ဟိုတစ်လောက ခရီးတစ်ခု အလုပ်ကိစ္စနဲ့ သွားဖြစ် တော့ ကံအားလျော်စွာ ကားရှေ့ခန်းမှာ နေရာရ တယ်။ ကားဆရာက အသက် ၅ဝ ကျော်နေပြီ။ ကားကိုလည်း ဂရုစိုက်ပြီး ကျွမ်းကျွမ်းကျင်ကျင် မောင်းနှင်နိုင်သူဖြစ်တယ်။ မိုင်ရာချီပြီး သွားရတဲ့ ခရီးဖြစ်ပေမယ့် ပျင်းရိငြီးငွေ့စရာ မကောင်းဘူး။ မန်မိုရီစတစ်တစ်ချောင်းနဲ့ တစ်လမ်းလုံး တေး သီချင်းတွေ ဖွင့်လာတာလေ။ သူဖွင့်တဲ့ သီချင်း တွေထဲမှာ ခင်မောင်ထူးသီချင်း တွေပါတယ်။ မြန်မာပြည်သိန်းတန်တို့၊ လွှမ်းမိုးတို့ သီချင်းတွေလည်း ပါ တယ်။ အဆိုတော်ကိုင်ဇာရဲ့ သီချင်းတွေတောင်မှ ပါလိုက်သေးတယ်။ ကားဆရာကြီး ဖွင့်တဲ့ သီချင်း တွေကြောင့် ငယ်ဘဝကို ခေတ္တ ခဏတော့ ပြန်ရောက် သွားသေးတာပဲ လေ။ သူဖွင့်တဲ့သီချင်း အားလုံးလိုလိုက လက်ဖက်ရည်ဆိုင်တွေမှာ နားထောင်ခဲ့ကြရတဲ့ တေးသီချင်းတွေ။
ကျွန်တော်တို့ငယ်ဘဝရဲ့ အချိန်တော်တော်များများက လက်ဖက်ရည်ဆိုင်တွေမှာ ဖြတ်သန်းခဲ့ကြတာများတယ်။ ကျွန် တော်တို့ကိုယ်တိုင်လည်း လက်ဖက်ရည်တွေကို တစ်ခွက်ပြီးတစ် ခွက် ခုံခုံမင်မင်သောက်ခဲ့ကြတယ်။ ကျွန်တော်တို့ရဲ့ ရှေ့က မျိုး ဆက် အစ်ကိုတွေ၊ ဦးလေးတွေလည်း လက်ဖက်ရည်ဆိုင်ထိုင်တဲ့ အရသာကို ကြိုက်ခဲ့ကြသူတွေ ဖြစ်တယ်။
လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည ်သောက်ကြတယ်ဆိုတာ လက်ဖက်ရည်ကို သောက်ချင်တာထက် လက်ဖက်ရည်ဆိုင် ထိုင်တဲ့ အရသာကို သဘောကျနှစ်သက်လို့ ထိုင်ကြတာက ပိုများ တယ်။ ဘာဖြစ်လို့ အဲဒီလို ကောက်ချက်ချရတာလဲဆိုရင် လက် ဖက်ရည်ဆိုင်ထိုင်ကြသူအများစုက ထိုင်နေကျ လက်ဖက်ရည် ဆိုင်မှာပဲ ထိုင်ကြတာလေ။ တချို့ဆိုရင် လက်ဖက်ရည်ဆိုင်မှာ ထိုင်ပေမယ့် ရယ်ဒီမိတ်ကော်ဖီမှုန့်ထုပ်တွေ သောက်တယ်။ ပုလင်း သွတ် အချိုရည်တွေ သောက်ကြတယ်။ အဲဒါတွေက လမ်းထိပ်က အိမ်ဈေးဆိုင်တွေမှာ အလွယ်တကူ ဝယ်လို့ရပေမယ့် သူတို့အား လုံး အချိန်တန်ရင် ထိုင်နေကျလက်ဖက်ရည်ဆိုင်ဆီထွက်၊ သူ ငယ်ချင်းတွေနဲ့ ဆုံကြတာပါပဲ။
