လူသတ်ကောင်တွေကို မလွတ်စေနဲ့

လူသတ်ကောင်တွေကို မလွတ်စေနဲ့

မြန်မာနိုင်ငံမှာ ၂ဝ၁၂ အတွင်း အမျိုးသားရေး၊ ဘာသာရေး ပဋိပက္ခတွေ ကျယ်ကျယ် ပြန့်ပြန့် ဖြစ်ခဲ့တာဟာ အားလုံးအသိပါ။ သေဆုံးခဲ့ရသူတွေလည်း မနည်းသလို အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသူတွေလည်း အများကြီးပါ။ ရခိုင်မှာဆိုရင် အဲဒီပြဿ      နာတွေဟာ ဒီနေ့အထိ ဖြေရှင်းလို့ မပြီးနိုင်သေးပါဘူး။

အဲဒီကာလတွေတုန်းက လူတွေဆီမှာ ကြောက်စိတ်၊ စိုးရိမ်စိတ်၊ သံသယစိတ်၊ မယုံကြည်ရတဲ့စိတ်၊ ဒေါသစိတ်၊ အမုန်းစိတ်တွေ အလွှမ်းမိုးခံရဆုံးကာလတစ်ခုပါ။ အဲဒီအခြေအနေတွေကို မြန်မာနိုင်ငံအတွင်းမှာ ကိုယ်တိုင် ကြုံတွေ့ခံစားခဲ့ရတဲ့သူတွေအနေနဲ့ ဘယ်သူမှ ပြန်လိုချင်မှာ မဟုတ်ပါဘူး။

ကျွန်တော်ကိုယ်တိုင်လည်း အဲဒီလို အခြေအနေတွေနဲ့ မကြုံရဖို့၊ မတူညီတဲ့ဘာသာနှစ်ခုကြား ပြေလည်မှုရဖို့၊ တစ်စုံတစ်ရာ အထောက်အကူဖြစ်ပါစေဆိုတဲ့ရည်ရွယ်ချက်နဲ့ ဆရာတော် ဦးဝီရသူအကြောင်းကို မော်ကွန်းမဂ္ဂဇင်းမှာ အခန်းဆက်ရေး ဖြစ်ခဲ့ပါတယ်။ ပြီးတော့ အမျိုးသားရေးလှုပ်ရှားမှုမှာ အဓိကပါဝင်နေတဲ့ မ.ဘ.သ အဖွဲ့ (အမျိုးဘာသာသာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့)အကြောင်းကိုလည်း မော်ကွန်းမဂ္ဂဇင်းမှာ ‘မ.ဘ.သ ကို ဆန်းစစ်ခြင်း’ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်းပါးရေးခဲ့ပါသေးတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်လို့လည်း မော်ကွန်းမဂ္ဂဇင်းမှာ အခြားသတင်းထောက်တွေ ရေးသားကြတဲ့ ဆောင်းပါးတွေ၊ အင်တာဗျူးတွေ ဖော်ပြခဲ့တာလည်း မနည်းလှပါဘူး။

ဒါတွေကို ပြန်ပြောနေတာဟာ ကျွန်တော့်အနေနဲ့ရော၊ ကျွန်တော် အလုပ်လုပ်နေတဲ့ မော်ကွန်းမဂ္ဂဇင်းကပါ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခတွေကို ဖြေရှင်းနိုင်ဖို့ တစ်ထောင့်တစ်နေရာက ကြိုးစားကူညီပေးနေတဲ့အကြောင်း သိစေချင်လို့ပါ။

ဒီလိုရေးတဲ့အခါမှာ အထူးသတိထားရတာက ကိုယ်တွေရေးလိုက်တဲ့စာက ပြဿ      နာကို ဖြေရှင်းနိုင်ဖို့ အထောက်အကူ မဖြစ်တဲ့အပြင် ပြဿ      နာတွေ ပိုကြီးထွားမလာစေဖို့ပါပဲ။

ဒါပေမဲ့ အခုတလောမှာ အမျိုးသားရေးအင်အားစုတွေနဲ့ မီဒီယာသမားတွေ၊ ဒီမိုကရေစီလိုလားသူတွေကြားမှာ အပြန်အလှန် ဝေဖန်ပြစ်တင်မှုတွေ ကျယ်ကျယ်လောင်လောင် ဖြစ်လာတယ်။ ဒီနေရာမှာ စိုးရိမ်မိတာက အမှိုက်ကစလို့ ပြာသာဒ် မီးလောင်ခံရတဲ့အဖြစ်မျိုး ရောက်မသွားဖို့ပါပဲ။

ဒီလိုစိုးရိမ်ရတာကလည်း ၂ဝ၁၂ တုန်းက စတင်ဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်ပဋိပက္ခမှာ မီဒီယာဟာ ပဋိပက္ခကိုဖြစ်ပွားစေတဲ့ အဓိက အခန်းကဏ္ဍက ပါဝင်ခဲ့လို့ပါ။ အဓိကတော့ အဲဒီအချိန်က အစိုးရသတင်းစာကနေ သတင်းစာကျင့်ဝတ်ကိုပါ ချိုးဖောက်ပြီး ပြဿနာဖြစ်စေတဲ့အရာတွေကို မီးမွှေးပေးခဲ့တာပါပဲ။

 

ဦးကိုနီ လုပ်ကြံခံရမှုနှင့်ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတွင် ပြသထားသော လူသတ်ကောင်များ၏ ဓာတ်ပုံများ ။ ဓာတ်ပုံ -ဇေယျာလှိုင်/မော်ကွန်းမဂ္ဂဇင်း

ရခိုင်ပြည်နယ် အရေး

မြန်မာနိုင်ငံမှာ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခဟာ ပြည်တွင်း တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခတွေလောက် အရေးမကြီးဘူးဆိုပေမယ့် အကိုင်အတွယ်မတတ်ရင် တိုင်းပြည်ကို ချောက်ထဲတွန်းပို့သလို ဖြစ်သွားစေနိုင်ပါတယ်။ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေဟာ မြန်မာနိုင်ငံမှာ လွတ်လပ်ရေးမရခင်တည်းက ရှိခဲ့တာဖြစ်သလို ဒီအပေါ်မှာ နည်းမျိုးစုံသုံးပြီး အမြတ်ထုတ်ချင်တဲ့သူတွေကလည်းရှိနေတဲ့အတွက် ဒီကိစ္စတွေဟာ သိမ်မွေ့ရှုပ်ထွေးလှပါတယ်။

ကျွန်တော်တို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ၂ဝ၁၂ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခတွေကို ပြန်ကြည့်မယ်ဆိုရင် တိုက်ဆိုင်မှုတွေ၊ ထူးခြားမှုတွေ မေးခွန်းထုတ်စရာတွေ များစွာ တွေ့ရပါတယ်။

၂ဝ၁၂ ဇန်နဝါရီမှာ အမျိုးသားရေးဝါဒီ ဆရာတော်ဦးဝီရသူ မြစ်ကြီးနား အကျဉ်းထောင်ကနေ ပြန်လွတ်မြောက်လာခဲ့တယ်။ ပြီးတော့ အဲဒီနှစ် ဧပြီမှာပဲ ရွေးကောက်ပွဲဝင်ဖို့ ငြင်းဆန်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ကြားဖြတ်ရွေးကောက်ပွဲ ဝင်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ပြည်သူ့လွှတ်တော်ထဲ ရောက်ခဲ့တယ်။ တစ်နည်းအားဖြင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအတွက် ကြီးမားတဲ့ ပြိုင်ဘက်တစ်ခု ပေါ်ထွက်လာခဲ့တဲ့ သဘောပါ။

အဲဒီနှစ် ဇွန်မှာတော့ တိုက်တိုက်ဆိုင်ဆိုင် ရခိုင်ပြည်နယ်မှာ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခတွေ ဖြစ်ပွားခဲ့ပါတော့တယ်။ တကယ်တော့ ပဋိပက္ခရဲ့အစဟာ မေ ၂၈ ရက်ကပါ။ အဲဒီနေ့မှာ ဘင်္ဂါလီ သုံးဦးက မသီတာထွေးကို အဓမ္မကျင့်ပြီး သတ်ပစ်လိုက်ပါတယ်။

တစ်ပတ်ကျော်အကြာမှာတော့ မသီတာထွေး အသတ်ခံရတဲ့ ဓာတ်ပုံတွေ ဂျာနယ်တစ်စောင်မှာ ဖော်ပြခဲ့သလို အင်တာနက်ပေါ်လည်း ရောက်လာပါတယ်။ အဲဒီတုန်းက ဖေ့စ်ဘွတ်ခ်က အခုလောက် မတွင်ကျယ်သေးပါဘူး။

ဂျာနယ်တစ်စောင်ကတော့ အဲဒီဓာတ်ပုံတွေကိုရပြီး ဝေဝေဆာဆာ ဖော်ပြခဲ့တယ်။ ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ အဲဒီဓာတ်ပုံတွေကို မိတ္တူတွေဆွဲပြီး ရောင်းကြတယ်။ အဲဒီထက်ဆိုးတာက ရခိုင်ပြည်နယ်မှာ အဲဒီဓာတ်ပုံတွေကို မိတ္တူဆွဲပြီး မြို့တွေမှာ လိုက်ဝေကြတယ်။ ဒီလုပ်ရပ်တွေရဲ့ နောက်ဆက်တွဲကတော့ တောင်ကုတ်မှာ ဘင်္ဂါလီ ၁ဝ ဦး အသတ်ခံလိုက်ရတယ်။ အဲဒီနောက်မှာတော့ ရခိုင်ပြည်နယ်မှာ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခတွေ စတင်ခဲ့ပါတော့တယ်။

