ရန်ကုန်-၂၀၂၅ ဇွန် ၆ (မော်ကွန်း)
စစ်တပ်အာဏာသိမ်းထားတဲ့ လေးနှစ်ကျော်အတွင်း အလုပ်သမားတွေရဲ့ ရှင်သန်နေထိုင်မှုစရိတ် ၅၀ ရာခိုင်နှုန်းကျော် ထိုးတက်လာပေမယ့် လုပ်ခလစာ တိုးမလာဘူးလို့ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်(UNDP) က ဒီကနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ သတိပေးပါတယ်။
‘ရုန်းကန်ခြင်းနှင့်မျှော်လင့်ခြင်းကြားကစက်ချုပ်ရာများ’လို့ အမည်ပေးထားတဲ့ ဒီအစီရင်ခံစာမှာ ရန်ကုန်နဲ့ပဲခူးတိုင်းထဲက အထည်ချုပ်နဲ့ လူ့အသုံးအဆောင်ပစ္စည်းချုပ်လုပ်မှု လုပ်သားတွေကို စစ်တမ်းကောက်ယူပြီး လူမှုဘဝ အခြေအနေတွေကို ဒီအစီရင်ခံစာမှာ UNDP က ဖော်ပြထားတာ ဖြစ်ပါတယ်။
စစ်တမ်းရဲ့ အဓိကဆန်းစစ်မှုအဖြစ် လုပ်ခလစာ လုံလောက်မှု ရှိ၊ မရှိကို ဖော်ထုတ်ထားတယ်လို့ ဖော်ပြပါတယ်။
စံသတ်မှတ်ထားတဲ့ အနိမ့်ဆုံးသုံးစွဲငွေစံနှုန်း(Minimum Expenditure Basket- MEB)ထက်တောင် မြန်မာအလုပ်သမားတွေရဲ့ ဝင်ငွေက နည်းနေတယ်လို့ UNDP က သတိပေးပါတယ်။ အလုပ်သမားတွေရဲ့ နေ့စဉ်အခြေခံဝင်ငွေဟာ ၁၁,၀၀၀ နဲ့ ၂၅,၆၀၀ ကျပ်ကြား ရှိသင့်တယ်လို့ အစီရင်ခံစာက တိုက်တွန်းပါတယ်။ တစ်ရက် လုပ်ခ ၂၅,၆၀၀ ကျပ် သတ်မှတ်နိုင်ရင် အနိမ့်ဆုံး သုံးစွဲငွေစံနှုန်းနဲ့ လက်ရှိအခြေခံလစာကြားကွာဟမှုကို ဖျောက်ပစ်နိုင်မယ်လို့ UNDP က ဆိုပါတယ်။
လက်ရှိ အလုပ်သမားတွေအတွက် ဥပဒေအရ သတ်မှတ်ထားတာက တစ်ရက် အလုပ်ချိန် ရှစ်နာရီအတွက် ၄,၈၀၀ ကျပ်ပါ။ ဒီပမာဏကို စစ်တပ်က အာဏာသိမ်းပြီးနောက် အမိန့်နဲ့ ၁,၀၀၀ ကျပ် ထပ်ဆောင်းဖြည့်ထားပေးပေမယ့် ထိုးတက်နေတဲ့ ကုန်ဈေးနှုန်းကြောင့် အလုပ်သမားတွေဟာ ဝင်ငွေ၊ ထွက်ငွေ မလုံလောက်ဘူးလို့ အလုပ်သမားအရေး ကူညီသူတွေကလည်း ပြောပါတယ်။
စစ်တမ်းဖြေဆိုသူ အလုပ်သမားတွေရဲ့ ထက်ဝက်ကျော်ဟာ တစ်ရက် ၁၂ နာရီခန့်အထိ အလုပ်လုပ်နေကြရပြီး တချို့အခြေအနေတွေမှာ ၂၁ နာရီအထိ လုပ်ကြရတဲ့အခါတွေတောင်ရှိတယ်လို့ UNDP က သတိပေးပါတယ်။ ဒီလို အလုပ်လုပ် ကြရတဲ့အတွက် နောက်ဆက်တွဲ ကျန်းမာရေးနဲ့ လုပ်ငန်းခွင်ဆိုင်ရာ ပြသနာတွေနဲ့လည်း ရင်ဆိုင်နေကြရတယ်လို့ ဖော်ပြပါတယ်။
စစ်တမ်းဖြေဆိုသူထဲက ၅၉ ရာခိုင်နှုန်းဟာ ရုပ်ပိုင်းဆိုင်ရာချိုယွင်းမှုတွေကို ခံစားနေကြရသလို ၅၈ ရာခိုင်နှုန်းက စိတ်ဖိစီးမှုတွေကို ခံစားနေကြရတယ်လို့ UNDP က သတိပေးပါတယ်။ ဒါအပြင် ဖြေဆိုသူ ၂၀ ရာခိုင်နှုန်းမှာ အသက်ရှု လမ်းကြောင်းဆိုင်ရာ ပြသနာကို ရင်ဆိုင်နေရပြီး ၃၅ ရာခိုင်နှုန်းကတော့ အမြင်အာရုံထိခိုက်မှုတွေ ကြုံတွေ့ခံစားနေရတယ်လို့ ဆိုပါတယ်။
စစ်တမ်းဖြေကြတဲ့ အလုပ်သမား ငါးဦးမှာ တစ်ဦးဟာ လုပ်ခလစာနည်းပါးမှု၊ အလုပ်လုပ်ချိန်ရှည်ကြာမှုနဲ့ အလုပ်အကိုင်အခွင့် အလမ်းနည်းပါးမှုတွေကြောင့် ပြည်ပကို ပြောင်းရွှေ့ထွက်ခွာဖို့ စဉ်းစားနေကြတယ်လို့ UNDP က သတိပေးပါတယ်။