ကျွန်တော်တို့ရှေ့က အစ်ကိုကြီးတွေ၊ ဦးလေးတွေကတော့ လက်ဖက်ရည်ဆိုင် ထိုင်ခွင့်ရဖို့ သူတို့ရဲ့ အုပ်ထိန်းသူတွေဆီကနေ တော်တော်လေး တိုက်ပွဲဝင်ခဲ့ကြရတယ်။ အဲဒီခေတ် အဲဒီအခါက လက်ဖက်ရည်ဆိုင်ထိုင်တယ်ဆိုတာ လူပေါ်ကြော့တွေ အချိန် ဖြုန်းတဲ့နေရာလို့ သတ်မှတ်ခဲ့ကြတာကလား။ ကျွန်တော်တို့ခေတ် မှာလည်း လက်ဖက်ရည်ဆိုင်ထိုင်ခွင့်က အသာတကြည်ရခဲ့တာ တော့ မဟုတ်ဘူး။ အစ်ကိုတွေ၊ ဦးလေးတွေရဲ့ လက်ဖက်ရည်ဆိုင် ထိုင်ခွင့်ရရေး တိုက်ပွဲအလံတော်ကို လက်ဆင့်ကမ်းသယ်ခဲ့ကြရ သေးတာပေါ့။
အခုခေတ်မှာတော့ မြို့ပြဆယ်ကျော်သက်တွေရဲ့ ဆုံမှတ် က လက်ဖက်ရည်ဆိုင်မဟုတ်တော့ဘူး။ ဘီယာဆိုင်ဖြစ်သွားပြီ။
ကျွန်တော်တို့သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင် တယ်ဆိုတာ ၁၉၉ဝ ပြည့်လွန်နှစ်တွေရောက်မှ ထိုင်ခွင့်ရတာပါ။ အဲဒီအရင်က လက်ဖက်ရည်ဆိုင်ထိုင်ချင်ရင် အစ်ကိုတွေ၊ ဦးလေး တွေနဲ့ လိုက်ပြီး ထိုင်ခဲ့ရတာလည်း ရှိတယ်။
လက်ဖက်ရည်ဆိုင်အကြောင်း မြန်မာစာရေးဆရာတွေ ရော ကမ္ဘာကျော်စာရေးဆရာတွေပါ ရေးဖွဲ့ ခဲ့ပြီးပါပြီ။ လက်ဖက် ရည်ဆိုင်ကို ဇာတ်ကောင်အဖြစ် ရေးသားခဲ့ကြတဲ့ ဝတ္ထုတွေ တောင်မှ ရှိသေးတယ်။ ဆရာမြသန်းတင့်ဆိုရင် ပင်ကိုရေး လက် ဖက်ရည်ဆိုင်ဝတ္ထုတင်မကဘူး၊ တရုတ်လက်ဖက်ရည်ဆိုင်ဝတ္ထု ကိုပါ ဘာသာပြန်ခဲ့တယ်။ ဆရာနေဝင်းမြင့်ရဲ့ နက်စ်ကာဖီဝတ္ထုတို ထဲက လက်ဖက်ရည်ဆိုင်ရှင် ကိုအီကွန်းနဲ့ လက်ဖက်ရည်သောက် သူ ချန်ထွန်းအောင်တို့က ကျွန်တော်တို့ လူ့အဖွဲ့အစည်းရဲ့ သရုပ် သကန်တွေ။ ဆရာမင်းလူဆိုလည်း လက်ဖက်ရည်ဆိုင်ကို ဇာတ် ကောင်ထားပြီး ဝတ္ထုတိုတစ်ပုဒ် ဖန်တီးခဲ့ဖူးတယ်။
လက်ဖက်ရည်ဆိုင်တွေအကြောင်းပြောရင် ပြင်သစ်နိုင်ငံ ပါရီမြို့က စိမ်းမြစ်ကမ်းနဖူးက ကဖေးဆိုင်ယဉ်ကျေးမှုကိုလည်း ချန်ထားလို့မရဘူး။ ကမ္ဘာကျော်အနုပညာလက်ရာတွေနဲ့ တော် လှန်ရေးအတွေးအခေါ်တွေက အဲဒီကဖေးဆိုင်တွေကပဲ ထွက်ပေါ် လာခဲ့တာပါပဲ။
ယန်းပေါဆတ်တို့၊ ဒီဘိုးဘွားတို့လည်း အဲဒီကဖေးဆိုင်တွေ မှာ ထိုင်ပြီး အနုပညာတွေ ကွန့်မြူးခဲ့မှာပဲ။ စစ်ဘုရင်ကြီး နပိုလီ ယန်လည်း စစ်ရေးမဟာဗျူဟာတွေ မချမှတ်ခဲ့ဘူးလို့ ဘယ်သူ ပြောနိုင်မလဲ။