ဒါကြောင့် ရခိုင်မှာ ပဋိပက္ခဖြစ်ခဲ့ရတဲ့ အကြောင်းရင်းခံထဲမှာ မီဒီယာကိုအသုံးချပြီး တွန်းအားတစ်ခုဆီကိုမောင်းနှင်သွားတယ်လို့ ပြောလို့ရပါတယ်။ တကယ်တော့ ဒါဟာ မီဒီယာသမားတွေ သင်ခန်းစာ ကောင်းကောင်းယူသင့်တဲ့ အချက်ပါ။

နိုင်ငံရေးသမားတွေရဲ့ အရင်းအနှီး

ဒီနေရာမှာ ထူးခြားတာတစ်ခုက ရခိုင်ပြည်နယ်မှာ ပဋိပက္ခတွေ မဖြစ်သေးခင်၊ မသီတာထွေး အမှု လူအများမသိသေးခင်၊ တောင်ကုတ်မှာ မွတ်ဆလင် ၁ဝ ဦးအသတ်မခံရသေးခင် မေ ၂၉ ရက်မှာ မဘသ အထက်မြန်မာပြည်ရဲ့ ဦးဆောင်ဆရာတော် ဦးဝီရသူကို တောင်သာ လွှတ်တော်ကိုယ်စားလှယ်၊ ပြည်ထောင် စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတိုင်ပင်ခံဦးအောင်သောင်း လာတွေ့တဲ့ကိစ္စပါ။ သူဟာ အရင် စစ်အစိုးရလက်ထက်တုန်းက  စက်မှု ၁ ဝန်ကြီးဌာနရဲ့ ဝန်ကြီးဦးအောင်သောင်းပါ။

ဦးဝီရသူနဲ့ ဦးအောင်သောင်းတို့ တွေ့ဆုံတဲ့ ဗီဒီယိုခွေကို ပြန်ကြည့်တဲ့အခါ သူတို့နှစ်ဦးဟာ တစ်ဦးနဲ့ တစ်ဦးရင်းနှီးတဲ့ သဘောမတွေ့ရပါဘူး။ ဦးအောင်သောင်းက ”အရှင်ဘုရား၊ ကျန်းမာချမ်းသာပြီးတော့တွေ့ရတာ ဝမ်းသာပါတယ် ဘုရား။ ထွေထွေထူးထူး မရှိပါဘူး။ အရှင်ဘုရား မေးစရာ ရှိတာ မေးပါ ဟဲ…ဟဲ…”ဆိုပြီး စကားဝိုင်းကို စခဲ့တာပါ။ ဘာကြောင့်လာတယ် ဆိုတာ တစ်နာရီနီးပါး       ကြာတွေ့ဆုံပြီးတဲ့အထိ ပြောမသွားပါဘူး။

နောက်ပိုင်းမှာ အဲဒီတွေ့ဆုံမှုဟာ ဦးအောင်သောင်းက ပိုက်ဆံပေးလိုက်ပြီ၊ နိုင်ငံအနှံ့မှာ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခတွေဖြစ်အောင် ဖန်တီးခိုင်းလိုက်ပြီဆိုတဲ့ အယူအဆတွေကို ဖြစ်လာစေခဲ့ပါတယ်။ ဦးဝီရသူကိုလည်း အစိုးရရဲ့လူ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရဲ့ လူအဖြစ် မြင်လာကြပါတယ်။ တကယ်တော့ အဲဒီတွေ့ဆုံမှုဟာ နိုင်ငံရေးအရ အရင်းအနှီး ပြုခဲ့တာလားဆိုတာ သံသယဖြစ်စရာပါ။

ဒေါ်အောင်ဆန်းစုကြည်ကို ချစ်တဲ့ ဆရာတော်

ဦးဝီရသူဟာ အမျိုးသားရေးတရားတွေကို အခုမှ လိုက်ဟောခဲ့တာတော့မဟုတ်ပါဘူး။ စစ်အစိုးရ အုပ်ချုပ်နေတဲ့ ကာလကတည်းက အမျိုးသားရေးတရားတွေကို ဟောကြားခဲ့လို့ ၂ဝဝ၃ မှာ မန္တလေးအိုးဘိုထောင်နဲ့ မြစ်ကြီးနားထောင်တွေမှာ အကျဉ်း ကျခံခဲ့ရတဲ့ ဆရာတော်တစ်ပါးပါ။

စစ်အစိုးရက အမျိုးသားရေးတရားတွေ မဟောကြားဖို့ တားမြစ်ထားတဲ့ကြားထဲက ဟောကြားခဲ့တယ်။ တရားနာ ပရိသတ်ကြားထဲမှာ  မွတ်စလင်ဘာသာဝင်တွေအပေါ် အမြင် မကြည်လင်တာ၊ အမုန်းစိတ်ဝင်လာရာက ကျောက်ဆည်အရေး အခင်းဖြစ်ခဲ့တာပါ။ အဲဒီ ဘာသာရေးအရေးအခင်းအပြီးမှာပဲ ဦးဝီရသူဟာ အကျဉ်းချခံခဲ့ရတယ်။

အကျဉ်းချုံ့ပြောရရင် ဦးဝီရသူဟာ ထောင်ထဲမှာ နိုင်ငံရေးသမားတွေနဲ့ ထိတွေ့ဆက်ဆံခဲ့ရပါတယ်။ အထူးသဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပုဂ္ဂိုလ်တွေနဲ့ ရင်းနှီးသိကျွမ်းခဲ့ပါ တယ်။ ဒေါ်အောင်ဆန်းစုကြည် အကြောင်း ကဗျာရေးစပ်ခဲ့တယ်။ အဲဒီကဗျာကြောင့် ဂျပန်နိုင်ငံက ချီးမြှင့်တဲ့ အညတရသူရဲကောင်း ဆုကို ထောင်ထဲမှာရှိနေတဲ့အချိန်မှာပဲ ရခဲ့တယ်။

သူ ထောင်က လွှတ်လာပြီး မြစ်ကြီးနားလေဆိပ်မှာ အမှတ်တရ ဟောခဲ့တဲ့တရားဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဝန်းရံကြဖို့ အကြောင်းဖြစ်ပါတယ်။ သူဟာ ထောင်က လွတ်လာပြီးတော့ ဘာသာပေါင်းစုံငြိမ်းချမ်းရေးပွဲတွေကို မွတ်စလင်တွေနဲ့အတူ ပူးပေါင်းလုပ်ဆောင်ခဲ့ပါသေးတယ်။ ပြီးတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရုံး ဖွင့်ပွဲတွေမှာလည်း နိုင်ငံရေးတရားတွေ ဟောခဲ့ပါသေးတယ်။ (၂ဝ၁၆ တုန်းက ဦးဝီရသူကို ကျွန်တော် သွားတွေ့ခဲ့တဲ့အချိန်ထိ သူ့ကျောင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတွေကို ကပ်ထားတုန်းပါ။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပုံတွေကို လည်း ကပ်ထားပါသေးတယ်။)

ဒါပေမဲ့ သိပ်မကြာပါဘူး၊ ရခိုင်ပြည်နယ်မှာ ပဋိပက္ခတွေ ဖြစ်ပြီးတဲ့နောက် အမျိုးသားရေးတရားတွေကို ပြန်ဟောကြားခဲ့ ပါတော့တယ်။ ရခိုင်အရေးနဲ့ပတ်သက်လို့ သူထောက်ခံတဲ့ နိုင်ငံ ရေးအင်အားစုတွေက လူတွေရဲ့ အမှန်းခံပြီး ကိုယ့်တိုင်းရင်းသားဘက်ကနေ ရပ်တည်ပြီး တစ်ခွန်းမှ ပြောဆိုရှုတ်ချတာမျိုး မရှိတဲ့ အတွက် ဦးဝီရသူဟာ အမျိုးသားရေးတရားတွေကို ပြန်ဟောဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် ရခိုင်အရေးအခင်းကစလို့ မြန်မာနိုင်ငံမှာ အမျိုးသားရေးလှုပ်ရှားမှုတွေဟာ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာတယ်။ ဦးဝီရသူ ဦးဆောင်ပါဝင်တဲ့ အမျိုးဘာသာသာသနာထိန်းသိမ်း စောင့်ရှောက်ရေး ကွန်ရက်ကြီးဟာ တစ်နိုင်ငံလုံးကို ဖြန့်ကျက်ဖွဲ့ စည်းနိုင်ခဲ့တယ်။

ဗုဒ္ဓဘာသာဝင်အများဆုံးရှိတဲ့ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာ သံဃာတွေ ဦးဆောင်ပြီး အမျိုးဘာသာ၊ သာသနာထိန်းသိမ်း စောင့်ရှောက်ရေးတွေ လုပ်တဲ့အခါမှာ ထောက်ခံတဲ့ ပရိသတ်ဟာ ထုနဲ့ထည်နဲ့ ရှိပါတယ်။ ဒါကြောင့်လည်း၂ဝ၁၅ ရွေးကောက်ပွဲ နီးတော့ ကြံ့ခိုင်ရေးပါတီဦးဆောင်တဲ့ အစိုးရဟာ အမျိုးသားရေး အောင်နိုင်ပွဲတွေ နိုင်ငံအနှံ့ခမ်းခမ်းနားနား ကျင်းပခွင့်ပေးခဲ့တယ်။ အမျိုးသားရေးသမားတွေ လိုလားနေတဲ့ အမျိုးစောင့်ဥပဒေတွေ ကို အတည်ပြုပေးခဲ့တယ်။ အမျိုးသားရေးခေါင်းစဉ်တပ်တဲ့ ပါတီ တွေ ပေါ်လာခဲ့တယ်။

