လွန်ခဲ့သော ငါးနှစ်ခန့်က မန္တလေးမြို့တွင်နေထိုင် သည့် ဒေါ်ညိုထွေးတစ်ယောက် မကြာခဏ ကိုယ် ပူကာအဖျားကြီးသဖြင့် သားဖြစ်သူ ကိုဝင်းနိုင် ဦးက မြို့ပေါ်ရှိနာမည်ကြီးအထူးကုဆေးခန်းသို့ လိုက်ပို့ပေးသည်။ ပထမဆုံးအကြိမ်ဖြစ်သည်မို့ အထူးကုဆရာဝန်ကြီးက ဟိုမေး၊ သည်စမ်းဖြင့် လိုအပ်သည်များကို စစ်ဆေးပြီး နောက်တစ်ကြိမ် ပြန်လာရန် မှာကြား၏။
သို့နှင့် ဒုတိယအကြိမ်သွားပြပြန်၏။ ရောဂါအမျိုးအမည် မသိရသေး။ တတိယအကြိမ် ဆက်ပြီးပြသည်။ ရောဂါ မသိရသေး သည့်အပြင် အဖျားကလည်းမကျ၊ အစားလည်းကောင်းကောင်း မဝင်တော့ဘဲ လူကပိန်လိုက်လာသည်။ စတုတ္ထအကြိမ်တွင်တော့ ဒေါ်ညိုထွေး လမ်းပင်မလျှောက်နိုင်တော့၍ ကိုဝင်းနိုင်ဦးက ဘီး တပ်ကုလားထိုင်ပေါ်တင်ကာ လိုက်ပ့ိုရသည်။
ယင်းသို့ ဆေးခန်းတစ်ကြိမ်ပြတိုင်း ကိုဝင်းနိုင်ဦးတို့ ပြသ သည့် အထွေထွေရောဂါအထူးကုဆရာဝန် ကြီး၏ စမ်းသပ်ခက ကျပ်ငါးသောင်းပေးရကာ ဆေးဖိုးဝါးခထပ်ပေါင်းလိုက်လျှင် ငွေကျပ်တစ်သိန်းနီးပါးကုန်ကျ၏။ တစ်ပတ်ခြားတစ်ခါ ပြရခြင်း ဖြစ်ကာ အထူးကုဆရာဝန်ကြီးနှင့်တွေ့ရချိန်က ဆယ်မိနစ်ခန့်သာ ကြာ၏။
ပဉမအကြိမ်ဆေးခန်းပြသည့်အခါတွင်တော့ ကိုဝင်းနိုင်ဦး တို့ မျှော်လင့်မထားသည့် တုံ့ပြန်စကားကို ဆရာဝန်ကြီးထံမှ ကြားလိုက်ရ၏။ ”မရတော့ဘူး”ဟူ၍ပင် ဖြစ်သည်။
ထိုနည်းဖြင့် ငါးကြိမ်တိတိပြသပြီးနောက် ”အမေသာ ဆုံးသွားရော ဘာရောဂါမှန်း မသိလိုက်ရဘူး”ဟု ကိုဝင်းနိုင်ဦးက ပြန်ပြောပြသည်။ ကိုဝင်းနိုင်ဦးကဲ့သို့သော ရန်ကုန်နှင့် မန္တလေးမှ လူနာရှင် တစ်ဒါဇင်ကျော်အား မော်ကွန်းက ချဉ်းကပ်မေးမြန်းခဲ့ ရာမှာ လူနာများသည် အထူးကုဆရာဝန်ကြီးများ၏ အချိန်ယူ ကုသပေးမှုကို မခံခဲ့ကြရဟုဆိုကြပါသည်။
အထူးကုဆရာဝန်များနည်းပါးမှုနှင့်အတူ ဆေးရုံ၊ ဆေး ခန်းသို့ရောက်လာသည့်လူနာအရေအတွက် များ ပြား သော ကြောင့် ”လူနာကို အချိန်ပေးဖို့ နည်းသွားတဲ့အခါ ရောဂါအမျိုး အမည်လွဲမှားတာ၊ ဘာရောဂါလဲ သေချာမပြောနိုင်တာမျိုး ရှိ တတ်ပါတယ်”ဟု မြောက်ဥက္ကလာပဆေးရုံကြီးမှ အရိုးရောဂါ အ ထူးကုဆရာဝန်ကြီးပါမောက္ခဒေါက်တာမြတ်လွင်က ရှင်းပြသည်။
မြန်မာနိုင်ငံ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနမှစာရင်းများအရ ယင်းဌာနလက်အောက် တွင် တာဝန်ထမ်းဆောင်လျက်ရှိသော အထူးကုဆရာဝန် အရေ အတွက်မှာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပါမောက္ခ၊ အထူးကု ဆရာဝန်ကြီးနှင့် အထူးကုဆရာဝန်အဆင့် ၁,၅၇၆ ဦးရှိပါသည်။
ကုသရေးဦးစီးဌာနအောက်တွင် ဆရာဝန် ၈,၁၄၃ ဦးရှိသော ကြောင့် အထူးကုဆရာဝန်အရေအတွက်မှာ ဆရာဝန်အရေ အတွက် စုစုပေါင်း၏ ၁၉ ရာခိုင်နှုန်းဖြစ်သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization – WHO) ၏ စံချိန်စံညွှန်းအရ လူတစ်ထောင်လျှင် ကျန်းမာရေး ဝန်ထမ်း(ဆရာဝန်၊ သူနာပြု၊ ဝမ်းဆွဲဆရာမ) အနည်းဆုံး ၂ ဒသမ၂၈ ယောက်ရှိရမည်ဟု သတ်မှတ်ထားသော်လည်း မြန်မာ နိုင်ငံတွင် ၁ ဒသမ ၄၉ သာ ရှိသည်။
မြန်မာနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ်တွင် အထွေထွေရောဂါကုဆရာဝန်များအပါအဝင် ကျန်းမာရေး လုပ်သား မလုံလောက်ခြင်းသည် ရေရှည်လုပ်ဆောင်ရမည့် ကြီး မားသည့်ပြဿ နာဖြစ်သည်ဟု မော်ကွန်းက မေးမြန်းခဲ့သည့် ဆေးပညာရှင်များက ပြောကြသည်။