ကျွန်တော်တို့ ဟိုးအရင်တုန်းက ထိုင်ခဲ့တဲ့ လက်ဖက်ရည် ဆိုင်တွေက အခုခေတ်လို မဟုတ်ဘူး။ အဲဒီတုန်းက လက်ဖက်ရည် ဆိုင်စီးပွားရေးကလည်း ဧရာမစီးပွားရေးကြီး မဟုတ်သေးဘူး။ မိရိုးဖလာ ဘိုးစဉ်ဘောင်ဆက်လုပ်ကိုင်တဲ့ စီးပွားရေးသာဖြစ် တယ်။ တံစက်မြိတ်အောက် မိုးကာလေး ဆွဲချင်ဆွဲမယ်၊ ဒါမှ မဟုတ် အိမ်မကြီးဘေးမှာ တစ်ဖက်ရပ်အဖီလေး ချရင်ချမယ်။ လေးထောင့်ကျွန်းစားပွဲ လေး၊ ငါးလုံးရယ်၊ အင်သားနဲ့ရိုက်ထားတဲ့ လက်ဖက်ရည်ဖျော်တဲ့ ခုံရယ်၊ မြေနီတွေနဲ့ တည်ထားတဲ့ နံပြားဖို ရယ်၊ ဆိုင်ရှင်ထိုင်တဲ့ အံဆွဲပါ စားပွဲခပ်သေးသေးတစ်လုံးရယ် ရှိ ရင် လက်ဖက်ရည်ဆိုင်ဖွင့်ဖို့ အဆင်သင့်ဖြစ်နေပြီ။ နံပြားဖိုရှိတယ် ဆိုပေမယ့် နံပြားက အချိန်ပြည့်မရဘူး။ ဂျုံလေးနှစ်ပိဿာလောက် နယ်ပြီး ပုံမှန်ဝယ်နေကျ ဖောက်သည်တွေအတွက်သာ လုပ်ရောင်း ကြတာ။
အခုခေတ် လက်ဖက်ရည်ဆိုင်တွေကတော့ မုန့်တီ၊ မုန့် ဟင်းခါး၊ ကြာဆံဟင်း၊ မြိတ်ကတ်ကြေးကိုက်၊ ပြည်ထမင်းသုပ်၊ မြင်းခြံပလာတာသုပ်၊ ရွှေတောင်ခေါက်ဆွဲ၊ ပေါက်စီ၊ ကောက် ညှင်းပေါင်း၊ ကော်ပြန့်၊ စမူဆာ၊ ပလာတာ စားဖွယ်အစုံရနေပြီ။ ဒါတွေတင်မကဘူး၊ သစ်သီးဖျော်ရည်၊ အချိုရည်မျိုးစုံလည်း အဆင်သင့်ရောင်းချပေးနေတယ်။ ဒီနေ့ခေတ် လက်ဖက်ရည်ဆိုင် တွေရဲ့ မရှိမဖြစ်ကုန်စည်က ရေသန့်ဘူးပါပဲ။
ရေသန့်ဘူးနဲ့ပတ်သက်လို့ ကျွန်တော် ကိုယ်တွေ့ ကြုံခဲ့ရ တာလေး ဖောက်သည်ချချင်သေးတယ်။ ကွယ်လွန်သွားရှာပြီဖြစ် တဲ့ ကျွန်တော့်အဘွားက ရေသန့်ဘူးထဲက ရေကို ဘယ်တော့မှ အဝမသောက်ဘူး၊ အာဆွတ်ရုံသာသောက်တယ်။ ပိုက်ဆံပေး ဝယ်သောက်ရတဲ့ ရေသန့်ဘူးဆိုတာ ဗိုက်ပြည့်တဲ့အထိ သောက်ရ အောင် အဘွားဘယ်တုန်းကမှ မစွန့်စားခဲ့ဘူး။ စားသောက်ဆိုင် တွေသွားပြီး အဘွားနဲ့အတူစားတိုင်း လူဆယ်ယောက်လောက် ရှိခဲ့ရင်လည်း တစ်လီတာ ရေသန့်ဘူးတစ်ဘူးပဲ မှာတယ်။ ပိုက်ဆံ နှမြောလို့တော့ မဟုတ်ဘူး။ ရေကို ပိုက်ဆံပေးသောက်ရတယ်ဆို တာ အဖြစ်မခံချင်တာ။ ထမင်းစားပြီးလို့ ရေသောက်ချင်ရင် သောက်ရေသန့်ဘူးထဲက ရေကို အာလျပြေရုံပဲသောက်၊ အချို ရည်သောက်ချင်ရင်တော့ ခွင့်ပြုတယ်။ အဘွားစိတ်ထဲမှာ ရေ သန့်ဘူးနဲ့ အချိုရည်ဈေးနှုန်းချင်းတူမှတော့ ရေကို ပိုက်ဆံပေးပြီး ဝယ်မသောက်တော့ဘူး။ ပိုက်ဆံကုန်ကျတာချင်းအတူတူ အချို ရည်ပဲသောက်မှာပေါ့လို့ ယူဆထားပုံရတယ်။ အခုတော့ အဘွား လည်း မရှိတော့ပါဘူး။ အဘွားမရှိလို့ စားသောက်ဆိုင်ထိုင်ဖြစ်လို့ ရေသန့်ဘူးမှာတိုင်း အဘွားကို သတိတရရှိရပြန်တယ်။