အထူးပြုပြီးထပ်ပြောရရင် မြန်မာနိုင်ငံမှာ အမျိုးသား ရေးအင်အားစုတွေဟာ အခိုင်အမာထုနဲ့ ထည်နဲ့ ရှိနေပါတယ်။ ဒီအပေါ်မှာ နိုင်ငံရေးအရ အမြတ်ထုတ်ချင်တဲ့သူတွေဟာလည်း အမြဲတမ်းချောင်းမြောင်းနေတယ်ဆိုတာပါပဲ။

နိုင်ငံရေး အမြတ်ပေါ်ခြင်း

မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ ဆိတ်သုဉ်းနေတာ ကြာခဲ့ပါပြီ။ ၂ဝ၁ဝ မှာတော့ ၂ဝဝ၈ ဖွဲ့စည်းပုံအရ ရွေးကောက်ပွဲတွေ ကျင်းပပြီး လွှတ်တော်ရှိလာတယ်၊ အရပ်သား အစိုးရဆိုတာ ထွက်ပေါ်လာခဲ့တယ်။ တကယ်တော့ လွှတ်တော်တွင်းက စလို့ အစိုးရထိပ်ပိုင်းခေါင်းဆောင် သမ္မတအထိဟာ ယခင်စစ်အစိုးရထဲက ပုဂ္ဂိုလ်တွေပဲ ဖြစ်ခဲ့ပါတယ်။

သူတို့ရဲ့ အတိုက်အခံပါတီဖြစ်တဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ဦးထိပ်ထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ကနဦးတုန်းက ရွေးကောက်ပွဲမှာ မပါဝင်ခဲ့တာကြောင့် ကြံ့ခိုင်ရေးပါတီဟာ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ အလွယ်တကူပဲ နေရာအများစု မှာ အနိုင်ရလိုက်ပါတယ်။

ဒါပေမဲ့ ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပတဲ့အခါမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ရွေးကောက်ပွဲဝင်ခဲ့ပါ တယ်။ ရွေးကောက်ပွဲမှာ နေရာအားလုံးနီးပါး အနိုင်ရလိုက်ပါတယ်။ ဒါဟာ တစ်နည်းအားဖြင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီအတွက် ဘာလုပ်ရမယ်ဆိုတာ ပြောပြလိုက်သလို ပါပဲ။

တိုက်ဆိုင်တယ်ပဲပြောပြော၊ ရည်ရွယ်ချက်ရှိရှိလုပ်တယ်ပဲ ပြောပြောပါ အဲဒီကာလအလွန်မှာ အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း ဦးအောင်သောင်းက ဆရာတော်ဦးဝီရသူကို တွေ့ဆုံခဲ့ တယ်၊ ပြီးတော့ ရခိုင်ပြည်နယ်မှာ ပဋိပက္ခတွေဆက်တိုက်ဖြစ် ခဲ့တယ်။

ရခိုင်ပြည်နယ်မှာ ပဋိပက္ခတွေ ဖြစ်ပြီးတဲ့နောက်ပိုင်းမှာ တော့ မိတ္ထီလာမှာ ဗုဒ္ဓဘာသာနဲ့ မွတ်စလင်တွေကြား ပြဿနာတွေ ထပ်ဖြစ်တယ်။ ဘယ်အဖွဲ့၊ ဘယ်သူတွေလုပ်တယ်ဆိုတာ တရားဝင် မဖော်ထုတ်နိုင်ခဲ့ဘူး။ အစိုးရရဲ့ လုံခြုံရေးအဖွဲ့တွေဟာလည်း ပဋိပက္ခတွေကို တမင်မထားဆီးဘဲ လွှတ်ထားသလား မှတ်ရလောက်အောင် နောက်ကျပြီးမှ ရောက်လာတတ်တယ်။ ဒါကြောင့်လည်း တချို့က အစိုးရရဲ့ လုပ်ရပ်ကို မေးခွန်းထုတ်တယ်။

ပြီးတော့ ဒီလိုပြဿနာတွေဖြစ်အောင် အဖွဲ့အစည်းတစ်ခုဟာ နောက်ကနေတမင်လုပ်တယ်ဆိုတဲ့ စွပ်စွဲမှုတွေလည်း ရှိခဲ့တယ်။ ပဲခူးတိုင်းနဲ့ မန္တလေးမြို့တွေမှာ ဒီလိုပြဿနာတွေဖြစ်တိုင်း အမျိုးအမည်မသိတဲ့ လူတစ်စုဟာ အမြဲတမ်းပေါ်လာတတ်တယ်။ ပြဿနာမဖြစ်၊ ဖြစ်အောင် ဖန်တီးကြတယ်။

တစ်ဖက်မှာ အမျိုးသားရေးလှုပ်ရှားသူတွေကလည်း မြန်မာပြည်အနှံ့ မွတ်စလင်မုန်းတီးရေးလှုပ်ရှားမှုတွေ ကျယ်ကျယ် ပြန့်ပြန့်လုပ်နေကြတယ်။ တစ်ချိန်တည်းမှာပဲ ဦးဝီရသူကလည်း အမျိုးသားရေးတရားတွေကို ပြန်လည်ဟောကြားနေပါပြီ။ သူ့ရဲ့ တရားပွဲတွေမှာ မွတ်စလင်တွေအပေါ် အမြင်မကြည်လင်စေမယ့်၊ အမုန်းပွားစေမယ့် အကြောင်းတွေ ပြောဟောနေပါပြီ။

(ကျွန်တော့်အနေနဲ့ ကိုယ့်အမျိုး၊ ကိုယ့်ဘာသာကို ထိန်းသိမ်းစောင့်ရှောက်ရမယ်ဆိုတာ အကြွင်းမဲ့ ယုံကြည်ပါတယ်။ ဒါပေမဲ့ တခြားဘာသာဝင်တွေအပေါ် အမုန်းပွားပြီးမှ ကိုယ့်ဘာသာကို ထိန်းသိမ်းစောင့်ရှောက်မယ့် နည်းလမ်းမျိုးတော့ လုံးဝမယုံကြည်ပါ။ အပြစ်လုပ်သူ ဘယ်ဘာသာဝင်မဆို တရားဥပဒေအရသာ အရေးယူ၊ အပြစ်ပေးခြင်းမျိုးကိုသာ လိုလားပါတယ်)

ဒါကြောင့်လည်း ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခတွေ ဖြစ်ရတဲ့အပေါ် ဒီမိုကရေစီနဲ့လူ့အခွင့်အရေးသမားတွေက အမျိုးသားရေးလှုပ်ရှားသူတွေကို အပြစ်ပြောတယ်၊ အစိုးရကိုလည်း ဝေဖန် ထောက်ပြတယ်။ အမျိုးသားရေးသမားတွေကလည်း ဒီမိုကရေစီ နဲ့ လူ့အခွင့်ရေးသမားတွေကို မွတ်စလင်တွေ၊ အနောက်အုပ်စုတွေ နဲ့ ပေးစားတယ်။

အနောက်ဘက်က လူ့အခွင့်ရေးသမားတွေကလည်း မြန်မာနိုင်ငံမှာ လူနည်းစု မွတ်စလင်တွေကို ဗုဒ္ဓဘာသာဝင်တွေက သတ်ဖြတ်နေကြပြီ၊ နှိပ်စက်နေကြပြီ၊ လူ့အခွင့်အရေး ချိုးဖောက် မှုတွေ ကျူးလွန်နေကြပြီ၊ ရခိုင်ပြည်နယ်မှာရှိတဲ့ နိုင်ငံတကာက ရိုဟင်ဂျာလို့ခေါ်သူတွေကိုလည်း လူမျိုးတုံးသတ်ဖြတ်မှုတွေလုပ်နေကြပြီဆိုပြီး ကမ္ဘာသိအောင်လုပ်တယ်။ အထူးသဖြင့် ရခိုင်ပြည်နယ်မှာရှိတဲ့ ဘင်္ဂါလီတွေကို ရိုဟင်ဂျာလူမျိုးဖြစ်အောင် ဖန်တီးတယ်။ လူ့အခွင့်ရေးရှုထောင့်ကကြည့်ပြီး ရိုဟင်ဂျာအခွင့် အရေးတွေကို ကာကွယ်ဖို့ ကြိုးစားကြတယ်။

အဲဒီအချိန်က နိုင်ငံအုပ်ချုပ်နေတဲ့ USDP ပါတီမှ သမ္မတ ဦးသိန်းစိန်က မြန်မာနိုင်ငံမှာ ရိုဟင်ဂျာလူမျိုး မရှိတဲ့အကြောင်း တရားဝင် ကြေညာလိုက်တယ်။ သမ္မတဦးသိန်းစိန်ကို ချစ်တဲ့ အမျိုးသားရေးသမားတွေ အများအပြားပေါ်ထွက်လာတယ်။ တစ်ချိန်တည်းမှာပဲ USDP ဟာလည်း အလိုအလျောက်ကို ထောက်ခံတဲ့ ပရိသတ်တွေ ရလာတယ်။

Photo – Thet Oo Mon                                  ကိုဆွေဝင်းကို  ရဲတပ်ဖွဲ့မှ လာ‌ရောက်စစ်ဆေး‌‌နေစဉ်