ထို့အပြင် အထူးကုဆေးခန်းအသစ်များလည်း နှစ်စဉ်တိုး မြှင့်ဖွင့်လှစ်လျက်ရှိပြီး လူနာများကလည်း အထူးကုဆရာဝန်ကြီး များနှင့်ပြသရန် ပိုမိုရွေးချယ်လာကြသောကြောင့် အထူးကုဆရာ ဝန် လိုအပ်ချက်မှာ မြင့်မားလာသည်ကို တွေ့ရသည်။
အထူးကုတွေ ဘာကြောင့်နည်း
အထူးကုဆရာဝန်ဆိုသည်မှာ ဘာသာရပ်တစ်ခုကို ကျွမ်း ကျင်အောင် အထူးလေ့ကျင့်တတ်မြောက်ထားသည့်ဆရာဝန် ကို ဆိုလိုပြီး အထူးကုဆရာဝန်တစ်ဦးဖြစ်ရန် အခက်အခဲများစွာ ကျော်ဖြတ်ရကာ အချိန်များစွာ ရင်းနှီးမြှုပ်နှံရသည်။
ဆေးကျောင်းသားတစ်ဦးသည် ပထမနှစ်မှစ၍ ဆေးပညာ ဘွဲ့ရသည်အထိ ခြောက်နှစ်သင်ယူရကာ အစိုးရဆေးရုံများတွင် လက်တွေ့တစ်နှစ်ဆင်းရသည်။ အစိုးရဆရာဝန်အဖြစ် လုပ်သက် တစ်နှစ်ပြည့်လျှင် မဟာသိပ္ပံတန်းအား သုံးနှစ်တက်ရကာ အောင်မြင်ပါက လက်ထောက်ဆရာဝန်ဖြစ်၏။
ထိုမှတစ်ဖန် နှစ်နှစ်ခန့်ကုသရေးဆရာဝန်အဖြစ်ဆက် လက်လုပ်ကိုင်ရန်လိုအပ်ပြီး ပါရဂူဘွဲ့အတွက် သုံးနှစ်ဆက်တက်ရ သည်။ ဆေးတက္ကသိုလ်ကျောင်းသားဘဝမှ ပါရဂူဘွဲ့ရအထူးကု ဆရာဝန်ဖြစ်သည်အထိ စုစုပေါင်း ၁၅ နှစ်ခန့် ကြာမြင့်သည်။ အသက် ၁၆ နှစ်တွင် တက္ကသိုလ်ဝင်တန်း အောင်မြင်သူဖြစ်ပါမှ အသက် ၃၅ နှစ်ဝန်းကျင်ရောက်လျှင် ပါရဂူဘွဲ့(နိုင်ငံတော်မှ အသိအမှတ်ပြုသည့် အထူးကုဆရာဝန် ကြီးအဆင့်) ရနိုင်မည် ဖြစ်၏။
ထိုသို့အချိန်ကြန့်ကြာရသည့်အပြင် အထူးကုဆရာဝန်ဖြစ် ရေးအတွက် ဘာသာရပ်ရွေးချယ်လျှောက်ထားရာတွင်လည်း အများစုက ဆေးပညာ (သမားတော်)၊ ကလေးကုသရေး၊ သား ဖွားမီးယပ်တို့တွင် အများဆုံးလျှောက်ထားကြသည်။ ဒုတိယမှာ အရိုး၊ ခွဲစိတ်နှင့် တတိယနေရာတွင် မေ့ဆေးတို့ဖြစ်သည်ဟု ရန်ကုန်ဆေးရုံကြီးအရေးပေါ်ဌာန တာဝန်ခံဆရာဝန်ကြီး ဒေါက်တာမော်မော်ဦးက ဆိုသည်။
ယင်းဘာသာရပ်များသည် အစိုးရဝန်ထမ်းမလုပ်ဘဲ ကိုယ် ပိုင်ဆေးခန်းဖွင့်လျှင်သော်လည်းကောင်း၊ ပြင်ပဆေးခန်းများ တွင် ဆရာဝန်အဖြစ် ပြန်လည်အသက်မွေးလျှင်သော်လည်း ကောင်း အခွင့်အလမ်းများသောကြောင့် ရွေးချယ်မှုများကြခြင်း ဖြစ်သည်ဟု ၎င်းက ရှင်းပြသည်။
ကုသရေးဦးစီးဌာန၏စာရင်းများအရလည်း ဘာသာရပ် ၁၉ ခုရှိသည့်အထဲတွင် ပါမောက္ခ၊ အထူးကုဆရာဝန်ကြီး၊ အထူးကုဆရာဝန်၊ လက်ထောက်ဆရာဝန် (အထူးကု) ရာထူး များ၌ ဆေးပညာ ၃၁၁ ဦး၊ ခွဲစိတ် ၃ဝ၂ ဦး၊ သားဖွားမီးယပ် ၂၆၄ ဦး၊ ကလေး ၂၆၃ ဦး၊ မေ့ဆေး ၂၁၉ ဦးနှင့် အရိုး ၁၆၂ ဦး အသီး သီးရှိ၏။ ကျန်သည့်ဘာသာရပ်များတွင်တော့ ဆယ်ဂဏန်းပင် မပြည့်။
မြန်မာနိုင်ငံနှင့် လူဦးရေသိပ်မကွာလှသည့် အိမ်နီးချင်း ထိုင်းနိုင်ငံဆိုလျှင် အရိုးရောဂါအထူးကု လေးထောင်ကျော်ခန့် ရှိပြီး မြန်မာနိုင်ငံတွင်အရိုးအထူးကု ရာဂဏန်းသာရှိ၍ အလွန် နည်းပါးနေသေးသည်ဟု ဒေါက်တာမော်မော်ဦးက ထောက် ပြသည်။
အထူးကုဆရာဝန်ဖြစ်ရန် အချိန်ပေးနိုင်သည့်တိုင် ဝင်ခွင့် ဖြေဆိုရမည့်အခက်အခဲကလည်း ရှိနေသေးသည်ဟု မန္တလေး ဆေးတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာခင်မောင်လွင်က ဆို ပါသည်။ ”ဝင်ခွင့်ဖြေဆိုရမှုကိုလည်း ယခုနည်းလမ်းထက် အခြား သောစံသတ်မှတ်ချက်မျိုးတွေ ပြောင်းလဲသင့်တယ်”ဟု သူက သုံးသပ်၏။