ကျွန်တော်တို့ခေတ်က လက်ဖက်ရည်ဆိုင်တွေမှာ စစ်တု ရင်ခုံတွေထားပြီး စားသုံးသူတွေ စိတ် ဝင်စားအောင် ဆွဲဆောင်ကြတယ်။ အဲဒီ တုန်းက လူတော်တော်များများမှာ အချိန်ပိုတွေရှိတော့ လက်ဖက်ရည်ဆိုင် တွေမှာ ကျောက်ချထိုင်ပြီး စစ်တုရင်ထိုး နိုင်သလို သတင်းစာတွေ ဖင်ပြန်ခေါင်း ပြန်လည်း ဖတ်နေနိုင်တယ်။
ကျွန်တော်တို့ လက်ဖက်ရည်ဆိုင် ထိုင်ကြတယ်ဆိုတာ လက်ဖက်ရည် သောက်ချင်တယ်ဆိုတာထက် မိတ် ဆွေတွေနဲ့ အာလာပသလ္လာပ ထွေရာ လေးပါး စကားစမြည်ပြောဖို့က အဓိ ကပဲ။ စကားဝိုင်းမှာ သာရေး၊ နာရေး တွေလည်းပါမယ်။ စီးပွားရေး၊ ကြီးပွား ရေးတွေလည်းပါမယ်။ အဆင်မပြေမှု တွေကို ရင်ဖွင့်ကြတဲ့အခါလည်း ရှိတာ ပေါ့။ ရင်ဖွင့်လိုက်လို့ပြ ဿနာတွေ ပြေ လည်ချင်မှ ပြေလည်မှာဖြစ်ပေမယ့် မိတ်ရင်းဆွေရင်းတွေကို အားကိုးတကြီး ရင်ဖွင့်တဲ့အခါ ရင်ထဲ မွန်းကျပ်ပိတ်ဆို့နေတာတွေ အထိုက်အလျောက်တော့ ပြေ လျော့သွားတာပဲလေ။
ကျွန်တော်တို့တွေ လက်ဖက်ရည်ဆိုင်ထိုင်ပြီး စားသောက် နေတယ်ဆိုတာ တကယ်တော့ လူမှုရေးတွေ စားနေကြတာ။ စာ နာမှု၊ ဖေးမမှုတွေ စားနေကြတာ။ ချစ်ခြင်းမေတ္တာတွေကို စားနေ ကြတာလေ။
ကျွန်တော်တို့ထိုင်ခဲ့တဲ့ လက်ဖက်ရည်ဆိုင်တွေထဲမှာ ကျွန် တော်အမှတ်ရနေတဲ့ လက်ဖက်ရည်ဆိုင်တွေ ရှိတယ်။ ကြွေခွက် ကြီးအပြည့်ထည့်ပေးတဲ့ ဆိုင်ရှင်လင်မယားပုံရိပ်ကို အခုထိ မြင် ယောင်သေးတယ်။ အခုခေတ်လို ထုလုံးရှည်ပုံစံ ကြွေပန်းကန် အသေးလေး မဟုတ်ဘူး။ ပန်းကန်နှုတ်ခမ်းမှာ ရွှေနားကွပ်ထားတဲ့ ကြွေပန်းကန်တွေနဲ့ သောက်ခဲ့ရတာပေါ့။ အပေါ်ကြောတင်းနေတဲ့ လက်ဖက်ရည်အပေါ်မှာ နွားနို့အိုးထဲက နွားနို့တွေ ခပ်ထည့်ပေး သေးတာ။