ရိုဟင်ဂျာနဲ့ နိုင်ငံတကာမီဒီယာ

ရခိုင်ပြည်နယ်က ဘင်္ဂါလီတွေကို ရိုဟင်ဂျာလူမျိုးဆိုပြီး အမည်တပ် ရိုဟင်ဂျာအခွင့်အရေးအတင်းအော်နေတဲ့ အနောက် နိုင်ငံတွေရဲ့ လုပ်ရပ်ကလည်း မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးမှာ ဝန်ထုပ်ဝန်ပိုးတစ်ခုပါပဲ။ ရခိုင်ပြည်နယ်မှာရှိတဲ့ ဘင်္ဂါလီ ပြဿနာက အခုမှ ဖြစ်လာတာ မဟုတ်ဘူးဆိုတာ အားလုံးသိပါတယ်။ အစိုးရအဆက်ဆက် မရှင်းဘဲထားခဲ့ရာက ဒီမိုကရေစီအကူး အပြောင်းမှာ ထကြွလာတဲ့ ပြဿ      နာတစ်ခုပါ။

ဒီကိစ္စကို လူ့အခွင့်အရေးရှုထောင့်တစ်ခုတည်းက ကြည့်ပြီး နိုင်ငံတကာအရေးအနေနဲ့ ဖြေရှင်းဖို့ ကြိုးစားရင်တော့ ပြည်တွင်းမှာ ပဋိပက္ခဖြစ်ရုံကလွဲလို့ အဖြေထွက်လာမယ့် ကိစ္စမဟုတ် ပါဘူး။ ပြည်ပက ဖိအား၊ ပယောဂတွေ ဝင်လာမယ်ဆိုရင် ပြဿနာက မရှင်းနိုင်တဲ့အပြင် ပိုပြီးရှုပ်ထွေးလာမှာ ကျိန်းသေ ပါတယ်။

၂ဝ၁၄ မှာ အမေရိက လွှတ်တော်ကြားဖြတ်ရွေးကောက်ပွဲ တစ်ခုကို သွားရောက် လေ့လာခွင့်ရခဲ့ပါတယ်။ တကယ်ကို ဗဟ သုတရခဲ့တဲ့ ခရီးစဉ်တစ်ခုပါ။ အဲဒီခရီးစဉ်မှာ အမေရိကမှာ အနေကြာပြီဖြစ်တဲ့ မြန်မာတစ်ယောက်နဲ့ စကားပြောခဲ့ရတာလေးကို ပြန်ပြောပြချင်ပါတယ်။ သူဟာ မီဒီယာကြီးတစ်ခုမှာ အလုပ်လုပ်နေတဲ့သူပါ။ စကားပြောကြတဲ့အထဲမှာ ရိုဟင်ဂျာဆို တာလည်း ပါပါတယ်။

သူပြောတာက အမေရိကမှာ ရိုဟင်ဂျာတွေအကြောင်း ပြောရင် အရမ်းသဘောကျကြတယ်၊ သူတို့ကို အရမ်းသနားကြ တယ်၊ သူတို့ကို သနားကြောင်းပြောမှ ကြိုက်တာလို့ ဆိုတယ်။ ဒါပေမဲ့ ရိုဟင်ဂျာ မကြိုက်တဲ့အကြောင်းတော့ သွားမပြောနဲ့ ကိုယ်တွေကို လူရိုင်းတွေလို ကြည့်တာ၊ အဲဒီလို သဘောထားကြ တာလို့ ရှင်းပြတယ်။

သူထပ်ပြီး ရှင်းပြတာက အမေရိကန်တွေဟာ အရှေ့ အလယ်ပိုင်းမှာ အကြမ်းဖက်သမားတွေကို နှိမ်နင်းတယ်ဆိုပြီး နိုင်ငံတွေကို ဝင်တိုက်တယ်၊ စစ်ပွဲတွေ ဖြစ်တယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း သူတို့ဟာ လူ့အခွင့်အရေးနဲ့ပတ်သက်လို့ ဘယ်လောက်အထိ တန်ဖိုးထားတယ်၊ အကာအကွယ်ပေးပါတယ်ဆိုတာကိုပြချင်တော့ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ရိုဟင်ဂျာကိစ္စမျိုးကိုပုံကြီးချဲ့ ထောက်ပြကြတယ်လို့ သုံးသပ်ပြတယ်။

သူဟာ ဒီအကြောင်းကို ဘာကြောင့်ပြောတယ်ဆိုတာ မသိပေမယ့် ကျွန်တော်ကတော့ သူ့ပြောတဲ့အပေါ်မှာ အပြည့်အဝ ထောက်ခံမိတယ်။ နိုင်ငံရေးကစားတယ်ဆိုတာ စာအုပ်ထဲလောက်သာ ဖတ်ဖူးတာ အခုလို အပြင်က အဖြစ်အပျက်တွေနဲ့ ချိတ်ဆက်ပြလိုက်တော့ ခေါင်းထဲမှာ ရှင်းသွားတယ်။

အဲဒီတော့ ကျွန်တော်တို့ မြင်နေ၊ ကြားနေတဲ့ ရခိုင်ပြည် နယ်က လူ့အခွင့်အရေးတောင်းဆိုမှုတွေ၊ ရခိုင်တိုင်းရင်းသားတွေနဲ့ ဘင်္ဂါလီတွေကြား အကြမ်းဖက်တိုက်ခိုက်မှုတွေ၊ အမျိုးသားရေးလှုပ်ရှားမှုတွေဟာ အပေါ်ယံလောက်သာဖြစ်ပြီး နောက်ကွယ်မှာ ကိုယ်မမြင်နိုင်တဲ့ အရာတွေ ရှိနေပါသေးလားလို့ သတိ ထားကြည့်မိလာတယ်။

ပြီးခဲ့တဲ့လပိုင်းက မောင်တောမြို့နယ်ထဲက ရဲစခန်းတွေ အကြမ်းဖက်ခံခဲ့ရတဲ့ နောက်ပိုင်း အနောက်နိုင်ငံတွေရဲ့ ရိုဟင်ဂျာ ဇာတ်လမ်း ပုံဖော်ဖို့ ကြိုးစားနေတာဟာ တော်တော်ကြီးကို သိသာထင်ရှားလာပါတယ်။ ကမ္ဘာ့မီဒီယာတွေဟာ သတင်းတွေကို ချဲ့ကားရေးကြတယ်၊ သတင်းအမှားတွေကို ခပ်တည်တည်နဲ့ ဖော် ပြခဲ့ကြတယ်။

ကုလသမဂ္ဂအဖွဲ့အစည်းကြီးဆိုတာလည်း အနောက်မီဒီ ယာတွေရဲ့ လေသံအတိုင်း အသံထွက်တယ်။ သူတို့ရဲ့ လုပ်ရပ်တွေ ဟာ ရခိုင်အရေးဖြေရှင်းဖို့ ကြိုးစားနေတဲ့ လက်ရှိအစိုးရရဲ့ ကြိုး ပမ်းမှုတွေကို များစွာ အဟန့်အတားဖြစ်စေသလို ပြည်တွင်းမှာ မတည်မငြိမ်ဖြစ်စေဖို့ကိုလည်း အားပေးရာရောက်ပါတယ်။

မောင်တောက ရဲစခန်းအကြမ်းဖက်ခံရမှုနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ပံ့ပိုးကူညီမယ်ဆိုရင် ကျေးဇူးတင်အသိအမှတ်ပြုရမှာဖြစ်ပေမယ့် အဆိုးဘက်ကိုသာ မြင်နေမယ်ဆိုရင် ဘာအကျိုးမှရှိမှာ မဟုတ်ဘူးလို့ ပြည်ပမီဒီယာတစ်ခုနဲ့တွေ့ဆုံရာမှာ ပြောကြားခဲ့ပါ သေးတယ်။

ဒါ့အပြင် ရခိုင်မှာဖြစ်နေတဲ့ အခြေအနေတွေကို စိုးရိမ် တုန်လှုပ်နေကြသူတွေဟာ မွတ်စလင်တွေချည်းပဲမဟုတ်ဘဲ ရခိုင် တိုင်းရင်းသားတွေလည်း ပူပန်ခြောက်ခြားလျက်ရှိနေပါတယ် လို့ ဆိုပါတယ်။ မီဒီယာတွေအနေနဲ့လည်း မီးလောင်ရာလေပင့် မနေကြပါနဲ့လို့လည်း နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က မောင်တော်မြို့နယ်က ရဲတပ်ဖွဲ့ဝင်တွေ အကြမ်းဖက်ခံခဲ့ရမှုနဲ့ပတ်သက်လို့ ထည့်သွင်း ပြောကြားခဲ့ပါသေးတယ်။

ဒါကြောင့် မြန်မာနိုင်ငံရဲ့ ဘာသာရေး၊ လူမျိုးရေးပြဿ      နာတွေမှာ ရခိုင်အရေးနဲ့ဆက်စပ်ပြီးတော့ ပြည်ပနိုင်ငံတွေရဲ့ ဖိအားတွေ ခြယ်လှယ်မှုတွေဟာ တစ်စိတ်တစ်ပိုင်းပါဝင်နေပါတယ်။

ဒီနေရာမှာ စကားစပ်လို့ သတိထားစရာအဖြစ်ပြောရရင် ၂ဝ၁၆ အောက်တိုဘာလထဲမှာ ကျွန်တော် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားရောက်လေ့လာခွင့်ရခဲ့ပါသေးတယ်။ မြန်မာပြည်က သတင်းစာသမားတချို့ကို ဘင်္ဂလားဒေ့ရှ်အစိုးရက တရားဝင်ဖိတ်ခေါ်ပြီး သူတို့နိုင်ငံရဲ့ မီဒီယာအခင်းအကျင်းကို လေ့လာစေခဲ့တဲ့ ခရီး စဉ်ပါ။