စစ်တမ်းပါဝင်ဖြေဆိုသူ အလုပ်သမားအများစုဟာ တစ်လပျမ်းမျှဝင်ငွေ ကျပ်သုံးသိန်းခွဲ(အမေရိကန်ဒေါ်လာ တစ်ရာအောက် ဝင်ငွေ)သာ ရရှိကြပြီး ဖြေဆိုသူတွေရဲ့ ခုနှစ်ရာခိုင်နှုန်းကသာ အမေရိကန်ဒေါ်လာတစ်ရာအထက် ရရှိကြတယ်လို့ ဖော်ပြ ပါတယ်။
အလုပ်သမားအများစုဟာ ဆင်းရဲမှုမျဉ်းအောက်မှာ နေထိုင် ရှင်သန်နေကြရတယ်လို့ အစီရင်ခံစာက သတိပေးပါတယ်။
ဒီအစီရင်ခံစာအတွက် စစ်တမ်းမှာ ပါဝင်ဖြေဆိုကြတဲ့ အလုပ်သမားတွေရဲ့ ၉၆ ရာခိုင်နှုန်းက အလုပ်သမားအခွင့်အရေးကို ပိုမို ကာကွယ်ပေးဖို့နဲ့ လုပ်ငန်းခွင့်အခြေအနေတွေ ပိုတိုးတက်ကောင်းမွန်လာဖို့ လိုလားနေကြတယ်လို့ UNDP ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
ကုလသမဂ္ဂရဲ့ အထင်ကရအဖွဲ့အစည်းတစ်ခုက မြန်မာနိုင်ငံမှာ အလုပ်သမားတွေရဲ့ ဘဝအခြေအနေ ဆိုးရွားမှုတွေအကြောင်း အစီရင်ခံစာထွက်ပေါ်လာတာနဲ့အတူ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ်(ILO)ဟာလည်း မြန်မာနိုင်ငံကို အရေးယူဖို့ မနေ့တုန်းက ကျင်းပတဲ့ အစည်းအဝေးမှာ ဆုံးဖြတ်ထားပါတယ်။
အာဏာသိမ်းတာ လေးနှစ်ကျော်လာသလို နိုင်ငံအနှံ့ လူ့အခွင့်အရေးချိုးဖောက်မှု၊ စစ်ရာဇဝတ်မှုတွေနဲ့ လုံးပမ်းနေရတဲ့ စစ်ကောင်စီကို အလုပ်သမားအခွင့်အရေးချိုးဖောက်မှု၊ အဓမ္မစစ်သားစုဆောင်းမှုတွေကြောင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်(ILO) က ပုဒ်မ-၃၃ အရ အရေးယူဖို့ မနေ့တုန်းက ဆွတ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာကျင်းပတဲ့ ၁၁၃ ကြိမ်မြောက် ညီလာခံမှာ ဆုံးဖြတ်ခဲ့ကြပါတယ်။
ဒီဆုံးဖြတ်ချက်ကြောင့် စစ်ကောင်စီဟာ နိုင်ငံတကာ အရေးယူဒဏ်ခတ်ပိတ်ဆို့မှုတွေကို ယခုထက်ပိုမို ဆိုးရွားစွာရင်ဆိုင်ရဖို့ရှိပြီး ရှိနှင့်နေတဲ့ နိုင်ငံတကာရင်းနှီးမြုပ်နှံမှုတွေလည်း နိုင်ငံတွင်းက ထွက်ခွာသွားဖို့ ရှိမယ်လို့ အလုပ်မသားအရေးဆောင်ရွက်သူတွေက ပြောကြပါတယ်။
မြန်မာနိုင်ငံမှာ အလုပ်သမားတွေရဲ့ လုပ်ခလစာသတ်မှတ်မှုကို အနည်းဆုံးအခကြေးငွေဥပဒေနဲ့ ပြဌာန်း သတ်မှတ်ထားပြီး ထိုဥပဒေအရ နှစ်နှစ်တစ်ကြိမ် အလုပ်သမားလုပ်ခလစာတွေကို အစိုးရက ပြန်လည်သတ်မှတ်ညှိနှိုင်းပြီး သင့်လျော်တဲ့ နှုန်းထားကို ပြင်ဆင်ပေးရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အာဏာသိမ်းခံခဲ့ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရခေတ်ကတည်းက ဥပဒေအရ အလုပ်သမားရပိုင်ခွင့်တွေကို လျစ်လျူရှု့ခံခဲ့ရတာဖြစ်ပြီး စစ်တပ်အာဏာသိမ်း လိုက်တဲ့နောက် ပိုမိုဆိုးရွားသွားတယ်လို့ အလုပ်သမားအရေးကူညီသူတွေက ပြောကြပါတယ်။
ပုံစာ- ရန်ကုန်စက်မှုဇုန်တစ်ခုက အထည်ချုပ်လုပ်ငန်းခွင်တစ်ခုမြင်ကွင်း။
ဓါတ်ပုံ- မော်ကွန်း