ကျွန်တော့်အဘွားကိုယ်တိုင်လည်း လက်ဖက်ရည်ကြိုက် တဲ့ လက်ဖက်ရည်ချိုး (ဂျိုး)တစ်ယောက် ဖြစ်တယ်။ အဘွားက မနက်စာကို လက်ဖက်ရည်တစ်ငုံစာလောက်ဖြစ်ဖြစ် သောက် လိုက်ရမှ ကျေနပ်တင်းတိမ်သူဖြစ်တယ်။ မနက်က ဝယ်ထားတဲ့ လက်ဖက်ရည်ပိုနေရင် လက်ဖက်ရည်ဒန်ချိုင့်လေးကို မီးဖိုဘေး မှာ နွှေးထားတတ်တယ်။ မနက်ပိုင်းက ဝယ်တဲ့ လက်ဖက်ရည် မပို ခဲ့ရင်လည်း နေ့လယ်ပိုင်းရောက်တဲ့အခါ သတိတရ ဝယ်သောက် တတ်တယ်။ မွန်းလွဲနှစ်နာရီနဲ့ သုံးနာရီ ကြားကာလတွေက အဘွားအတွက် လက်ဖက်ရည်သောက်ချိန်တွေပါပဲ။
လက်ဖက်ရည်ယဉ်ကျေးမှုက ကျွန်တော်တို့ရွှေလူမျိုးတွေနဲ့ သူစိမ်း ပြင်ပြင်တော့မဟုတ်ဘူး။ ရုံးပြင်ကန္နား သွားလာတဲ့အခါ၊ ဌာနဆိုင်ရာတွေကို ဝင်ထွက်ရတဲ့အခါ အပိုကြေးပေးရတဲ့ အောက်ဆိုက်ကိုတောင် လက်ဖက်ရည် ဖိုးလို့ သိမ်သိမ်မွေ့မွေ့ သုံးကြတာ ကလား။ လက်ဖက်ရည်အဖန်သောက် ရင်ဖြင့်xxx ကျက်သရေအမှန်ရောက် ပေလိမ့်xxxကြံသလောက် ပြီးသည့် ရေဆိုပြီးတောင် ဖွဲ့ဆိုခဲ့ကြရတာ မဟုတ်လား။
လက်ဖက်ရည်ဆိုင်ထိုင်ကြတဲ့ အကြောင်းဖြစ်ရပ်မှန် True Story လေးတစ်ခု မိတ်ဆွေတို့ကို ဖောက်သည် ချချင်ပါသေးတယ်။ ၁၉၈ဝ ပြည့်လွန်နှစ်တွေ ဖြစ်မှာပေါ့။ လူငယ် မိတ်ဆွေတစ်စုက လက်ဖက်ရည်ဆိုင်လေးတစ်ဆိုင်မှာ နေ့စဉ် ရက်ဆက် ကျောက်ချထိုင်ပြီး ထွေရာလေးပါးတွေ တောင်စဉ်ရေ မရပြောကြသတဲ့။ အဲဒီခေတ် အဲဒီအခါက ရှာရဖွေရတာကလည်း သိပ်မကျပ်တည်းသေးတော့ အချိန်လည်း ပေးနိုင်ကြတယ်။
အရေးတော်ပုံကာလကို လွန်မြောက်တဲ့အခါ ရေကြည်ရာ မြက်နုရာကို အလျှိုလျှိုရောက်သွားကြတယ်။ မြို့လေးမှာ ကျန်ခဲ့ ကြတဲ့ လက်ကျန်သူငယ်ချင်းတွေကလည်း အရင်လို လက်ဖက် ရည်ဆိုင်ထိုင်ဖို့ အခြေအနေက မပေးတော့ဘူး။ သာရေးနာရေး လေးရှိပါမှ လက်ပြကြ၊ နှုတ်ဆက်ကြရုံ တွေ့ကြရတယ်။ အရင်လို စကားတွေ ဖောင်ဖွဲ့ပြောမနေနိုင်ကြတော့ဘူးတဲ့။ သူတို့ထဲက တစ်ယောက်ကတော့ ပင်လယ်ကြီးဖြတ်သန်းလို့ ဟိုးအဝေးတစ် နေရာမှာ ကံဇာတ်ဆရာအလိုကျ ဝမ်းကျောင်းနေရသတဲ့။ တစ်ခါ သားကျတော့ ရပ်ဝေးမြေခြား ရောက်နေရှာတဲ့ သူငယ်ချင်းက သူတို့ထိုင်နေကျလက်ဖက်ရည်ဆိုင်က စားပွဲခုံပုလေးရယ်၊ ခွေး ခြေလေး၊ ငါးခုံရယ် သူရှိနေတဲ့အရပ်ဆီပို့ပေးဖို့ လူကြုံကောင်း တစ်ယောက်နဲ့ စကားလက်ဆင့်ကမ်းပါလေရော။ တကယ်တော့ သူရောက်နေတဲ့ အရပ်ဒေသမှာ ဒီထက်ကောင်းတဲ့ စားပွဲခုံတွေ၊ ခွေးခြေခုံတွေ လက်လှမ်းတမီအနေအထားမှာ လွယ်လင့်တကူ ဝယ်လို့ရနေတာပဲ။ ဝက်သစ်ချသားနဲ့လုပ်ထားတဲ့ စားပွဲတွေ၊ မေ ပယ်သားနဲ့လုပ်ထားတဲ့ ထိုင်ခုံအပုလေးတွေ စိတ်တိုင်းကျ ဝယ် လို့ရနေတယ်။ အဲဒီစားပွဲနဲ့ ထိုင်ခုံက အိုမင်းဟောင်းနွမ်းနေတဲ့ ရွှေ ပြည်ကြီးက စားပွဲနဲ့ ထိုင်ခုံထက် အစစအရာရာ သာလွန်ကောင်း မွန်မှာ သေချာတယ်။ ဒါပေမဲ့ အဲဒီခုံတွေမှာ စာနာခြင်းတွေ၊ ဖေးမ ခြင်းတွေ၊ ချစ်ခြင်းမေတ္တာတွေ ဘယ်ပါလိမ့်မတုံး။ ရွှေပြည်ကြီးမှာ ကျန်ခဲ့တဲ့ သူငယ်ချင်းတွေကလည်း ရပ်ဝေးမြေခြားက သူတို့မိတ် ဆွေမှာတဲ့အတိုင်း စနစ်တကျ ထုပ်ပိုးပြီး ပင်လယ်ကူးသင်္ဘောကြီး နဲ့ တင်ပို့လိုက်ကြသတဲ့။ ကျွန်တော်တို့မြို့လေးမှာ အဲဒီတုန်းက အဲဒီအတိုင်း တကယ်ဖြစ်ခဲ့တယ်။ အဲဒီဖြစ်ရပ်လေး ကြားလိုက်ရ တုန်းက နွေဦးမှာ ထုံးဖွေးဖွေးစေတီက ဆည်းလည်းလေးတွေရဲ့ ညောင်ရွက်ခတ်သံကို ကြားလိုက်ရသလိုပဲ။ ကြည်နူးပြီး ကျက် သရေရှိလိုက်တာ။
မြို့တိုင်းမှာ စာပေအနုပညာသမားတွေ စုံလေ့စုံထရှိတဲ့ လက်ဖက်ရည်ဆိုင်တွေ ရှိတယ်။ ရန်ကုန်မြို့က လေထန်ကုန်း၊ ရေကျော်မောင်အေး၊ ရန်ကုန်တက္ကသိုလ်နယ်မြေက ဦးချစ် စတဲ့ ဆိုင်တွေက စာထဲပေထဲ မှတ်တမ်းတင်ရအောင်အထိ အထင်ကရ ရှိတယ်။ ဘကြီးမိုးတို့ လူကြီးပိုင်းကတော့ ရန်ကုန်တိရစ္ဆာန်ဥယျာဉ် ထဲမှာ ဖွင့်ထားတဲ့ မောနင်းစတားမှာ မနက်တိုင်းထိုင်ကြသတဲ့။ မန္တလေးမှာတော့ အရင်ခေတ်တွေက မျက်သွယ်၊ အင်းဝ၊ ဂျက်ဇ်၊ မုတ်ဆိတ်တို့ ရှိခဲ့တယ်။ အဲဒီဆိုင်တော်တော်များများက လက် ဖက်ရည်ဆိုင် မလုပ်တော့ဘူး။ နောက်ပိုင်းမှာ ယူနီစံနဲ့ မိသားစု လက်ဖက်ရည်ဆိုင်တွေမှာ အထိုင်များကြတယ်။ ချင်းတွင်းကမ်း နဖူးက မုံရွာက ကျွန်တော့်ဆရာသမားများကတော့ ဦးဘထုံးဆိုင် မှာ စက်ကျကြသတဲ့။