သူတို့ဟာ မီဒီယာကဏ္ဍမှာ မြန်မာနိုင်ငံထက် အများကြီးသာတယ်။ လူတစ်ဦးချင်းစီရဲ့ ဝင်ငွေဟာလည်း မြန်မာနိုင်ငံထက် သာပါတယ်။ မြန်မာနိုင်ငံက သတင်းသမားတွေကို ဖိတ်ခေါ်ခြင်း က မြန်မာနိုင်ငံဟာ သူတို့အတွက် ရေရှည်မှာ ဆက်ဆံရေး ကောင်းရမယ့် နိုင်ငံအဖြစ် ရှုမြင်တာကြောင့်ဖြစ်သလို သူတို့ နိုင်ငံရဲ့ အဆင့်အတန်းကို သိစေချင်တဲ့ သဘောလို့ ကျွန်တော်တို့ သုံးသပ်မိတယ်။

တစ်ရက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ နေ့လယ်စာနဲ့ ဧည့်ခံပြီး စကားပြောကြတယ်။ သူတို့ဟာ ရခိုင်ပြည်နယ်က ဘင်္ဂါလီအရေးကို မေးတယ်။ သူတို့ အရမ်း စိတ်ဝင်စားတယ်ဆိုတာ တွေ့ရတယ်။ ပြီးတော့ သူတို့ရဲ့ ရေမြေနဲ့ လူဦးရေအခြေအနေတွေလည်း ပြောဖြစ်ကြတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ မြန်မာနိုင်ငံမှာရှိတဲ့ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ မကွေးတိုင်းဒေသကြီး နှစ်ခုပေါင်းလောက်ပဲ အကျယ်အဝန်းရှိတဲ့ နိုင်ငံတစ်ခုပါ။ ဒါပေမဲ့ လူဦးရေက သန်း ၁၅ဝ ကျော်ရှိတာကြောင့် မြန်မာနိုင်ငံလူဦးရေဟာ သူ့ရဲ့အစွန်းထွက်လောက်ပဲရှိပါတယ်။ မြို့တော်ဒါကာမှာ လူဦးရေ သန်း ၂ဝ လောက်ရှိပြီး ငါးသန်းလောက်ဟာ တခြားမြို့ကနေ နေ့စဉ် အလုပ်သွား၊ အလုပ်ပြန် လုပ်နေတယ်လို့ ဆိုပါတယ်။

ဒီနေရာမှာ ကျွန်တော်တွေးမိတာက ဘင်္ဂလားဒေ့ရှ် နိုင်ငံဟာ မြန်မာနိုင်ငံအပေါ်စိတ်ဝင်စားတယ်၊ သံခင်းတမန်ခင်း ဆက်ဆံဖို့ စကြိုးစားလာတယ်လို့ မြင်တယ်။ ဒီလိုအခြေအနေမှာ ကိုယ့်မြန်မာနိုင်ငံက ပြည်တွင်းပြဿ      နာတွေနဲ့တင် လုံးလည်ချာလည် လိုက်နေရတယ်၊ အခုမှ အင်စတီကျူးရှင်းတွေ အားကောင်း ဖို့ ကြိုးစားနေရတုန်း၊ ရခိုင်က ပြဿ      နာတွေကိုလည်း မဖြေရှင်း နိုင်သေးဘူး။

ဒီလိုအခြေအနေတွေ ရှိနေတဲ့အချိန်မှာ ကိုယ့်ရဲ့အနောက်ဘက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဘာမှမဟုတ်ပါဘူးကွာဆိုတဲ့ သဘောနဲ့ မေ့ထားမယ်ဆိုရင် မှားသွားလိမ့်မယ်ဆိုတဲ့အသိ ဘင်္ဂလားဒေ့ရှ်က ပြန်လာတော့ ရလိုက်တယ်။ ပြီးတော့ ကျွန်တော်တို့ တွေ ပြည်တွင်းမှာပဲ ညှိမရ၊ နှိုင်းမရနဲ့ ပြဿ      နာ တွေဖြစ်နေမယ် ဆိုရင် ကိုယ်တွေကို ကျော်သွားမယ့်သူတွေ ရှိတယ်ဆိုတာ သတိထားစရာအဖြစ် စကားစပ်မိလို့ ပြောပါရစေ။

အထက်မှာ ပြောခဲ့တာတွေကို ပြန်ကြည့်မယ်ဆိုရင် မြန်မာ နိုင်ငံရဲ့ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခတွေဟာ အမျိုးသားရေး လှုပ်ရှားသူတွေရဲ့ ပြောဆိုလုပ်ကိုင်မှုတွေ၊ နိုင်ငံရေး အမြတ်ထုတ်လိုမှုတွေ၊ ပြည်ပနိုင်ငံတွေရဲ့ ဖိအားပေးမှုတွေအပေါ် မူတည်ပြီး ဖြစ်ခဲ့တယ်။ ပြီးတော့ အဲဒီပယောဂေတွေကြောင့်လည်း ပဋိပက္ခတွေဟာ အချိန်မရွေး ထဖြစ်နိုင်တယ်လို့ ရှုမြင်ပါတယ်။

တစ်နည်းပြောရရင် ပြဿ      နာကို နည်းမှန်၊ လမ်းမှန်နဲ့ ကြိုးစားဖြေရှင်းဖို့ထက် ဒီအပေါ်မှာ အမြတ်ထုတ်လိုမှုတွေ ရှိနေတာကြောင့်လည်း အထူးသတိထားရမှာဖြစ်ပါတယ်။

ကျွန်တော်တို့လူ့အဖွဲ့အစည်းမှာ အစ္စလာမ်ဘာသာဝင်တွေရော၊ ဗုဒ္ဓဘာသာဝင်တွေပါ အများအပြားသေဆုံးခဲ့ရပြီးပြီ။ အိုးမဲ့အိမ်မဲ့တွေဖြစ်ခဲ့ပြီးပြီ၊ လူတွေအားလုံးလည်း ထိတ်လန့်ကြောက်ရွံ့မှုတွေနဲ့ နေခဲ့ရပြီးပြီ။ ဒါတွေ ထပ်မဖြစ်စေချင်တော့ပါဘူး။

ထောင်ချောက်တွေလား

ဒါပေမဲ့ ၂ဝ၁၇ နှစ်ဆန်းပိုင်းမှာ လူမျိုးရေး၊ ဘာသာရေးကို ဖြစ်စေနိုင်မယ့် အရိပ်အငွေ့တွေ မြင်လာရပါတယ်။ ရခိုင်ပြည်နယ်၊ မောင်တောမှာ ရဲစခန်းတွေ အကြမ်းဖက်ခံရမှုတွေ ဖြစ်ခဲ့သလို ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ရှေ့နေ(ဆရာ)ဦးကိုနီအသတ်ခံ ခဲ့ရတယ်။

ဆရာဦးကိုနီ လုပ်ကြံခံရတယ်လို့ ပထမဆုံးကြားတော့ အံ့အားသင့်မိတယ်။ သေဆုံးသွားပြီလို့ သိရတဲ့အခါမှာ ဝမ်းနည်းတာတွေ၊ နှမြောတာတွေ၊ စိုးရိမ်စိတ်တွေ ဝင်လာတယ်။ နှမြောမိတာက NLD ရဲ့ ဥပဒေအကြံပေး၊ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ ကြိုးစားနေတဲ့ပညာရှင်တစ်ယောက်ဖြစ်တဲ့အတွက် နှမြောမိတာ။

စိုးရိမ်စိတ်ဖြစ်တာကတော့ ဆရာဦးကိုနီကို လုပ်ကြံလိုက်တဲ့ကိစ္စဟာ ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ကို မှန်အောင်ပစ်တဲ့အပြင် ပတ်ဝန်းကျင်မှာရှိတဲ့ အိမ်တွေရဲ့ မှန်တွေကိုပါ ကွဲအက်သွားအောင် လုပ်ပစ်လိုက်တာပါ။ သဘောက NLD ကို ဥပဒေ အကြံပေးနိုင်တဲ့သူကို သတ်ပစ်လိုက်တာ၊ ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့ ကြိုးစားနေတဲ့ ပညာရှင်တစ်ယောက်ကို သတ်ပစ်လိုက်တာ၊ ပြီးတော့ ဘာသာရေးပဋိပက္ခတွေရှိနေတဲ့ မြန်မာနိုင်ငံမှာမွတ်စလင်ပညာရှင်တစ်ဦး အသတ်ခံလိုက်ရတာပါ။ ဒါကြောင့် ပြဿနာဟာ တစ်ခုမဟုတ်တစ်ခု ဖြစ်လာလေမလားလို့ တွေးခဲ့မိတယ်။

အတိုချုံ့ပြောရရင် ဆရာဦးကိုနီသတ်ခံရပြီး တစ်လအကြာမှာ လူတွေရဲ့ စိတ်ဝင်စားမှု၊ မီဒီယာတွေရဲ့ စိတ်ဝင်စား အာရုံစိုက် ရေးသားမှုတွေဟာ ဘာသာရေးဘက်ကို လှည့်သွားပါတယ်။ ဆရာဦးကိုနီရဲ့ အသတ်ခံရတဲ့အမှုတောင် မှေးမှိန်သွားပြီး ဘာသာရေး၊ လူမျိုးရေး ဆဲဆိုဝေဖန်မှုတွေ ညံလာပါတယ်။