လက်ရှိဝင်ခွင့်ခေါ်ယူသည့်ပုံစံမှာ လျှောက်လွှာတင်ရသည့် ပုံစံ ဖြစ်သည်။ သို့အတွက်လည်း အနယ်နယ်အရပ်ရပ်မှ စိတ်ဝင် စားသူများက အကန့်အသတ်မဲ့လျှောက်ထားကြ၏။ ဥပမာတစ်ခု အနေနှင့် မန္တလေးဆေးတက္ကသိုလ်မှာဆိုလျှင် မဟာသိပ္ပံနှင့် ပါရဂူဘွဲ့အတွက် အတန်းတစ်တန်းလျှင် အယောက် ၅ဝ သာ လက်ခံမည်ဖြစ်သော်လည်း လျှောက်ထားသူက ၄ဝဝ ကျော်ရှိ၏။
ရွေးချယ်လိုက်သည့် စာရင်းတွင် ပါဝင်မလာသည့်အခါ စိတ်ပျက်ပြီး ထပ်မလျှောက်လိုကြတော့ဘဲ အချို့ဆိုလျှင် ရိုးရိုး ဆရာဝန်ဘွဲ့တစ်ခုနှင့်သာ နေလိုက်ကြသည်ဟု ပါမောက္ခချုပ် ဒေါက်တာခင်မောင်လွင်က ပြောသည်။
ယင်းသို့သော အတွေ့အကြုံကို မြောက်ဥက္ကလာပဆေးရုံမှ ဒေါက်တာသန်းဇော်(လက်ထောက်ဆရာဝန်-အထူးကု)လည်း ကြုံခဲ့ရသည်။ သူ့တုန်းကလည်း သုံးကြိမ်ထက်မနည်းလျှောက်ခဲ့ရသည်။ တစ်ကြိမ်လည်းမပါ၊ နှစ်ကြိမ်လည်း မပါနှင့် ကြာတော့ စိတ်ဓာတ်ကျလာသည်။ နောက်ဆုံး အစိုးရဝန်ထမ်း ဆရာဝန်ဘဝ မှပင် နုတ်ထွက်လိုက်ဖို့အထိ သူစဉ်းစားလာမိသည်။
သို့သော် သူ၏ဇနီးက နောက်တစ်ကြိမ်ထပ်လျှောက်ရန် အားပေးသည်။ လုပ်ဖော်ကိုင်ဖက် မိတ်ဆွေများနှင့် ဆရာသမား များကလည်းအားပေးသည်။ ထို့ကြောင့် နောက်ဆုံးအကြိမ် လျှောက်ထားခဲ့ရာ ဝင်ခွင့်ရခဲ့သည်ဟု ဒေါက်တာသန်းဇော်က ဆိုသည်။
”အခုတော့ ကျွန်တော် ပါရဂူဘွဲ့အတွက် စာတမ်းပြုစုနေပါ ပြီ”ဟု သူက အောင်နိုင်သူတစ်ယောက်၏ အပြုံးမျိုးပြုံးကာ ပြောပြပါသည်။
ဆိုရလျှင် ဒေါက်တာသန်းဇော်ကဲ့သို့ အကြိမ်ကြိမ်ကြိုးစား ကာ ပန်းတိုင်ရောက်သည်အထိ လျှောက်နိုင်သူက အနည်းစုသာ ဖြစ်နေသည်ကို လက်ရှိအထူးကုဆရာဝန်အရေအတွက်က သက် သေခံလျက်ရှိ၏။
ထို့ကြောင့်လည်း အထူးကုဆရာဝန်တစ်ယောက်ဖြစ်ရန် ကြိုးစားနေသူများအနက်မှ ရပ်ဝေးဒေသများတွင်တာဝန်ထမ်း သည့် ဝန်ထမ်းများကို မက်လုံးတစ်ခုအနေနှင့် သတ်မှတ်ကာလ တစ်ခုတာဝန်ထမ်းပြီးပါက အလိုအလျောက်ဝင်ခွင့်ပေးသည့် ပုံစံကိုပါ ပူးတွဲဆောင်ရွက်သင့်သည်ဟု ပါမောက္ခချုပ်ဒေါက်တာခင်မောင်လွင်က အကြံပြုသည်။
ထိုသို့ ဆောင်ရွက်ခြင်းဖြင့် နယ်ဝေးတွင် တာဝန်ထမ်း ဆောင်မည့်သူတိုးလာမည့်အပြင် လိုအပ်လျက်ရှိသော အထူးကု ဆရာဝန်ဦးရေတိုးပွားစေရေးကိုလည်း အထောက်အကူဖြစ်စေ နိုင်မည်ဟု သူက သုံးသပ်၏။
ကျောင်းသားဦးရေတိုး၍ လျှောက်ထားစေမည်ဆိုပါက လည်း စာသင်ခန်းများမလုံလောက်မှု၊ သင်ကြားပို့ချမည့် ဘာ သာရပ်အလိုက် ဆရာ၊ ဆရာမ နည်းပါးမှုနှင့် သင်ကြားရေး အတွက် ငွေကြေးလိုအပ်ချက်များရှိနေသေးသည်ဟု ပါမောက္ခ ချုပ် ဒေါက်တာခင်မောင်လွင်က ဆိုပါသည်။
လတ်တလောအခြေအနေတွင် ရန်ကုန်ရှိဆေးတက္ကသိုလ် (၁)နှင့်(၂)၊ မန္တလေးဆေးတက္ကသိုလ်၊ မကွေးဆေးတက္ကသိုလ်၊ တောင်ကြီးဆေးတက္ကသိုလ်ဟူ၍ ဆေးတက္ကသိုလ်ငါးခုရှိနေ သော်လည်း ရန်ကုန်နှင့်မန္တလေးတို့တွင်သာ ဘာသာရပ်အားလုံး အတွက် ဆေးပညာမဟာသိပ္ပံဘွဲ့၊ ပါရဂူဘွဲ့တို့အား သင် ကြား နိုင်၏။ မကွေးဆေးတက္ကသိုလ်အနေနှင့် အထူးပြုဘာသာရပ်အချို့ သာ သင်ကြားနိုင်သေးကာ ၂ဝ၁၅၊ အောက်တိုဘာက ဖွင့်လှစ်ခဲ့ သည့် တောင်ကြီးဆေးတက္ကသိုလ်ဆိုလျှင် အထူးပြုဘာသာရပ် များ သင်ကြားနိုင်ခြင်း မရှိသေးပေ။
ယင်းအချက်အား ဒေါက်တာမော်မော်ဦးက ”ကျောင်း တွေ တိုးချဲ့ ဖွင့်ဖို့လိုသလို ဖွင့်ထားတဲ့ကျောင်းတွေမှာလည်း ဘာ သာရပ်အားလုံးအတွက် ဘွဲ့လွန်တွေ၊ အဆင့်မြင့်တန်းတွေ သင် ပေးနိုင်အောင်လုပ်မှရမယ်”ဟု သုံးသပ်သည်။