မန္တလေးတက္ကသိုလ်ကျောင်းသားဘဝက ကျွန်တော်တို့ ထိုင်ခဲ့ကြတဲ့ လက်ဖက်ရည်ဆိုင်တွေလည်း ခေတ်ကာလရဲ့ တိုက် စားမှုအောက်မှာ လက်ဖက်ရည်ဆိုင်အဖြစ်က ပြောင်းသွားခဲ့ရ ပြန်တယ်။ စာရေးဆရာကျော်စွာထက်ရဲ့ ငါ့ရဲ့ ရွှေရောင်ညနေခင်း တွေ ပြန်ပေးဆိုတဲ့ ဝတ္ထုထဲက ဇာတ်လိုက်မင်းသားထိုင်တဲ့ ထနောင်းပင်အောက်က ရွှေမင်းသားလက်ဖက်ရည်ဆိုင်မှာ ကာလအတန်ကြာ ကျွန်တော်ထိုင်ခဲ့ဖူးတယ်။ ၇၃ လမ်းပေါ်က သစ်ကုလားအုတ်ပန်းချီကားကြီးတွေ ဆွဲထားတဲ့ အိုအေစစ်လက် ဖက်ရည်ဆိုင်၊ ရေနီမြောင်းနံဘေးက မျက်လုံးစိမ်း၊ ဗန်းမော်တိုက် လမ်းက ရွှေစည်ကဖေးတို့မှာ ကက်ဆက်ခွေတွေ တစ်ခွေပြီးတစ် ခွေ ဖွင့်ရင်း တက္ကသိုလ်ကျောင်းသားဘဝ ခံယူဖူးတာပေါ့။
လက်ဖက်ရည်ဆိုင်တွေက ကျွန်တော်တို့ လူ့အဖွဲ့အစည်း ပေါ် ဘယ်လောက်အထိ လွှမ်းမိုးသလဲဆိုရင် တေးသီချင်းတွေထဲ မှာတောင် ထည့်ဆိုရတဲ့အထိပဲ။
အဆိုတော် ဂျေညီညီရဲ့ အလွမ်းကဖီးဆိုတဲ့ သီချင်းက ကျွန် တော်တို့ရဲ့ ငယ်ဘဝပါးစပ်ဖျားမှာ အလိုလိုရောက်လာတတ်တဲ့ တေးသီချင်းတစ်ပုဒ်။ ကျွန်တော် မှတ်မှတ်ရရရှိနေတဲ့ လက်ဖက် ရည်ဆိုင်တွေထဲမှာ လုပ်သားပြည်သူများခေတ်က စက်ရုံ၊ အလုပ် ရုံတွေမှာ ရောင်းတဲ့ တစ်ခွက်ပြားခြောက်ဆယ်တန် ခပ်ကျဲကျဲ လက်ဖက်ရည်တွေလည်း ပါတယ်။ ရွှေပြည်ကြီးမှာ အခုလို ကိုယ် တိုင်ယူ ဘူဖေးစနစ်တွေ မတွင်ကျယ်ခင်ကတည်းက သက်သာ ဆိုင်တွေမှာ ကိုယ့်ခွက်ကိုယ်ယူ ကိုယ့်ငွေကိုယ်ရှင်းစနစ်နဲ့ သောက်ခဲ့ကြရတာပေါ့။
ကျွန်တော်ကတော့ ခရီးတွေထွက်တိုင်း ရောက်တဲ့မြို့က လက်ဖက်ရည်ဆိုင်တွေမှာ လက်ဖက်ရည်သောက်ပြီး စနည်းနာ တယ်။ လက်ဖက်ရည်ဆိုင်တွေက တရားခွင်မဟုတ်သလို ဌာန ဆိုင်ရာ လုပ်ငန်းခွင်လည်း မဟုတ်တော့ ရင်ထဲက စကားတွေကို အတိုင်းအဆမဲ့ ကြားရနိုင်တယ်။ လူပေါင်းစုံ အမြဲမပြတ် ဝင်ထွက် သွားလာတဲ့နေရာဖြစ်လို့ သတင်းပလင်းပေါင်းကို အတားအဆီး မရှိ ကြားနိုင်တဲ့နေရာလည်း ဖြစ်တယ်။
ရပ်ကွက်ထဲက ယိုင်နဲ့နဲ့ ကဖေးဆိုင်လေးတွေထဲက တော် လှန်တဲ့ အဘိဓမ္မာတွေလည်း ပေါ်ထွက်ခဲ့ဖူးသေးတာပေါ့။ ကျွန် တော်တို့ရဲ့ နောင်တော်၊ အစ်မတော်တွေ သမိုင်းပေးတာဝန်ထမ်း ဆောင်နိုင်ဖို့ ကျောချင်းကပ်ခဲ့ကြဖူးတယ်။ သူတို့အတွက် အဲဒီ ကဖေးဆိုင်တွေက အစည်းအဝေးကျင်းပရာနေရာ၊ သတင်းထုတ် ပြန်ရာဌာန၊ တပ်ဦးရုံးခန်းတွေအဖြစ် အသုံးတော်ခံခဲ့ကြတယ်။