အဲဒီလို အလှည့်အပြောင်းဖြစ်သွားတာဟာ ဖေဖော်ဝါရီ ၂၅ ရက် ဆရာဦးကိုနီအသတ်ခံရမှုနဲ့ ပတ်သက်ပြီး အစိုးရရဲ့ သတင်းစာရှင်းလင်းပွဲအပြီးမှာ ဖြစ်လာတာပါ။ အတိအကျ ပြောရရင် Myanmar Now သတင်းဌာနက အယ်ဒီတာ ကိုဆွေဝင်း မေးတဲ့မေခွန်းက စခဲ့တာလို့ ဆိုရမှာပါ။

တစ်နာရီကျော်ကြာတဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တချို့မေးခွန်း မေးခွင့်ရခဲ့ပါတယ်။ ကိုဆွေဝင်းက မေးခွန်း နှစ်ခုမေးခဲ့ပါတယ်။ သူဟာ နောက်ဆုံးမေးခွန်း မေးတဲ့သူကနေ ပြန်ရေတွက်ရင် ဒုတိယ မေးခွင့်ရတဲ့သူပါ။

သတင်းစာရှင်းလင်းပွဲမှာ ပြည်ထဲရေးဝန်ကြီးကရော၊ ရဲချုပ်ကရော ပြောသွားတာ ဆရာဦးကိုနီအသတ်ခံရတာနဲ့ ပတ်သက်တဲ့ စုံစမ်းတွေ့ရှိချက်တွေပါပဲ။ သတင်းထောက်တွေ မေးခွန်းမေးတော့လည်း ဒါတွေကိုပဲ ဖြေသွားခဲ့တာပါ။ ဒါပေမဲ့ ကိုဆွေဝင်းကတော့ တခြားသတင်းထောက်တွေနဲ့ မတူတဲ့ မေးခွန်းကို မေး လိုက်ပါတယ်။

ဒီနေရာမှာ သတင်းသမားတွေ သတိထားရတာ တစ်ခုက ကိုယ်ရေးသားတဲ့သတင်းဟာ ဘယ်သူ့အတွက် အကျိုးရှိမှာလဲ၊ ဒီသတင်းကြောင့် ပြဿနာတွေဖြစ်လာနိုင်လားဆိုတာ သတိထားရပါတယ်။ သတင်းတစ်ပုဒ်လုံးတောင် မဟုတ်ပါဘူး။ စကားလုံးအသုံးအနှုန်းတစ်ခုချင်းစီအပေါ်မှာပါ သတိထားရတာပါ။ (ရခိုင်ပဋိပက္ခတုန်းက ဓာတ်ပုံသတင်း၊ အစိုးရ သတင်းစာရဲ့ အသုံးအနှုန်းတွေက သင်ခန်းစာပါ)။

အစိုးရသတင်းစာက ငြိမ်းချမ်းရေးသတင်းတွေမှာ တိုင်းရင်းသားလက်နက်ကိုင်တွေကို သောင်းကျန်းသူလို့ သုံးကြည့်လိုက်ပါ။ တိုင်းရင်းသားတွေအားလုံး ဆွေးနွေးပွဲစကားဝိုင်းက ထပြန်သွားကြပါလိမ့်မယ်။ ဒါကြောင့် သတင်းသမားတွေအတွက် သတင်းတစ်ပုဒ်လုံး မပြောနဲ့ အသုံးအနှုန်းတစ်ခုချင်းစီမှာကို အထူးသတိထားရပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ ကိုဆွေဝင်းပထမဆုံးမေးတဲ့ မေးခွန်းက (ရှေ့နေဦးကိုနီ လုပ်ကြံခံရမှုမှာ) မိုင်းဖြတ်လွှတ်တော် ကိုယ်စားလှယ်ဦးလင်းဇော်ထွန်း ပါဝင်မှု ရှိ မရှိ၊ ဒါနဲ့ဆက်စပ်ပြီး ကြံ့ခိုင်ရေးခေါင်းဆောင်တွေရဲ့ လက်ချက်လားဆိုတာနဲ့ ပတ်သက်ပြီး သံသယတွေလည်းရှိပါတယ်။ ဒါကို ဖြေပေးပါလို့ မေးသွားတာပါ။

ဒါနဲ့ပတ်သက်လို့ ပြည်ထဲရေးဝန်ကြီးဖြေသွားတာတွေဟာ အချက်အလက်မပါတဲ့ ယူဆချက်တွေပါပဲ။ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ဟာ ဒီလောက် မိုက်မဲပါ့မလားဆိုတာလည်း ပါပါသေးတယ်။

ဒုတိယ မေးခွန်းမှာဆိုရင် ဇေယျာဖြိုးဟာ ဘာသာရေးလိုက်စားသူဖြစ်တယ်၊ ဒီနှစ်တွေမှာ အမျိုးဘာသာ စောင့်ရှောက် ရေး ဆရာတော်တွေနဲ့ထိစပ်ပြီး သွားလာဝင်ထွက်တယ်ဆိုတာ ဓာတ်ပုံအထောက်အထားတွေနဲ့ တွေ့ရတယ်။ ပြီးတော့ သူပြောသွားတဲ့အထဲမှာ ဒီဓာတ်ပုံတွေဟာ အများပြည်သူမြင်ကွင်းမှာ ရိုက်တဲ့ပုံတွေ မဟုတ်ဘဲ သီးသန့်တွေ့ဆုံခဲ့တဲ့ ပုံတွေ ဆိုတာလည်း ထည့်ပြောသွားပါသေးတယ်။

ပြီးတာနဲ့ ”ကိုဇေယျာဖြိုးဟာ မဘသဆရာတော်တွေနဲ့ ချိတ်ဆက်ပြီးတော့မှ ဒါနဲ့ပတ်သက်ပြီး တိုင်ပင်ခဲ့တာ ရှိ၊ မရှိ သိလိုပါတယ်”လို့ မေးသွားပါတယ်။ တစ်ဆက်တည်းမှာတော့ အရင် ထောက်လှမ်းရေးအရာရှိ ကြီး၊ ငယ်တွေနဲ့ တိုင်ပင်ခဲ့တာ ရှိ မရှိဆို တာလည်း ဆက်မေးခဲ့ပါသေးတယ်။

မေးခွန်းတွေကို ပြန်ကြည့်ရင် ဆရာဦးကိုနီကို ကြံ့ခိုင်ရေးပါတီ က သတ်ခိုင်းတာ မဖြစ်နိုင်ဘူးလား၊ မဘသက သတ်ခိုင်းတာ မဟုတ်ဘူးလား၊ ထောက်လှမ်းရေးရော မဖြစ်နိုင်ဘူးလားလို့ မေးလိုက်တဲ့သဘောပါ။

ဝန်ကြီးက ပြန်ဖြေတဲ့အခါမှာလည်း တပ်မတော်ထောက်လှမ်းရေးဟာ တိုင်းပြည်အပေါ် သစ္စာဖောက်ပါ့မလားဆိုတာမျိုး၊ ဗုဒ္ဓဘာသာမှာ လူသတ်ဖို့ မပါဘူးဆိုတာမျိုး၊ ပြီးတော့ ဗုဒ္ဓဘာသာဖြစ်လို့၊ အရာရှိဖြစ်လို့လည်း ပိုရှက်ရတဲ့အကြောင်းစတဲ့ ယူဆချက်၊ ခံစားချက်တွေပဲ ဖြေသွားတာပါ။

အဲဒီတော့ မြန်မာနိုင်ငံမှာ ဘာသာရေးပဋိပက္ခတွေရဲ့ အတိမ်အနက် အကဲဆတ်မှုကို သိရဲ့သားနဲ့ ကိုဆွေဝင်းဟာ ဘာကြောင့်များ မဘသနဲ့ ပတ်သက်တဲ့ လမ်းကြောင်းပြမေးခွန်းမျိုး မေးခဲ့ရတာလဲ ဆိုတာပြန်ပြီး မေးခွန်းထုတ်စရာပါ။ မသိလို့လား၊ သိရဲ့သားနဲ့ တမင်များ မေးလေသလား၊ သူသိနေတဲ့အချက်တချို့ကို ထုတ်ပြချင်တာလား။ စကားလုံးရွေးချယ်မှုမှားပြီး မေးမိလိုက်တာလား စသဖြင့် ကျွန်တော် ကိုယ့်ဘာသာကိုယ် မေးခွန်းထုတ်နေမိတယ်။

ကျွန်တော်တို့သတင်းသမားတွေဟာ ထင်မြင်ယူဆချက်တွေကို အထူးသတိထားရပါတယ်။ မေးခွန်းမေးတဲ့အခါမှာလည်း သတိထားမေးမြန်းရသလို သတင်းရေးသားတဲ့အခါမှာလည်း ယူဆချက်တွေကို သတိထားပြီး ရေးရပါတယ်။ သတင်းတွေမှာ အချက်အလက်မရှိဘဲ ထင်မြင်ယူဆချက်တွေပဲ အပြန်အလှန် ပြောနေမယ်ဆိုရင် ပြဿ      နာတွေက ကြီးထွားတတ်တဲ့ သဘောရှိတယ်ဆိုတာ သတင်းသမားတွေ သိကြပါတယ်။

နောက်တစ်ခုက သတင်းစာရှင်းလင်းပွဲမှာ ကိုဆွေဝင်း မေးလိုက်တဲ့ မေးခွန်းဟာ ဘာနဲ့တူသလဲဆိုရင် တစ်ဖက်ဘောလုံးအသင်းကို ပင်နယ်တီဘောတွေ ပေးကန်ခိုင်းလိုက်သလိုပါပဲ။ တစ်ဖက်အသင်းက ဘောလုံးကို သေချာတည်ပြီး လှလှပပကြီးကို သွင်းလို့ရတဲ့ အနေအထားတစ်ခုကို ပေးလိုက်တာပါ။