ပါမောက္ခချုပ်ဒေါက်တာခင်မောင်လွင် တာဝန်ယူထား သည့် မ္တနလေးဆေးတက္ကသိုလ်ဆိုလျှင် ကျောင်းသားအသစ်နှင့် အဟောင်း ၄၅ဝ ခန့်အားဆေးပညာဘွဲ့အတွက် သင်ကြားမှုများလုပ်ဆောင်နေသော်လည်း အဆင့်မြင့်တန်း(မဟာသိပ္ပံ၊ ပါရဂူ)များအတွက် ကျောင်းသား ၂၄ ဦးသာ လက်ခံသင်ကြားနိုင် သေး၏။
ရန်ကုန်ဆေးတက္ကသိုလ် (၁) မှ ပါမောက္ခချုပ်ဒေါက်တာ ဇော်ဝေစိုးကလည်း စစ်အစိုးရလက်ထက်ကဆိုလျှင် အခြေခံလိုအပ်ချက်များကိုဖြည့်ဆည်းမပေးဘဲ သာမန်ဆရာဝန်ဘွဲ့ကြိုတန်း များနှင့် ဘာသာရပ်အလိုက် အဆင့်မြင့်တန်းများအတွက် ကျောင်း သားဦးရေအများအပြားလက်ခံခဲ့ရာတွင် ကျောင်းသားနှင့် ဆရာ အချိုးမမျှ၍ အခက်အခဲများတွေ့ခဲ့ရသည်ဟု သူ့အတွေ့အကြုံ ကိုပြောပါသည်။ ထိုခေတ်က တစ်နှစ်လျှင် ကျောင်းသား ၇ဝဝ၊ ၈ဝဝ ခန့်အထိ လက်ခံခဲ့ဖူးကြောင်း ၎င်းကပြောသည်။
သို့သော်လည်း ၂ဝ၁၁ မှစ၍ ရန်ကုန်ဆေးတက္ကသိုလ် (၁)တွင် သာမန်ဆရာဝန်ဘွဲ့ကြိုတန်းများအတွက် ကျောင်းသား အယောက် ၄၅ဝ သာပြန်လက်ခံခဲ့သည်ဟု ဒေါက်တာဇော်ဝေစိုး က ရှင်းပြသည်။
ဆရာဝန်များလည်း အခက်ကြုံ
အထူးကုဆရာဝန်များနည်းပါးရခြင်းအကျိုးဆက်အဖြစ် လက်ရှိအထူးကုဆရာဝန်များ၏ တစ်နေ့တာအချိန်များကို စီမံ ခန့်ခွဲရာတွင် အခက်အခဲများတွေ့ကြုံလာရသည်ဟု မြောက် ဥက္ကလာပဆေးရုံမှ ပါမောက္ခဒေါက်တာမြတ်လွင်က ပြောသည်။
သူ့အနေနှင့်ဆိုလျှင် အစိုးရဝန်ထမ်းပါမောက္ခတစ်ဦးဖြစ်သည့်အတွက်တာဝန်ချိန်အတွင်း လူနာများအားဆေးကုသရမှု၊ ဆေးကျောင်းသားများအား စာတွေ့လက်တွေ့သင်ကြားပြသရမှု နှင့် ပြင်ပဆေးခန်းများတွင်လည်း ဆေးကုသရမှုကြောင့် မိသားစုအား အချိန်မပေးနိုင်တော့ပါ။
သူ့တစ်နေ့တာအချိန်ဇယားအရ နံနက် ၆ နာရီအိပ်ရာထ ကာ သူတာဝန်ကျရာ မြောက်ဥက္ကလာပဆေးရုံသို့ နံနက် ၈ နာရီ အရောက်လာရသည်။ ဆေးရုံသို့ရောက်သည်နှင့် ဆေးတက္ကသိုလ် (၂) မှ ကျောင်းသားများကို နံနက်ပိုင်းအတွက် သင်ခန်းစာများကို ဆွေးနွေးသင်ပြရ၏။ နံနက် ၉ နာရီထိုးပြီးလျှင် လူနာတွေလိုက် ကြည့်၊ စစ်ဆေး၊ ခွဲစိတ်ကုသရန်လိုသည်များကို လိုအပ်သလို ခွဲ စိတ်ဆောင်ရွက်ပေးသည်။
ညနေ ၄ နာရီထိုးပြီးချိန်တွင်တော့ ရုံးချိန်ပြီးဆုံးပြီမို့ ပြင်ပ ဆေးခန်းထိုင်ရန် ဆေးရုံမှထွက်ရသည်။ သူက မဟာမြိုင်၊ ဆာ ကူယာ၊ အကယ်ဒမီ စသည့်ပုဂ္ဂလိက ဆေးခန်းသုံးခန်းတွင် သူ့ ရက်အလိုက် အလှည့်ကျထိုင်၏။ ဆေးခန်းတစ်ခန်းလျှင် နှစ်နာရီ အချိန်ပေးထားသည်။ သူ့ထံသို့လာပြသည့်လူနာက တစ်ရက် လျှင် ပျမ်းမျှ ၁ဝ ဦးမှ ၁၅ ဦးကြားရှိသည်။ သူက လူနာတစ်ဦးလျှင် ကြည့်ရှုစမ်းသပ်ချိန် ဆယ်မိနစ်ကျော်ပေး၏။ အပြင်ဆေးခန်း ထိုင်ပြီးချိန် ညကိုးနာရီကျော် တစ်ခါတစ်ရံ ၁ဝ နာရီထိုးခါနီးမှ အိမ်ပြန်ရသည်ဟု ဆိုသည်။
”တစ်ခါတလေတော့လည်း (အစိုးရ) ဆေးရုံမှာ အရေးပေါ် အခြေနေမျိုးရှိတဲ့အခါ (ပုဂ္ဂလိက) ဆေးခန်းကို ကြိုပြီး ဖုန်းဆက် ထားရတယ်။ နောက်ကျမယ်ဆိုတဲ့အကြောင်းပေါ့။ မဟုတ်လို့ရှိ ရင် လူနာတွေက အထင်လွဲရော၊ ဒီဆရာ ချိန်းထားပြီး အချိန်မမှန် ဘူးတို့ဘာတို့နဲ့ပေါ့”ဟု သူက ဆိုသည်။
လူနာတွေဘက်က ပြန်ကြည့်တော့လည်း ဆရာဝန်တွေ သူတို့ကို အချိန်ပေး ကုသမှုနည်းပါးသည်ဆိုခြင်းမှာ ”လွန်တယ် လို့တော့မထင်ဘူး။ လက်ရှိမှာ အဲဒီအတိုင်းတကယ်ဖြစ်နေတာပဲ”ဟု ပါမောက္ခဒေါက်တာမြတ်လွင်က ပြောသည်။
