက်တဲ့ ဖမ်းဆီးမှုတွေ ရှိနေတယ်။ အဲဒီလိုဖိနှိပ်တဲ့ဥပဒေတွေရှိနေသမျှကာလပတ်လုံး လူ့အခွင့်အရေးကိုရပ်တည်ဖို့ လူငယ်တွေအပါအဝင် လူ့အခွင့်အရေးကိုရပ်တည်တဲ့သူတွေက စိန်ခေါ်မှုတွေဖြစ်နိုင်တယ် ဒါကြောင့်မို့လ့ိုဒီဥပဒေတွေကိုပယ်ဖျက်ပေးဖို့တောင်းဆိုနေတာပါ ”ဟု ဦးအောင်မျိုးမင်းက ဆိုသည်။
တောင်းဆိုချက်ရှစ်ချက်မှာ တိုင်းရင်းသားဒေသအသီးသီးတွင်ဖြစ်ပွားနေသော ပြည်တွင်းစစ်နှင့် လူ့အခွင့်အရေး ချိုးဖောက် မှုများကို ရပ်တန့်ပြီး ငြိမ်းချမ်းရေးကိုအမြန်ဆုံးဖော်ဆောင်ပေးရန်၊ လူ့အခွင့်အရေးချိုး ဖောက်ရာတွင် တာဝန်ရှိသူများအား ပြည်တွင်းဥပဒေ၊ နိုင်ငံတကာလူ့အခွင့်အရေးစံနှုန်းများနှင့်အညီ ထိရောက်စွာအရေးယူ ဆောင်ရွက် ပေးရန် ၊ ပြည်သူလူထု ၏ အခွင့်အရေးချိုးဖောက်ခံရမှုများကို ဖြေရှင်းပေးနိုင်သော အားကောင်းပြီး ကာကွယ်ပေးနိုင်သည့် တရားရေးမဏ္ဍိုင် ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုကိုလုပ်ဆောင်ရန် ၊ လူ့အခွင့်အရေး လှုပ်ရှားသူများကို ဖိနှိပ်အရေးယူနေမှုများအား ရပ်တန့်ပေး ရန်နှင့် အရေးယူခံနေရသော အမှုများကို အမြန်ဆုံးရုပ်သိမ်းပေးရန် ပါဝင်သည်။
ဆက်ပြီး လူနည်းစုများ၏ အခွင့်အရေးကို လေးစားတန်ဖိုးထားသည့်အနေဖြင့် ခွဲခြားမှုဆန့်ကျင်ရေး ဥပဒေပြဌန်းခြင်း အပါအဝင် လိုအပ်သည့်ပေါ်လစီများ ချမှတ်အကောင်အထည် ဖော်ဆောင်ခြင်းကို လုပ်ဆောင်ရန်၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို ပိုမိုအားကောင်းပြီး သီးခြားလွတ်လပ်သော အဖွဲ့အစည်းအဖြစ် ပြုပြင်ပြောင်း လဲရန်၊ နိုင်ငံတကာ လူ့အခွင့်အရေး သဘောတူစာချုပ်များ အထူးသဖြင့်အရပ်ဖက်နှင့် နိုင်ငံရေး အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် (ICRC) နှင့် နှိပ်စက်ညှင်းပမ်းမှု တားဆီးရေးစာချုပ် (CAT) တို့ကို အမြန်ဆုံးအတည်ပြုလက်မှတ်ရေး ထိုးရန် ၊ ကျောင်းသင်ရိုး ညွှန်းတမ်းတွင် လူ့အခွင့်အရေးပညာပေးခြင်းကို ထည့်သွင်းသင်ကြားပေးခြင်းနှင့် ရပ်ရွာများ အတွင်း လူ့အခွင့်အရေး ပညာပေးခြင်းကို အရပ်ဖက်လူ့အဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်သွားရန်ပါဝင်သည်။
#mawkun #magazine #chronicle #dailynews