ကိုဆွေဝင်းဟာ အဲဒီသတင်းစာရှင်းလင်းပွဲမှာတင် ကိစ္စက မပြီးသွားပါဘူး။ သူမေးတဲ့မေးခွန်းနဲ့ ပတ်သက်ပြီး ဆရာတော် ဦးဝီရသူက ဆရာဦးကိုနီကို သတ်တဲ့သူတွေအားလုံးကို ကျေးဇူးတင်တယ်လို့မိန့်တယ်။ ဒီအပေါ်မှာ သတင်းတွေ၊ အင်တာဗျူးတွေ ထပ်လုပ်ကြတယ်။

အမြင်မတူသူတွေကို တွေ့ပြီး တစ်ဖက်ရဲ့ပြောဆိုချက်ကို ဆန့်ကျင်ဘက်တစ်ဖက်က ဘယ်လိုမြင်လဲဆိုတာမျိုးတွေကို သတင်းလုပ်ပြီး ရေးကြတယ်။ မူလဖြစ်တဲ့ ပြဿ      နာနောက်မလိုက်ဘဲ နောက်ထပ် ပြဿ      နာတစ်ခု မဖြစ်၊ ဖြစ်အောင် ဆွသလို ဖြစ်လာတယ်။ အကောင်မဖမ်းဘဲ အရိပ်တွေနောက် လိုက်တဲ့ သဘောမျိုး တွေ့လာရတယ်။

ကိုဆွေဝင်းရဲ့ ဖေ့စ်ဘွတ်ခ်မှာဆိုရင် ‘ဝီရသူ ပါရာဇိကကျပြီး ရဟန်းဘဝ နိဋ္ဌိတံသွားပြီဖြစ်ကြောင်း သိရပါတယ်။ ပါရာဇိက အခုမှကျတာတော့ မဟုတ်လောက်ဘူး’၊ ‘ရွေးကောက်ပွဲပြီးကတည်းက အသံတိတ်သွားတဲ့ မဘသပြန်လာပြီ။ သူတို့စင်ရ သွားပြီ’စသဖြင့် ရေးသားပြီး သူ့သတင်းဌာနက ရေးတဲ့ သတင်း တွေ၊ အင်တာဗျူးတွေကို ထပ်ဆင့်မျှဝေထားပါတယ်။

စိတ်မကောင်းတာက ‘ရွေးကောက်ပွဲပြီးကတည်းက အသံတိတ်သွားတဲ့ မဘသပြန်လာပြီ။ သူတို့စင်ရသွားပြီ’လို့ ဆိုတဲ့ သူ့ရဲ့ ရှုမြင်ပုံပါ။ ရွေးကောက်ပွဲပြီးကတည်းက အသံတိတ်ပြီး အေးဆေးနေနေတဲ့ မဘသအဖွဲ့အစည်းကြီးကို ကျေးဇူးတင်စရာ မကောင်းဘူးလား၊ အဲဒီကာလအတွင်း အမျိုးဘာသာ၊ သာသနာ ရေးကိစ္စတွေမှာ ဖြစ်နေတဲ့ပြဿ      နာတွေကို အတူတကွဆွေးနွေးတိုင်ပင်ပြီး လုပ်သွားကြရင် မကောင်းဘူးလား။ ကိုဆွေဝင်းက ‘သူတို့စင်ရသွားပြီ’လို့ မြင်တယ်။ ကျွန်တော်ကတော့ မဘသ အဖွဲ့ကို ပြဿ      နာထဲ ဝင်လာဖို့ လမ်းစပေးလိုက်တာလို့ မြင်တယ်။

ပြီးတော့ ဝေဖန်ပြောဆိုမှုတွေ အပြန်အလှန်ဖြစ်ခဲ့ပြီး အသရေဖျက်မှုနဲ့ တရားစွဲကြတဲ့အထိ ဖြစ်လာတယ်။ အဲဒီ နောက်ပိုင်း မီဒီယာတစ်ခုနဲ့ အင်တာဗျူးတဲ့ ဗီဒီယိုဖိုင်တစ်ခုမှာဆိုရင် ကိုဆွေဝင်းက ဆရာတော်ဦးဝီရသူကို လူ့အဆင့်မရှိဘူး၊ လူ့ အဖွဲ့အစည်းမှာ မရှိသင့်ဘူး၊ ပြင်းပြင်းထန်ထန် အပြစ်ပေးအရေးယူရမယ်၊ သူဟာ လူ့အဖွဲ့အစည်းအတွက် ကြမ်းပိုးပဲ၊ ရာဇဝတ်သား ထောင်ထဲတန်းထည့်ရမယ်၊ သေဒဏ်ရှိရင် သေဒဏ်ပေး ရမယ့် ပုဂ္ဂိုလ်မျိုးလို့ဆိုပြီး ပြင်းပြင်းထန်ထန်ကို ဝေဖန်ခဲ့တာပါ။ ကိုဆွေဝင်း အဲဒီလိုတွေ ပြောဆိုပြီးတဲ့နောက်ပိုင်းမှာ သူ့ကို ရန်မူချင်သူတွေတောင် ရှိလာပါတယ်။

ဆရာတော်ဦးဝီရသူကို သူ အရမ်းမုန်းနေခဲ့ရင်တောင် သတင်းသမားတစ်ယောက်အနေနဲ့ အဲဒီခံစားချက်တွေကို သူ လုပ်တဲ့ အလုပ်ပေါ်မှာ လွှမ်းမိုးနေတာမျိုးတော့ မဖြစ်သင့်ဘူးလို့ မြင်တယ်။

တစ်ကမ္ဘာလုံးနဲ့ တစ်ယောက်

ကိုဆွေဝင်း ပြောသလိုပါပဲ၊ ရွေးကောက်ပွဲကတည်းက မဘသအဖွဲ့အပါအဝင် ဦးဝီရသူပါ အသံတိတ်နေခဲ့ကြတာပါ။ မဘသ မလိုတော့ဘူးလို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း ပြောခဲ့စဉ်က အပြန်အလှန်ဝေဖန်မှုတွေ ဖြစ်ခဲ့တာကလွဲလို့ တခြားထူးခြားဖြစ်စဉ်မရှိဘဲ အေးအေးဆေးဆေးရှိခဲ့တာပါ။

ဒီနေရာမှာ ဦးဝီရသူအကြောင်းရေးခဲ့တဲ့ သူတစ်ယောက် အနေနဲ့ ဆရာတော်နဲ့ပတ်သက်တဲ့ အမြင်လေးတွေလည်း ပြောချင်ပါတယ်။ ဆရာတော်ဟာ စာတတ်ပေတတ်ပုဂ္ဂိုလ်တစ်ဦးဆို တာ ဆရာတော်အကြောင်း သိတဲ့သူ၊ ရင်းနှီးတဲ့သူ အားလုံးသိပါ တယ်။ ပြီးတော့ ဖြတ်ထိုးဉာဏ် ကောင်းတယ်ဆိုတာလည်း စကား ပြောဖူးရင် သိကြမှာပါ။

နောက်တစ်ခုက သူ့ကို လုံးကြီးတင်ရင် ဆံခတ်ပစ်မယ်ဆို တဲ့ ရပ်တည်ချက် သူ့မှာ ရှိပါတယ်။ အဲဒီရပ်တည်ချက်အတွက် ဘာမဆို လုပ်ရဲတဲ့စိတ်လည်း ရှိပါတယ်။ ဒီရပ်တည်ချက် အပြုအမူကြောင့် ပဲ ဦးဝီရသူဖြစ်လာတာလို့ ကျွန်တော်ယူဆပါတယ်။

အခုဖြစ်နေတဲ့ကိစ္စကို ကြည့်မယ်ဆိုရင်လည်း ဖေဖော်ဝါရီ ၂၅ ရက် သတင်းစာရှင်းလင်းပွဲမှာ ကိုဆွေဝင်းမေးခွန်း မေးပြီး ၂၆ ရက်မှာတော့ ဦးဝီရသူရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ‘ချောင်ကြို ချောင်ကြားက ကြည်လင်းများ’ဆိုတဲ့ ခေါင်းစဉ်နဲ့ စာစုတစ်ခု တက်လာပါတယ်။

ဒီစာစုမှာ မဘသကို စွပ်စွဲထားတဲ့ စွပ်စွဲချက်တွေကို ချေပထားတာနဲ့ ဆရာဦးကိုနီကို သတ်တဲ့ ဦးကြည်လင်းနဲ့ အမှုမှာ ပါ ဝင်ပတ်သက်တဲ့သူတွေကို ကျေးဇူးတင်ကြောင်း ပြောထားပါ တယ်။ သံဃာတစ်ပါးအနေနဲ့ အဲဒီလိုပြောရမလားဆိုပြီး မီဒီယာတွေက ဝိုင်းရေးကြတယ်။

ပြီးတော့ အဲဒီရက်ပိုင်းမှာ သူဟောထားတဲ့ တရားပွဲဗီဒီယို ဖိုင် ထွက်လာပါတယ်။ အဲဒီ ဟောကြားမှုတွေထဲမှာ မွတ်စလင်ကို ယူမယ့်အစား ခွေးနဲ့သာ ယူဖို့ဆိုတဲ့ ပြောကြားချက်တွေဟာလည်း လူတွေကြားမှာ ဝေဖန်စရာ ဖြစ်ခဲ့ပါတယ်။