ထိုကဲ့သို့ အထူးကုဆရာဝန်များတွင် အချိန်ရှားပါးသော ကြောင့် လူနာများမှာလည်း ဆေးကုသမှုခံယူရန် အချိန်ကြာ မြင့်စွာ စောင့်ဆိုင်းရခြင်းများ ဖြစ်ပေါ် လာသည်။
ဆေးကုသမှုခံသူတို့ အခက်အခဲ
နှလုံးရောဂါကြောင့် ခုနစ်နှစ်တိုင်အထူးကုဆရာဝန်နှင့် ပြသနေရသည့် ရွှေပြည်သာမြို့နယ်မှ အသက် ၃၂ နှစ်အရွယ် မရွှေရည်ကလည်း မိမိပြလိုသောဆရာဝန်အား သွားပြတိုင်း အချိန်ကြာမြင့်စွာစောင့်ဆိုင်းရသည့်အတွက် ”ခုနောက်ပိုင်း ဆေးခန်းကို မသွားချင်တော့ဘူး။ ကိုယ့်ရောဂါက မပြမဖြစ်လို့ သာ”ဟု ညည်းတွား၏။
သူ့အနေနှင့် ဆေးခန်းသို့ တစ်ပတ်တစ်ကြိမ်ပုံမှန်သွား၍ ပြရသည်။ အကြောင်းတစ်ခုခုကြောင့် ဆရာဝန်ချိန်းသည့် ရက် ချိန်းကိုမသွားဖြစ်ဘဲ ကြားရက်များတွင်သွားပါမူ ပုံမှန်စောင့်ရ သည့် တစ်နာရီ၊ နှစ်နာရီထက်ပို၍ အချိန်ပေးစောင့် ဆိုင်းရ၏။
ထိုသို့စောင့်ရသည်ကို စိတ်ပျက်လာသောကြောင့် အချို့ သော ရက်ချိန်းများကိုမသွားဘဲနေလိုက်သည်တွင် ရောဂါက ဖောက်လာတော့ သည်။ ဆေးခန်းသွားရမှာကြောက်သဖြင့် အသက်ရှူမဝ၊ အမောဖောက်သလို ခံစားလာရမှသာ ဆေးခန်း သွားသည်အထိ ဆေးခန်းကြောက်စိတ်ဖြစ်လာသည်ဟု သူက ဆိုသည်။
တာမွေမြို့နယ်တွင်နေထိုင်သူ အသက် ၃၄ နှစ်ရှိ ကိုသန်း ဇင်ကတော့ ဆေးရုံ၊ ဆေးခန်းသွားရတော့မည်ဆိုသည်နှင့် မိမိ ပြလိုသည့် အထူးကုဆရာဝန်ထိုင်မည့် ဆေးခန်းများ၏ အချိန် နှင့် နေ့ရက်ကို ကနဦးစုံစမ်းသည်။ ထိုသို့ စုံစမ်းပြီးနောက် မိမိနှင့် နီးမည့်ဆေးခန်း၊ သွားနိုင်မည့်အချိန်တို့ကို တွက်ချက်ပြီးမှ သွား ပြသည်ဟု သူ့အတွေ့အကြုံကိုပြောပြ၏။
ထိုသို့ဆောင်ရွက်ခြင်းမှာ ”အဓိကကတော့ သတင်း အချက်အလက် တိတိကျကျယူပြီးမှသွားတော့ စောင့်ရတဲ့အချိန် သက်သာတယ်။ ပြီးတော့ ရတဲ့အချိန်နဲ့ ကိုယ့်စိတ်ကြိုက်ပြသခွင့် ရနိုင်၊ မရနိုင်ကိုလည်း ချိန်ဆလို့ရတယ်” ဟု ကိုသန်းဇင်က ပြောသည်။
”နောက်တစ်ခုက သူတို့ပေးနိုင်တဲ့အချိန်အတောအတွင်းမှာ ကိုယ့်ရောဂါအခြေအနေကို သိအောင်လို့ ဘယ်အချိန်မှာ ဘယ်လိုခံစားရတယ်၊ ဘာဆက်ဖြစ်တယ်၊ အဲဒါတွေကို အကုန် ရေးမှတ်သွားပြီးပြောပြလိုက်တယ်။ မဟုတ်ဘဲနဲ့ ရောဂါအခြေ အနေမသိဘဲ ကုပေးလိုက်ရင် ကိုယ်ပဲခံရမှာလေ”ဟု သူက ဆက် ပြောသည်။
ထိုသို့ ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ထားသူဖြစ် သည့် တိုင် ပြီးခဲ့သည့်သုံးလခန့်က အူရောင်ငန်းဖျား ဖြစ်၍ ကြိုတင် စာရင်းမပေးဘဲ အရေးပေါ်ဆေးခန်းသွားပြရာ လူနာစာရင်းပြည့် သွားသောကြောင့် နံနက်ကိုးနာရီကတည်းက ထိုင်စောင့်လိုက် သည်မှာ ညနေသုံးနာရီခွဲခန့်မှသာ ပြခွင့်ရခဲ့၏။
သို့သော် အချိန်တော့ များများမရခဲ့။ ဆရာဝန်ဆေးခန်း ထိုင်ချိန်ပြီးခါနီးမှ ဝင်ပြရသောကြောင့်ဖြစ်သည်။ သူ့ကို ဆယ် မိနစ်ခန့် စမ်းသပ်မေးမြန်းပြီးနောက် လိုအပ်သောဆေးစစ်မှုလုပ် ဆောင်ရန်သာ မှာကြားသွားခဲ့ပြီး နောက်နေ့လာရန် ရက်ချိန်း ပေးလိုက်သည်ဟုဆိုသည်။
အထူးကုနှင့် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်း
ထိုသို့အခက်အခဲများအပြင် ဆေးရုံ၊ ဆေးခန်းများ နှစ်စဉ် တိုးလာနေသော်လည်း အဆိုပါ ဆေးရုံ၊ ဆေးခန်းများတွင် ဆေး ကုသပေးမည့် အထူးကုဆရာဝန်ဦးရေမှာ သိသိသာသာတိုးမလာ ခြင်းကလည်း လူနာများအပေါ် ဆရာဝန်များ၏ အချိန်ပေးနိုင်မှု ပိုမိုနည်းပါးလာစေသည်ဟု ဆေးပညာရှင်များက ထောက်ပြ ကြ ပါသည်။