ကျွန်တော်ကိုယ်တိုင်လည်း အခုထိ လက်ဖက်ရည်ဆိုင်တွေ ကို ခုံခုံမင်မင်ထိုင်နေဆဲဖြစ်တယ်။ ဧည့်သည်နဲ့တွေ့ဖို့ ချိန်းဆိုတဲ့ အခါ လက်ဖက်ရည်ဆိုင်မှာ ချိန်းဆိုဖြစ်တာများတယ်။ တစ်ခါ တလေ အပေါင်းအသင်းတွေနဲ့ လက်ဖက်ရည်ဆိုင်မှာ ထိုင်ပြီး အာလာပသလ္လာပပြောတယ်။ ညဦးပိုင်းမှာ လက်ဖက်ရည်ဆိုင် ထိုင်ဖက် သူငယ်ချင်းတစ်ယောက်လည်း ရှိတယ်။ ညတိုင်းနီးပါး ထိုင်ဖြစ်ကြပေမယ့် ပြောစရာတွေက ကုန်တယ်မရှိဘူး။ လုပ်ငန်း ခွင်က ပျော်စရာ၊ မောစရာတွေ ပြောဖြစ်ကြတယ်။ ဖေ့စ်ဘွတ်ခ် ပေါ်က အကြောင်းအရာတွေ ဆွေးနွေးကြတယ်။ မီးဖိုချောင်ဗေဒ အပေါ်မှာ အနုလုံပဋိလုံသုံးသပ်ကြတယ်။
မိတ်ဆွေတို့မှာလည်း ပုံမှန်လက်ဖက်ရည်ဆိုင် ထိုင်ဖော် ထိုင်ဖက်မိတ်ဆွေတွေ ရှိမှာပဲ။
မရှိသေးဘူးဆိုရင်လည်း လက်ဖက်ရည်ဆိုင်မှာ ထွေရာ လေးပါး ပြောလို့ရမယ့် မိတ်ဆွေတစ်ယောက်လောက် ရှာဖွေ ထားဖို့ တိုက်တွန်းချင်ပါတယ်။ ပျော်ရွှင်ကြည်နူးစရာတွေ ဝေမျှ နိုင်မယ့်၊ သောကဗျာပါဒတွေကို ဖေးမမယ့် လက်ဖက်ရည်ဆိုင် ထိုင်ဖော်ထိုင်ဖက်မိတ်ဆွေကောင်း အနည်းဆုံးတစ်ယောက် လောက်တော့ ရှိဖို့လိုတာပေါ့။
ဘဝမှာ မိတ်ကောင်းဆွေကောင်းတွေနဲ့ လက်ဖက်ရည်ဆိုင် ထိုင်ဖို့မှ အချိန်မပေးနိုင်ခဲ့ရင် ဘာလုပ်တော့မှာလဲ။ လူ့ဘဝရလာ တဲ့ အခိုက်အတန့်ကာလလေးမှာ ငွေနောက် တကောက်ကောက် လိုက်ရင်း အချိန်တွေ ကုန်ဆုံးသွားခဲ့ရင် မိုက်မဲလွန်းရာကျပါတယ်။ ကျွန်တော်ကတော့ ပိုက်ဆံလည်း ရှာသင့်သလောက် ရှာမယ်၊ ပညာနဲ့ ကုသိုလ်လည်း လက်မလွတ်ဘူး၊ မိတ်ကောင်းဆွေကောင်း တွေနဲ့ လက်ဖက်ရည်ဆိုင်မှာ ခဏတဖြုတ်ဖြစ်ဖြစ် ထွေရာလေး ပါးပြောဖို့လည်း အချိန်ပေးမယ်။ အဲဒီလို အချိန်ပေးရာမှာ မိသားစု အတွက် အချိန်ကို ထိခိုက်လို့တော့ မရဘူးပေါ့။ အချိန်ကို စနစ် တကျ စီမံခန့်ခွဲတတ်ရင် ဖြစ်ပါတယ်။ ဒါမှသာ ဘဝက လွတ်လပ် ပေါ့ပါး ပျော်စရာကောင်းတော့မှာပေါ့။ မိတ်ဆွေတို့နဲ့လည်း လက် ဖက်ရည်ဆိုင်မှာ ထိုင်ပြီး ထွေရာလေးပါး ရောက်တတ်ရာရာတွေ ပြောချင်ပါသေးတယ်။ အခြေအနေပေးတဲ့တစ်နေ့ ဆုံကြသေး တာပေါ့။ ။
၂၀၁၆-စက်တင်ဘာလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၈) မှ အမေ့ခံ ဆောင်းပါး ဖြစ်ပါသည်။
မောင်ဥယျာဉ် ရေးသည်။