သိပ်မကြာဘူး မဟန(နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့ )က သတိပေးခြင်းတောင် မလုပ်တော့ဘဲ တရား ဟောကြားခွင့် တစ်နှစ်ပိတ်လိုက်တယ်။ တရားမဟောရဘူးလို့ အမိန့် ထုတ်လိုက်တဲ့အခါမှာ ဦးဝီရသူဟာ တရားပွဲမှာ ပလ္လင်ပေါ်တက်၊ ပါးစပ်ကို တိပ်နဲ့ပိတ်ထားပြီး အရင်ဟောကြားပြီးသားတွေကို ပြန်လည်ဖွင့်ပေးထားပါတော့တယ်။

တကယ်တော့ ဦးဝီရသူ ငပုတောမြို့နယ်၊ ကျုံကူးရွာမှာ ဟောကြားခဲ့တဲ့ တရားဟာ အခုမှဟောတာမဟုတ်ပါဘူး။ အခုမှ ရေးကြီးခွင်ကျယ်လုပ်ပြီး သာသနာရေးဝန်ကြီးဌာနကရော၊ မဟနကပါ တရားပွဲတစ်နှစ်ပိတ်တာတွေ လုပ်နေတာပါ။ အမှန်က အစောကတည်းက ဦးဝီရသူ ဒီတရားဟောနေတာကို တားမြစ်သင့်တာ၊ တွေ့ဆုံညှိနှိုင်းဆွေးနွေးသင့်ခဲ့တာပါ။ (ဒါပေမဲ့ အစိုးရသစ်မှာ သာသနာရေးဝန်ကြီးဖြစ်လာတဲ့ သူရဦးအောင်ကိုဟာ ဝန်ကြီးဖြစ်ဖြစ်ချင်းမှာ စကားပြောမှားသွားတဲ့ အတွက် မွတ်စလင်အဖွဲ့အစည်းတွေရဲ့ ဝေဖန်မှုကို ခံခဲ့ရတယ်။ အဲဒီကာလမှာတော့ အင်းစိန်၊ ရွာမမှာရှိတဲ့ မဘသဗဟိုကို သွား ပြီး ဦးဝီရသူအပါအဝင် မဘသဆရာတော်တွေနဲ့ တွေ့ဆုံခဲ့တာတော့ ရှိပါတယ်။)

အခု အွန်လိုင်းမှာ ဝေဖန်နေကြတဲ့ တရားကို ၂ဝ၁၅ တုန်း က ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမှာ ဦးဝီရသူ ဟောကြားခဲ့ စဉ်က ကျွန်တော် နာခဲ့ဖူးပါတယ်။ တရားနာမည်က ၉၆၉ နဲ့ ဒို့ တာဝန်အရေးသုံးပါး တရားပါ။

အဲဒီတရားထဲမှာ ဟောသွားတဲ့ တချို့အကြောင်းအရာတွေ ဟာ အစ္စလာမ်ဘာသာဝင်တွေအတွက် စိတ်ဆိုးစရာ၊ မကျေနပ်စရာ၊ ဒေါသထွက်စရာတွေပါ။ ကျွန်တော် အဲဒီတရားကို နာနေစဉ်မှာ စိတ်ထဲတွေးမိတာက အစ္စလာမ်ဘာသာဝင်တွေ ရောက်လာပြီး တရားပွဲမှာ ပြဿ      နာဖြစ်ကြတော့ မလားလို့တောင် တွေးမိတာပါ။ ပြီးတော့ တရားနာပရိသတ်ထဲမှာရှိတဲ့ အမျိုးသမီးကြီး ငယ်တွေအတွက်လည်း မျက်နှာပူမိတယ်။

ဒါကြောင့်လည်း ကျွန်တော် ဆရာတော်နဲ့ အင်တာဗျူးတော့ ဒီတရားမျိုးဟောရတဲ့အကြောင်းနဲ့ ဒီလိုတရား မဟောရင် မရဘူးလားဆိုတာမျိုးတွေ ထည့်မေးခဲ့ပါသေးတယ်။

ပြီးတော့ ဆရာတော်ဦးဝီရသူကို ဒီလိုတရားတွေ မဟောစေချင်ခဲ့တဲ့အတွက်လည်း ကျွန်တော်ရေးတဲ့ ‘တစ်ကမ္ဘာလုံးနှင့် တစ်ယောက်’စာအုပ်မှာ ၉၆၉နဲ့ ဒို့တာဝန်အရေးသုံးပါးတရားရဲ့ တချို့အစိတ်အပိုင်းတွေကို ထည့်ရေးခဲ့ပါသေးတယ်။

စာအုပ်ရဲ့ ရှေ့ပိုင်းတွေမှာ ဆရာတော်ရဲ့ လေးစားစရာကောင်းတဲ့ လုပ်ရပ်တွေကို ဖတ်ရှုရပြီး နောက်ပိုင်းမှာတော့ ဆရာ တော်ဟောကြားတဲ့ တရားထဲမှာ တချို့အချက်တွေကြောင့် သူ့ကို သဘောမကျ၊ မနှစ်သက်စရာ ဖြစ်ရတယ်ဆိုတာကို ပေါ်လွင်စေချင်တာပါ။ ဆရာတော်ကိုလည်း ဒီစာအုပ်ဖတ်ရတဲ့အခါမှာ အဲဒီ ခံစားမှုကို ရစေချင်တယ်။

ချုပ်ပြောရရင် ဦးဝီရသူကိုရော၊ တခြား ဘယ်သူ့ကိုမဆို လူမျိုးရေး၊ ဘာသာရေးပြဿ      နာတွေ ဖြစ်စေမယ့် အပြောအဆို၊ အပြုအမှုတွေကို မလုပ်စေချင်ဘူး။ ကျွန်တော်တို့လူ့အဖွဲ့အစည်းမှာ ဘယ်သူ့ကိုမှလည်း ထပ်ပြီးတော့ ဒုက္ခရောက် သေဆုံးရတာမျိုးလည်း မဖြစ်စေချင်တော့ဘူး။ အဲဒီလိုဖြစ်လာစေမယ့် အခြေ အနေတွေကိုလည်း အားလုံးဝိုင်းဝန်းထိန်းပေးတာမျိုးဖြစ်စေချင်တယ်။

မြန်မာနိုင်ငံမှာ ပြည်သူတွေလိုလားတဲ့ အစိုးရသစ်တက်လာတာဟာ တစ်နှစ်ပြည့်ပါပြီ။ တိုင်းရင်းသားတွေနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးရဖို့ ကြိုးပမ်းနေတဲ့နေရာမှာ အခက်အခဲတွေနဲ့ ကြုံတွေ့နေရဆဲပါ။ ပြီးတော့ ရခိုင်အရေးကလည်း တစ်စခန်းထပြီး ပြည်ပရဲ့ ဖိအားပေးမှုတွေကို ခံနေရပါတယ်။ ဒီနေရာမှာ ဘာသာရေး၊ လူမျိုးရေးပဋိပက္ခတွေပါ ထပ်ဖြစ်မယ်ဆိုရင် နိုင်ငံပြုပြင် ပြောင်းလဲဖို့ ကြိုးစားနေတဲ့ အစိုးရဟာ အကျပ်အတည်းတွေနဲ့ ရှေ့ဆက်နိုင်မှာ မဟုတ်ပါဘူး။

နောက်ထပ် အရေးကြီးတဲ့ တစ်ချက်က ရှေ့နေဦးကိုနီကို သတ်တဲ့ တရားခံတွေ ဖမ်းမိစေချင်သလား၊ လွတ်မြောက်သွားစေလိုသလား၊ ဒါမှမဟုတ် လုပ်ကြံမှုတွေ ထပ်ဖြစ်စေချင်သလား၊ ဘာသာရေး၊ လူမျိုးရေးပဋိပက္ခတွေ ထပ်မြင်ချင်ပါသေးသလား၊ ဘယ်သူ့ကို ဖမ်းဆီးချင်ပါသလဲ။

လောလောဆယ်မှာတော့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ သတင်းစာရှင်းလင်းပွဲမှာတောင် ထည့်သွင်းရှင်းလင်းခဲ့တဲ့ ဦးကိုနီ အသတ်ခံရမှုမှာ ပါဝင်ပတ်သက်နေတဲ့ တပ်မတော်အရာရှိဟောင်း အောင်ဝင်းခိုင်ဟာ နေပြည်တော်နယ်မြေအရောက်မှာပဲ ပျောက်ဆုံးသွားခဲ့ပါတယ်။ အမှုကွင်းဆက်ဟာလည်း ရပ်တန့်နေသလို သူ့ကို ဖမ်းဝရမ်းလျှောက်ထားမှုကိုတောင် ပယ်ချခံနေရတဲ့ အနေအထားဖြစ်နေပါတယ်။

အချုပ်အားဖြင့် ပြောရရင် မြန်မာနိုင်ငံရဲ့ တရားဥပဒေ စိုးမိုးမှုဆိုတာ လက်ရှိအုပ်ချုပ်နေတဲ့ အစိုးရလက်ထဲမှာ ရှိတာ မဟုတ်တဲ့အတွက် နိုင်ငံရဲ့အခြေအနေဟာ အချိန်မရွေး ကြိုက်သလိုဖြစ်သွားနိုင်တယ်ဆိုတာကလည်း သတိထားစရာ တစ်ခုပါ လို့ သတိပေးလိုရင်းပဲဖြစ်ပါတယ်။ ။

၂၀၁၇-ဧပြီလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၅)မှ သုံးသပ်ချက် ဖြစ်ပါသည်။

ကျော်ဇေယျာထွန်း ရေးသည်။

အမျိုးအစား - သုံးသပ်ချက်

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."