ကုသရေးဦးစီးဌာန၏ နောက်ဆုံးစာရင်းများအရ ရန်ကုန်တိုင်းဒေသကြီးတစ်ခုအတွင်း၌ပင် ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်း ပေါင်းမှာ ၃,၇၆ဝ ကျော်ရှိပြီး နှစ်စဉ် ပုဂ္ဂလိကဆေးရုံ၊ ဆေး ခန်းပေါင်း ၂ဝဝ မှ ၅ဝဝ ကြားတိုးလာနေသည်ဟု ရန်ကုန်တိုင်းဒေသကြီးကုသရေးဦးစီးဌာနမှ လက်ထောက်òန်ကြားရေးမှူး ဦးသန့်ဇင်ကဆိုသည်။ ယင်းဌာနစာရင်းများအရ ယခုနှစ် ဇွန်လ ကုန်အထိ လျှောက်ထားဆဲ ဆေးရုံ၊ ဆေးခန်း ၁၆ဝ နီးပါး ရှိသည်။
သင်္ဃန်းကျွန်းမြို့နယ်ရှိ အောင်ရတနာ အထူးကုဆေးခန်းနှင့်ဆေးရုံဆိုလျှင် တစ်ရက်တွင် လူနာအယောက် ၅ဝဝ မှ ၆ဝဝ ကြားလာရောက်ကြပြီး ထိုသို့လာရောက်သူများအနက် ၇ဝ ရာခိုင်နှုန်းသောလူနာများက အထူးကုဆရာဝန်များနှင့် ပြလို သော ဆန္ဒရှိသည်ဟု ယင်းဆေးရုံ စီမံခန့်ခွဲမှုမန်နေဂျာ ဒေါ်သီတာ လွင်က ပြောသည်။ ကျန်သည့် ၃ဝ ရာခိုင်နှုန်းကမူ ပြနေကျလူနာ များမဟုတ်ဘဲ ပဏာမစမ်းသပ်စစ်ဆေးမှုကိုခံယူပြီး သင့်တော် သည့် အထူးကုဆရာဝန်နှင့် ဆက်လက်ပြသရခြင်းဖြစ်၏။
ထိုဆေးရုံတွင် အထူးကုဆရာဝန် အင်အား ၁၂ဝ က အချိန် ပိုင်းနှင့် အလှည့်ကျတာဝန်ယူလျက်ရှိကာ အထူးကုဆရာဝန်ကြီး တစ်ယောက်လျှင် သူတာဝန်ယူထားသည့် အချိန်နှစ်နာရီအတွင်း လူနာ ၂ဝ ဦးမှ ၅ဝ ဦးအထိ လက်ခံပေးသည်။ တစ်နာရီလျှင် လူနာ ၁ဝ ဦးကြည့်ရှုကုသပေးသည်ဆိုလျှင် လူနာတစ်ဦးလျှင် ၆ မိနစ်သာအချိန်ပေးသည့်သဘောပင် ဖြစ်သည်။
အထူးကုနှင့်သာပြလိုသည်ဟူသော အချို့လူနာများ ကြောင့်လည်း အမှန်တကယ် အထူးကုနှင့်ကုသရန်လိုသည့် လူ နာများမှာ မလိုအပ်ဘဲစောင့်ဆိုင်းရသည်ဟု အရိုးအထူးကုဆရာ ဝန်ကြီး ပါမောက္ခ ဒေါက်တာမြတ်လွင်က ပြောသည်။ ဆိုလိုသည် မှာ လူနာအများစုက မိမိတို့၏စိုးရိမ်စိတ်များကြောင့် သာမန်ဖျား နာမှု၊ ခေါင်းကိုက်၊ ဗိုက်အောင့် စသည့်အခြေအနေများ၌ပင် အထူးကုဆရာဝန်များထံ ပြုံတိုးနေကြသည့်အတွက် အမှန်တကယ် ကုသရန်လိုအပ်သူများအတွက် အချိန်ကြန့်ကြာနေရကြောင်း ပါမောက္ခဒေါက်တာမြတ်လွင်က ရှင်းပြသည်။
”ပြောချင်တာကဗျာ၊ ရောက်လာတဲ့လူနာတိုင်း အထူးကု နဲ့ ပြရမယ်ဆိုတာက ဟုတ်မှမဟုတ်ဘဲ”ဟု ဒေါက်တာမြတ်လွင်က မှတ်ချက်ပေးသည်။
သို့အတွက်လည်း လက်ရှိအခြေအနေကဲ့သို့ လူနာများ အကန့်အသတ်မဲ့ ဆေးကုသမှုရရှိနေခြင်းကို စနစ်တစ်ခုအတွင်း သွတ်သွင်းရန်လိုအပ်မည်ဟု သူကအကြံပြု၏။
ဆိုလိုသည်မှာ ဆေးရုံ၊ ဆေးခန်းသို့ ရောက်ရှိလာသည့် လူနာများအား သူတို့စိတ်ကြိုက် အထူးကုဆရာဝန်ကို ရွေးချယ် ဆေးကုသခွင့်ပေးခြင်းမျိုးမဟုတ်ဘဲ လိုအပ်သလို ပဏာမစစ် ဆေးစမ်းသပ်မှု လုပ်ဆောင်ပေးမည့်ဌာနများထားရှိကာ ထို လူနာ၏ကျန်းမာရေးအခြေအနေပေါ်မူတည်၍ မည်သည့်ဌာန၊ မည်သည့်အထူးကုနှင့်ပြသရန်လိုအပ်သည်ဆိုသည်ကို ခွဲခြား ပေးခြင်းဖြစ်၏။ ထိုသို့လုပ်ဆောင်ခြင်းဖြင့် လူနာအမျိုးအစားနှင့် ရောဂါအခြေအနေကို ခွဲခြား ပြီးဖြစ်သည့်အတွက် ပြုံတိုးစောင့် ဆိုင်းရမှုလည်း နည်းသွားနိုင်မည်ဟု သူကသုံးသပ်သည်။
ရန်ကုန်တိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှ လက် ထောက်òန်ကြားရေးမှူး ဦးသန့်ဇင်ကတော့ ပုဂ္ဂလိကဆေးရုံ များသည် စီးပွားရေးဆန်ဆန်ဆောင်ရွက်နေကြသည့်အတွက် ထိုဆေးရုံ၊ ဆေးခန်းများကို ကန့်သတ်ဖို့မလိုအပ်ဘဲ လူနာများမှာ လည်း ကောင်းမွန်သောကျန်းမာရေးစနစ်ကို ရွေးချယ်ဖို့ အခွင့် အရေးရှိသည်ဟု သူ့အမြင်ကို ယခုလိုပြောပြသည်။
”လူနာတွေ ပြချင်သလိုပြတယ်ဆိုတာကတော့ သူတို့ အခွင့်အရေးပဲလေ”
ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများနှင့် ပတ်သက်ပြီး မည်ကဲ့သို့ ကြပ်မတ်ဆောင်ရွက်ရန်ရှိပါသနည်းဟူသော မော်ကွန်း၏ အမေး ကို ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌနှင့် လူမှုရေးဝန် ကြီး ဦးနိုင်ငံလင်းကတော့ ယခုလို ပြောပါသည်။
”ပုဂ္ဂလိကကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေဟာ ဟိုးအရင်နှစ်တွေကတည်းက ရှိနေခဲ့တာဖြစ်တဲ့အတွက် စနစ် တစ်ခုအတွင်းမှာ အသားကျနေခဲ့ပါပြီ။ ဒါကို ကျွန်တော်တို့က ပြောင်းလဲလုပ်ဆောင်ဖို့ဆိုတာက ဘာကြောင့်ဘယ်လိုဆိုတဲ့ အခြေခံအကြောင်းရင်းတွေကို လေ့လာရပါဦးမယ်”
ထိုသို့ လေ့လာစမ်းစစ်ပြီး ရရှိလာသည့်အချက်အလက် များပေါ်မူတည်ကာ မည်သို့ဆောင်ရွက်လျှင်ပြည်သူလူထု အတွက် ပို၍အဆင်ပြေနိုင်မည်ဆိုသည့်အချက်ကို အဓိကထည့် သွင်းစဉ်းစားကာ ”အကောင်းဆုံးဖြစ်တဲ့အထိ ဆောင်ရွက်ဖို့ ဆန္ဒရှိပါတယ်” ဟု ဦးနိုင်ငံလင်းကဆို၏။

ဘယ်လိုဖြေရှင်းမလဲ
လူနာများအနေနှင့် ဆေးရုံ၊ ဆေးခန်းများရှေ့ ပြုံတိုးစောင့် ဆိုင်းရမှုများသည် ဘာသာရပ်အလိုက် ကျွမ်းကျင်ဆရာဝန်များ (အထူးကု) နည်းပါးနေ၍ဖြစ်သည်ဟု မော်ကွန်းက ချဉ်းကပ်ခဲ့ သည့်ဆေးပညာဆိုင်ရာ သတင်းရင်းမြစ်များက မှတ်ချက်ပေး ပါသည်။
ရန်ကုန်ဆေးရုံကြီးအရေးပေါ်ဌာန တာဝန်ခံဆရာဝန်ကြီး ဒေါက်တာမော်မော်ဦးကတော့ အထူးကုများ မွေးထုတ်ပေးနေ သည့်နည်းတူ လတ်တလောအခြေအနေတွင် အထူးကုဆရာဝန် များနီးပါး ကုသပေးနိုင်သော အထွေထွေအရေးပေါ် ခွဲစိတ်ကုသဘာသာရပ်အားသင်ကြားပေးသည့် ဘွဲ့လွန်သင်တန်းတွေများ များ ခေါ်ယူဖို့လိုအပ်သည်ဟု သူ့အယူအဆအား ပြော၏။
ဘွဲ့လွန်သင်တန်းမှာ နှစ်နှစ်သာတက်ရပြီး အထူးကုဆရာ ဝန်များကဲ့သို့ ဘာသာရပ်တစ်ခုအား စူးစိုက်သင်ယူထားသည့် အတွက် ကျွမ်းကျင်စွာကုသနိုင်မည်ဟု သူကဆိုပါသည်။
ပါမောက္ခချုပ်ဒေါက်တာဇော်ဝေစိုးကလည်း လက်ရှိတွင် ဆေးတက္ကသိုလ် (၁) ၌ ထိုသို့သောဘွဲ့လွန်သင်တန်းသား ပထမ နှစ်နှင့် ဒုတိယနှစ် နှစ်ခုပေါင်း ၅၆ ဦးကို သင်ကြားပေးလျက် ရှိသည်ဟုဆိုသည်။ ယင်းသို့သော ဘွဲ့လွန်သင်တန်းများပေးရာ တွင် လုပ်သက်တစ်နှစ်ရှိဝန်ထမ်းများနှင့် အစိုးရဝန်ထမ်း မဟုတ် သော ဆရာဝန်များကိုပါ တက်ရောက်ခွင့်ပေးထားသည်ဟု သူက ပြော၏။
အမေရိကန်ပြည်ထောင်စု၊ မတ်ဆာချူးဆက်ပြည်နယ်၊ ဘော်စတွန်မြို့ရှိ Tufts ဆေးတက္ကသိုလ်၊ ပြည်သူ့ကျန်းမာရေးဌာန ၏ အဝေးရောက်ပါမောက္ခတစ်ဦးဖြစ်သူ ဒေါက်တာမြင့်ဦးက ”အဲဒီလိုဆရာဝန်(အထွေထွေရောဂါကု)တွေကို မွမ်းမံသင်တန်း တွေ ထပ်ပေးမယ်၊ အရည်အချင်းပြည့်မီအောင်လည်း အသေ အချာလုပ်ပေးမယ်ဆိုရင် ကျွန်တော်တို့နိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှုက ဦးမော့လာမှာပဲ”ဟု ပြောသည်။
ထို့အပြင် ပြည်ပနိုင်ငံများနှင့် ဆေးပညာဆိုင်ရာများကို အပြန်အလှန်လေ့လာနိုင်မည့် အစီအစဉ်များ၊ ပညာတော်သင် များစေလွှတ်ခြင်းစသည်တို့ကို ယခုထက်ပို၍ အားပေးဆောင် ရွက်သင့်သည်ဟု သူက ထောက်ပြသည်။
ထို့အပြင် အစိုးရဝန်ထမ်းဆရာဝန်များအား လစာငွေများ ကို လောက်ငမှုရှိသည်အထိ တိုးပေးသင့်သည်ဟုလည်း သူက အကြံပြု၏။ လစာလုံလောက်မှုမရှိပါက ဝန်ထမ်းအလုပ်ကိုစွန့်ကာ ကိုယ်ပိုင်ဆေးခန်းများဖွင့်၍ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု စနစ်၏အပြင်ဘက်သို့ ရောက်ရှိသူများလာနိုင်သည်ဟု ဒေါက် တာမြင့်ဦးက ဆိုသည်။ ပြောလိုသည်မှာ အစိုးရဝန်ထမ်းအဖြစ် မဆောင်ရွက်တော့ဘဲ ကိုယ်ပိုင်ဆေးခန်းဖွင့်ခြင်း၊ ဆရာဝန်မလုပ် ဘဲအခြားကိုယ်ပိုင်လုပ်ငန်းတစ်ခုခုအတွင်းသို့ ရောက်ရှိသွားနိုင် သည်ဟု သူကရှင်းပြ၏။
”စနစ်ကြီးတစ်ခုလုံးကို ပြန်ပြင်တယ်ဆိုတာက ရက်တစ် ရာနဲ့လည်းမရသလို တစ်နှစ်၊ နှစ်နှစ်နဲ့လည်း လုပ်လို့မရဘူး။ အချိန် လေးငါးဆယ်နှစ်ကြာနိုင်တယ်” ဟု သူက ဆိုသည်။
လက်ရှိအထူးကုဆရာဝန်များ၏ လစာနှုန်းထားများမှာ ပါမောက္ခရာထူး ၃၈ဝ,ဝဝဝ ကျပ်၊ အထူးကုဆရာဝန်ကြီး ၃၂ဝ,ဝဝဝ ကျပ်၊ လက်ထောက်ဆရာဝန်(အထူးကု) ၂၈ဝ,ဝဝဝ ကျပ် အသီးသီးဖြစ်၏။
ပါမောက္ခချုပ်ဒေါက်တာဇော်ဝေစိုးကတော့ ဆေးတက္ကသိုလ် များအနေနှင့် ဘာသာရပ်အလိုက် အထူးကုဆရာဝန်များ လုံလုံ လောက်လောက်မွေးထုတ်ပေးနိုင်ရန် အဆောက်အအုံပိုင်းဆိုင် ရာ၊ သင်ကြားမည့် ဘာသာရပ်အလိုက်ဆရာများကို တတ်နိုင် သမျှ ပြင်ဆင်ထားပြီဟုဆိုသည်။
လက်ရှိ ပညာရေးဥပဒေကိုပြင်ဆင်ရေးဆွဲထားပြီး ၂ဝ၁၄ အမျိုးသားပညာရေးဥပဒေတွင် တက္ကသိုလ်ဝင်တန်း အောင်မြင် ပြီးသူများသည် မိမိကြိုက်နှစ်သက်သည့်ဘာသာရပ်ကို အမှတ် စာရင်းမလိုဘဲ လျှောက်ထားခွင့်ရှိလာမည်ဖြစ်သည်။
ထိုဥပဒေသစ်တွင် လက်ရှိကျင့်သုံးနေသည့် ဆေးတက္ကသိုလ် ဝင်ခွင့်ကို အမှတ်စာရင်းပေါ် မူတည်ကာ ခေါ်ယူတော့မည်မဟုတ် ဘဲ ဝင်ခွင့်စစ်ဆေးမှုများကို စာတွေ့၊ လက်တွေ့ဖြေဆိုခြင်းဖြင့် သတ်မှတ်စံနှုန်းနှင့် အညီဖြစ်လျှင် တက်ရောက်ခွင့်ရှိမည့် ပုံစံဖြစ်သော ကြောင့် ဆရာဝန်များများ ပေါ်ထွက်လာရန် မျှော်လင့်ရနိုင်သည်ဟု ပါမောက္ခ ချုပ် ဒေါက်တာဇော်ဝေစိုး က ပြောသည်။
သူက ”ကျောင်းတွေအနေနဲ့ ကတော့ အဲဒီဥပဒေတွေနဲ့ ပြောင်းလဲ ဆောင်ရွက်နိုင်အောင်လို့ ကြိုတင်ပြင် ဆင်မှုတွေ လုပ်နေပါတယ်။ နောက် တစ်ခုက နိုင်ငံတကာမှာလည်း ကျွန် တော်တို့လို အမှတ်စာရင်း ကြည့်ပြီး လက်ခံတဲ့စနစ် ဘယ်နိုင်ငံမှာမှ မရှိပါ ဘူး”ဟု ဆိုပါ၏။
သို့သော်လည်း ထိုသို့ဆောင် ရွက်နိုင်ရန် အမျိုးသားပညာ ရေးနည်း ဥပဒေ ထွက်မလာသေးပေ။ ထိုဥပဒေ အသုံးပြု၍ မရသေးသည့်အတွက် ဆရာဝန်အင်အားတိုးတက်လာစေ ရေးကို တစ်စိတ်တစ်ပိုင်း အဟန့်အတားဖြစ်စေသည်ဟု ပါမောက္ခ ချုပ် ဒေါက်တာဇော်ဝေစိုးက ရှင်းပြပါသည်။
လက်ရှိအချိန်တွင်တော့ အထူးကုဆရာဝန်နည်းပါးမှု၊ လူ နာကိုအချိန်မပေးနိုင်မှု စသည်တို့က ကျန်းမာရေးစောင့်ရှောက်မှု အတွင်း စိန်ခေါ်ချက်တစ်ရပ်အနေနှင့် ရှိနေဆဲဟု ဒေါက်တာမြင့်ဦး က သုံးသပ်သည်။
ထိုသို့သော အခြေအနေများကြောင့်လည်း မန္တလေးမြို့မှ ဒေါ်ညိုထွေးဆိုလျှင် အသက်သာပေးလိုက်ရသည်၊ ရောဂါအမျိုး အမည်ပင် မသိလိုက်ရပါ။ ယင်းနှင့်ပတ်သက်ပြီး သူ၏သား ကိုဝင်းနိုင်ဦးကတော့ ယခုကဲ့သို့ ရင်ဖွင့်၏။
”လူနာတွေဟာ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ထဲက အစမ်းသပ်ခံတွေတော့ မဖြစ်စေချင်ပါဘူး”။ ။
၂၀၁၆-အောက်တိုဘာလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၃၉)မှ သတင်းဆောင်းပါး ဖြစ်ပါသည်။
မင်းလွင် ရေးသည်။